မြန်မာပြည် လက်နက်ကိုင်တော်လှန်ရေးသမိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုသည်မှာ အသစ်အဆန်း မဟုတ်ပေ။ ဆီသည်မ လက်သုတ်ကဲ့သို့ ညစ်ထေးနေသည့် အရာတခုဖြစ်၏။ ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုသည်နှင့် ဦးစွာကြားရမည့် အချက်မှာ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေးနှင့် လက်နက်ချရေးဖြစ်သည်။
ဖဆပလ ခေတ်
ဤအချက်သည် ယခုမှကြားရသည့် အချက်အလက် မဟုတ်ပေ။ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်စပြီး မကြာခင်ကတည်းက ကြားရသည့် စကားလုံးဖြစ်၏။
ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အစိုးရခေတ်တလျှောက်လုံးတွင် လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရန်၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန်၊ လက်နက်ချ အလင်းဝင်ရန်ဟူသည့် ကြွေးကြော်သံအမျိုးမျိုးနှင့် ကြွေးကြော်ခဲ့သည်ကို တွေ့ရ၏။
ထိုစဉ်ကတည်းက တွေ့ရသည့်အချက်မှာ ငြိမ်းချမ်းရေးဆိုသည်မှာ နိုင်ငံရေးအရ ဖြေရှင်းရမည့် ပြဿနာတရပ် မဟုတ်ဘဲ လက်နက်ကိုင်ပုန်ကန်မှုများကို နှိမ်နင်းရန်၊ လက်နက်ကိုင်ပုန်ကန်သူများ လက်နက်စွန့်အတွက် နည်းပရိယာယ်တရပ်အဖြစ် ကျင့်သုံးခြင်းဖြစ်သည်ကို တွေ့မြင်ရ၏။
ထိုစဉ်ကတည်းက တွေ့ရသည့်အချက်မှာ ငြိမ်းချမ်းရေးဆိုသည်မှာ နိုင်ငံရေးအရ ဖြေရှင်းရမည့် ပြဿနာတရပ် မဟုတ်ဘဲ လက်နက်ကိုင်ပုန်ကန်မှုများကို နှိမ်နင်းရန်၊ လက်နက်ကိုင်ပုန်ကန်သူများ လက်နက်စွန့်အတွက် နည်းပရိယာယ်တရပ်အဖြစ် ကျင့်သုံးခြင်းဖြစ်သည်ကို တွေ့မြင်ရ၏။
မဆလ ခေတ်
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၁၉၈၈ အထိ တွေ့ရသည်မှာ လက်နက်ကိုင်သောင်းကျန်းမှု အမြစ်ပြတ်ချေမှုန်းရေးနှင့် အလင်းဝင်ရေးသာဖြစ်ခဲ့၏။ ဗိုလ်နေဝင်းခေတ် ၁၉၆၃၊ ၁၉၈၀၊ ၁၉၈၁ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် လွတ်ငြိမ်းချမ်းသာခွင့်များသည် လက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်စွန့်ရေးသာ ဖြစ်သည်။
နဝတ၊ နအဖ ခေတ်
တဖန် ၁၉၈၈ မှ ၂၀၁၀ အထိ နဝတ၊ နအဖ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုသည်ကို ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းကာလတွင် ပြည်မ ဒီမိုကရက်တစ်အင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများကြား ခွဲထုတ်နိုင်ရန် ကျင့်သုံးသည်ကို တွေ့ရသည်။
အထူးသဖြင့် ၁၉၈၈ ခုနှစ် ပြည်တွင်း ပြည်ပ နိုင်ငံရေးအကျပ်အတည်းရင်ဆိုင်ရချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အတော်များများနှင့် ငြိမ်းချမ်းရေးယူသည်ဟူသည့် ခေါင်းစဉ်အောက်တွင် အပစ်ရပ်၍ တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်သည့် တောင်တန်းဒေသများကို အထူးဒေသများအဖြစ် အသိအမှတ်ပြုပေးခဲ့သည်။
အထူးဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်များ ရပ်တည်ခွင့်၊ ကိုယ်နယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့်များကို အသိအမှတ်ပြုခဲ့သည့်အပြင် စီးပွားရေးအခွင့်အလမ်းများလည်း ပေးခဲ့၏။ ဤသို့ကျင့်သုံးရာတွင် လက်နက်ကိုင်တဖွဲ့ချင်းကို ခွဲထုတ်ပြီး ဆွေးနွေးသည့်ပုံစံဖြင့် ကျင့်သုံးခဲ့၏။
ထိုသို့ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အပစ်ရပ်ထားသည့်ကာလတွင် ပြည်မ ဒီမိုကရက်တစ်များ၊ ထိုအင်အားစုများနှင့် ပူးပေါင်းသည့် တိုင်းရင်းသားအဖွဲ့များအား အလေးထားပြီး နှိမ်နင်းရန် ကြိုးစားခဲ့သည်။ စစ်တပ်သည် ပြည်မ ဒီမိုကရက်တစ်များနှင့် နိုင်ငံရေးအရ ဖြေရှင်းရန် ကြိုးစားသည်ကို မတွေ့ရခဲ့ပေ။ တဖက်တွင်လည်း စစ်တပ်သည် အပစ်ရပ်ထားသည့်အဖွဲ့များနှင့် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမှု မပြုလုပ်ခဲ့ပေ။ အပစ်ရပ်ကာလ အနည်းဆုံး ၁၅ နှစ်ခန့်ရှိသည့်ကာလအတွင်း စီးပွားရေးမက်လုံးပေးပြီး တိုင်းရင်းသားအဖွဲ့များ ဖြိုခွဲရေးကို ဦးစားပေးခဲ့သည်။
အမျိုးသားညီလာခံဆိုသည်မှာလည်း တိုင်းရင်းသားများ၏ သဘောထားကို နားထောင်ယူပြီး ညှိနှိုင်ဖြေရှင်းရန် ရည်ရွယ်ချက်ထား လုပ်ဆောင်သည်ထက် စစ်တပ်၏သဘောထားကို လက်ခံရန် ဖိအားပေးခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် လက်မခံသူများကိုလည်း အင်အားသုံး ဖြေရှင်းသည်ကို တွေ့ရသည်။
အမျိုးသားညီလာခံဆိုသည်မှာလည်း တိုင်းရင်းသားများ၏ သဘောထားကို နားထောင်ယူပြီး ညှိနှိုင်ဖြေရှင်းရန် ရည်ရွယ်ချက်ထား လုပ်ဆောင်သည်ထက် စစ်တပ်၏သဘောထားကို လက်ခံရန် ဖိအားပေးခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် လက်မခံသူများကိုလည်း အင်အားသုံး ဖြေရှင်းသည်ကို တွေ့ရသည်။
အဆိုပါ တိုင်းရင်းသားအဖွဲ့များနှင့် အပစ်ရပ်သည့်ကာလမှာ အနည်ဆုံး ၁၅ နှစ်နှင့်အထက် ကြာခဲ့သည်။ အဆိုပါကာလအတွင်း အချို့အဖွဲ့များကို ဖြိုခွဲနိုင်ပြီး အချို့အဖွဲ့များကို စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်အဖြစ် သိမ်းသွင်းနိုင်ခဲ့၏။
သို့သော် နိုင်ငံရေးနှင့်စစ်ရေးအရ ခိုင်မာသည့် တိုင်းရင်းသားအဖွဲ့များအား ဖြေရှင်း၍ မရခဲ့ပါ။ ၂၀၀၉ ခုနှစ်နောက်ပိုင်း လက်နက်ဖြုတ်ရန် သို့မဟုတ် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် လက်မခံသည့်အဖွဲ့များနှင့် ပြန်လည်တင်းမာခဲ့သည်။
၁၉၈၉ ခုနှစ်မှစ၍ ငြိမ်းချမ်းရေးယူခဲ့သော တိုင်းရင်းသားအဖွဲ့များမှ စစ်တပ်၏ သဘောထားကို လက်မခံသည့် အဖွဲ့များအနက် စစ်အင်အားတောင့်တင်းသည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) မိုင်းလားကဲ့သို့ အဖွဲ့များကို စစ်တပ်က ဖြဲခြောက်ခဲ့သေးသော်လည်း လက်တွေ့တိုက်ခိုက်ပါက အရှုံး အနိုင် မသေချာသည့်အပြင် စစ်တပ်ဘက်ကလည်း အသေအပျောက် အဆုံးအရှုံးများမည်မှာ သေချာသလောက်ရှိနေသဖြင့် မတိုက်ရဲဘဲနောက် ဆုတ်သွား၏။
သို့သော် UWSA လောက် မတောင့်တင်းဘဲ စစ်တပ်က တိုက်၍ နိုင်လောက်မည်ဟု ယူဆသည့် တပ်ဖွဲ့များကို ၂၀၀၉ ခုနှစ်မှ စတင်ပြီး ပြန်လည် တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ ၂၀၀၉ ခုနှစ်တွင် အရင်ဆုံးတိုက်ခဲ့သည်မှာ ၁၉၈၉ ခုနှစ်က စစ်တပ်နှင့် အစောဆုံး အပစ်ရပ် ငြိမ်းချမ်းရေးယူခဲ့သည့် ကိုးကန့်အဖွဲ့နှင့်ဖြစ်သည်။
သို့နှင့် ၁၉၈၉ ခုနှစ်မှစ၍ အပစ်ရပ် ငြိမ်းချမ်းရေးယူခဲ့သည့် အဖွဲ့များနှင့် တကျော့ပြန် ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

၂၀၀၈ အခြေခံဥပဒေခေတ်
၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်းရေးဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကြေညာချက်ထုတ်ခဲ့၏။ ဤကာလအား ပြုပြင်ပြောင်းလဲရေးကာလဟု ဆိုကြပြီး ပုံသဏ္ဍာန်အရ ထူးခြားချက်ရှိ၏။
ပုံသဏ္ဍာန်ထူးခြားချက်ဟု ဆိုရသည့် တချက်မှာ အချို့အဖွဲ့က အပစ်ရပ်ထားသော်လည်း တချို့အဖွဲ့က တဖက်တွင် စစ်တိုက်နေပြီး တဖက်က ငြိမ်းချမ်းရေးဆွေးနွေးနေခြင်း ဖြစ်သည်။ ဒုတိယ တချက်မှာ တိုင်းရင်းသားအဖွဲ့များက တပ်ပေါင်းစုဖွဲ့ပြီး ဆွေးနွေးနိုင်ခြင်းဖြစ်၏။
သို့သော် အနှစ်သာရအားဖြင့် မပြောင်းလဲသည်မှာ လက်နက်စွန့်ရေး၊ လက်နက်ဖြုတ်ရေးဖြစ်သည်။ ထိုစဉ်က မကြီးထွားသေးသည့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့အား လက်နက်ကိုင်လမ်းစဉ် စွန့်ရေး၊ လက်နက်စွန့်ရေးကို အတိအလင်း တောင်းဆိုခဲ့ပြီး လက်မခံသည့်အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင်၊ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ပါဝင်ခွင့်ပြုရန်ပင် ငြင်းပယ်ခဲ့သည်ကို တွေ့နိုင်သည်။
သို့သော် အနှစ်သာရအားဖြင့် မပြောင်းလဲသည်မှာ လက်နက်စွန့်ရေး၊ လက်နက်ဖြုတ်ရေးဖြစ်သည်။ ထိုစဉ်က မကြီးထွားသေးသည့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့အား လက်နက်ကိုင်လမ်းစဉ် စွန့်ရေး၊ လက်နက်စွန့်ရေးကို အတိအလင်း တောင်းဆိုခဲ့ပြီး လက်မခံသည့်အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင်၊ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ပါဝင်ခွင့်ပြုရန်ပင် ငြင်းပယ်ခဲ့သည်ကို တွေ့နိုင်သည်။
ကျန် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးရာတွင်လည်း စစ်တပ်က ဦးစားပေးသည်မှာ လက်နက်စွန့်ရေး၊ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အဖြစ် ဖွဲ့စည်းရေးဖြစ်၏။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးနှင့် ပတ်သက်လျှင်မူ တိုင်းရင်းသားအဖွဲ့များ ဆွေးနွေးသမျှ ပယ်ချပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရေးသာဖြစ်သည်။
နောက်ပိုင်း ၂၀၀၈ အခြေခံဥပဒေပါ အရေးမကြီးသည့် ပုဒ်မအချို့ကို ပြင်ပေးမည်ဟုဆိုသော်လည်း လက်တွေ့တွင် ပြင်ဆင်ရန် အချိန်ဆွဲနေသည့်အပြင် အခြေခံဥပဒေကို မူအရ ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်။
ထို့ပြင် စစ်တပ်သည် ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း တဖက်ကလည်း စစ်ရေးထိုးစစ်များကို ရပ်တန့်ခြင်း မရှိပေ။ စစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့၏။ လက်နက်စွန့်ရန် တောင်းဆိုခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ရန် စစ်တပ်က ငြင်းပယ်ခဲ့သည့် အာရက္ခတပ်တော် (AA) အခြေပြုရာ ရခိုင်တွင် ၂၀၁၉ ခုနှစ်မှစ၍ ပိုမိုကြီးမားသည့် စစ်ပွဲများ တွေ့မြင်ခဲ့ရသည်။
နွေဦးတော်လှန်ရေးခေတ်
၂၀၁၁ မှ ၂၀၂၀ ပြည့်နှစ်ကြား ကာလသည် စစ်တပ်၏ ပြုပြင်ပြောင်းလဲရေးဆိုသည်ကို သံသယနှင့် စောင့်ကြည့်သည့်ကာလ ဖြစ်၏။ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အရပ်သားအစိုးရအား အာဏာလွှဲပေးသောအခါ စစ်တပ်၏ အသွင်ကူးပြောင်းရေး၊ ပြုပြင်ပြောင်းလဲရေးဆိုသည်နှင့် ပတ်သက်၍ ပြည်မလူထုကြား တစုံတရာ ယုံကြည်မှုရှိလာသည်။ သို့သော် တိုင်းရင်းသားလူမျိုးတပ်ဖွဲ့များကမူ ယုံကြည်မှု မရှိကြပေ။ ပိုမို အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့များ တည်ဆောက်ပြီး ရှမ်းနှင့်ရခိုင်တွင် တိုက်ပွဲများ ပိုမြင့်လာသည်ကို တွေ့ရသည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က လက်နက်အားကိုးဖြင့် အကြမ်းဖက် အာဏာသိမ်းပြီးနောက် စစ်တပ်ကို အယုံအကြည်မရှိကြတော့ပေ။ ပြည်မ ဒီမိုကရက်တစ်အင်အားစုများလည်း လက်နက်ကိုင်လာကြ၏။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များလည်း မိမိအင်အားကို ပိုမိုတောင့်တင်းအောင် တည်ဆောက်လာကြသည်။ စစ်တပ်၏ ကတိကဝတ်များ၊ ဥပဒေဆိုသည်များကို အယုံအကြည် မရှိကြပေ။
စစ်တပ်က လက်နက်အားကိုးဖြင့် သူလုပ်ချင်သည့်အားလုံးကို ဥပဒေနှင့်ညီသည်ဟု ဆိုနေသည်ဖြစ်ရာ အားလုံးကလည်း အမှန်တရားအတွက် လက်နက်ကိုင်အင်အားကို အားပြုလာတော့၏။
၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာပြည်တပြည်လုံးအနှံ့ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများ ပျံ့နှံ့လာခဲ့သည်မှာ စစ်တပ်က လက်နက်ကိုင်တပ်အားကိုးဖြင့် အကြမ်းဖက် အာဏာသိမ်းသည့် အကျိုးဆက်ဖြစ်၏။ ထို့ကြောင့် ၂၀၂၁ အာဏာသိမ်းပြီး စစ်တပ်က တိုင်းရင်းသားအဖွဲ့အချို့နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး ဆွေးနွေးမှုများ ရှိသော်လည်း အောင်မြင်မှုရလဒ် မရှိပေ။
၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာပြည်တပြည်လုံးအနှံ့ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများ ပျံ့နှံ့လာခဲ့သည်မှာ စစ်တပ်က လက်နက်ကိုင်တပ်အားကိုးဖြင့် အကြမ်းဖက် အာဏာသိမ်းသည့် အကျိုးဆက်ဖြစ်၏။ ထို့ကြောင့် ၂၀၂၁ အာဏာသိမ်းပြီး စစ်တပ်က တိုင်းရင်းသားအဖွဲ့အချို့နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး ဆွေးနွေးမှုများ ရှိသော်လည်း အောင်မြင်မှုရလဒ် မရှိပေ။
တပြည်လုံးအနှံ့ ပြင်းထန်သော စစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ၁၉၄၈ ခုနှစ်မှ စတင်သည့် ပြည်တွင်းစစ် အနှစ် ၇၀ အတွင်း အပြင်းထန်ဆုံး၊ အကျယ်ပြန့်ဆုံးစစ်ပွဲကို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တွေ့မြင်ခဲ့ရသည်။

၂၀၂၅ ငြိမ်းချမ်းရေးဆိုသည်မှာ
အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၅ တွင် ရွေးကောက်ပွဲထွက်ပေါက်နှင့်အတူ ငြိမ်းချမ်းရေးဆိုသည်ကို ပွဲထုတ်လာပြန်သည်ကို တွေ့ရသည်။ စစ်ကောင်စီသက်တမ်း ငါးနှစ်တာ ကာလအတွင်း အလုပ်မဖြစ်ခဲ့သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPNC) အပြင် ယခင် ဦးသိန်းစိန် လက်ထက်က မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) မှ ငြိမ်းချမ်းရေးပွဲစားများ ပါဝင်သည့် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ Think Tank ဆိုသည်ကိုပါ ပွဲထုတ်လာသည်။
ထို့ပြင် တရုတ်၊ အိန္ဒိယနှင့် ဆွစ်ဇာလန်တို့၏ အကူအညီဖြင့် ငြိမ်းချမ်းရေးဖိုရမ်ဆိုသည်ကိုပင် ကျင်းပလာသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆိုသည့် ရည်ရွယ်ချက်နှင့် အခိုင်အမာခြေလှမ်းများကို သုံးသပ်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရ၏။
ပထမအချက်မှာ စစ်ကောင်စီသည် ယခုကြွေးကြော်သည့် ငြိမ်းချမ်းရေးတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF များကို ဖယ်ထုတ်ထားသည်။ PDF များအား လက်နက်ချ အလင်းဝင်ပြီး ရွေးကောက်ပွဲဝင်ဟု ဆိုသည်။ ပြည်မ နေရာအနှံ့အပြားတွင် လက်နက်ကိုင်တိုက်နေသော PDF များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ရန် လုံးဝသဘောထား မရှိပေ။ စစ်ကောင်စီ၏ သဘောထားမှာ လက်နက်မစွန့်ပါက တိုက်မည်သာဖြစ်သည်။
ဒုတိယအချက်မှာ PDF နှင့် အပစ်မရပ်သော်လည်း တိုင်းရင်းသားအဖွဲ့များနှင့် အပစ်ရပ်နိုင်ခြေ ရှိသလောဟု တွက်ဆကြည့်ပါကလည်း ဖြစ်နိုင်ခြေ မရှိသလောက်ဟု ဆိုနိုင်၏။ အကြောင်းမှာ ၁၉၈၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်ကြား အပစ်ရပ်စဉ်က တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်အစွန်အဖျားနေရာများသာ ဖြစ်သည်။ ဝဒေသမှာလည်း နယ်မြေအရ အတော်အသင့် ကျယ်ဝန်းသော်လည်း အင်္ဂလိပ်ကိုလိုနီခေတ်ကာလကရော လွတ်လပ်ရေးရပြီး ကာလတလျောက်လုံးပါ ပြည်မအစိုးရ အာဏာစက် မသက်ရောက်သည့်နေရာဖြစ်၏။
ယခု တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာများမှာ အရေးပါသည့်မြို့များ၊ ဆက်သွယ်ရေး လမ်းကြောင်းများ၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေအောက်တွင် စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်ရပ်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာများကို အသိအမှတ် မပြုနိုင်ပေ။
ယခု တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာများမှာ အရေးပါသည့်မြို့များ၊ ဆက်သွယ်ရေး လမ်းကြောင်းများ၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေအောက်တွင် စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်ရပ်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာများကို အသိအမှတ် မပြုနိုင်ပေ။
လက်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့နှင့် အပစ်ရပ်ထားခြင်း၊ လားရှိုးကို ပြန်လည်ရယူခြင်းတို့သည် တရုတ်၏ ဖိအားကြောင့်ဖြစ်သည်။ ဤသို့ လားရှိုးကို ပြန်ရပြီး အပစ်ရပ်ထားသော်လည်း ကျန် MNDAA အဖွဲ့ ထိန်းချုပ်ထားသည့်ဒေသများကို ယခုအချိန်အထိ အသိအမှတ်ပြုခြင်း မရှိပေ။ လက်ရှိတွင် တရုတ်၏ဖိအားနှင့် ဆက်လက်ရယူရန် ကြိုးစားနေပြီး အကယ်၍ မရပါက လက်နက်ကိုင်တိုက်မည်သာဖြစ်သည်။
တရုတ်ဝင်ရောက်၍ အကျပ်ကိုင်မရသည့် ကျန်တိုင်းရင်းသားအဖွဲ့များကိုလည်း စစ်ကောင်စီက တိုက်ခိုက်နေသည်သာ ဖြစ်သည်။ ဆွေးနွေးမည်ဆိုပါကလည်း တိုင်းရင်းသားအဖွဲ့များ သိမ်းထားသည့် မြို့များအားလုံး ပြန်ပေးရေး တောင်းဆိုနေပြီး မပေးပါက စစ်ဆက်တိုက်မည်သာဖြစ်သည်။
ထို့ပြင် တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်၍၊ ဒီမိုကရေစီရေးနှင့်ပတ်သက်၍ မည်သည့် ဆွေးနွေးအဖြေရှာမှုမှ ပြုလုပ်မည်မဟုတ်ဘဲ ၂၀၀၈ အခြေခံဥပဒေအောက် ဝင်ရေးသာဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၅ ခုနှစ် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးလေသံပစ်လာခြင်းသည် နိုင်ငံတကာအား လိမ်ညာလှည့်ဖျားရန် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်းသာဖြစ်သည်။ NUG, PDF သည် လက်နက်စွန့်ရမည်၊ လက်နက် ချရမည်၊ တိုင်းရင်းသားတပ်ဖွဲ့များသည် သိမ်းထားသည့် မြို့များအားလုံး ပြန်ပေးရမည်။ ထိုသဘောထားအား မလိုက်နာပါက စစ်တိုက်မည်၊ အမြစ်ပြတ်ချေမှုန်းမည်ဟုသာ ဖြစ်သည်။ ဤသည်မှာ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖြစ်၏။
နိဂုံး
၁၉၄၈ ခုနှစ်မှ ယခုအချိန်အထိ စစ်တပ်၏ သဘောထားမှာ ငြိမ်းချမ်းရေးဟုဆိုလျှင် –
၁။ တော်လှန်ရေးတပ်ဖွဲ့များသည် လုံးဝ လက်နက်စွန့်ရမည်။
၂။ လက်နက်မစွန့်သူများအား အမြစ်ဖြတ်ချေမှုန်းမည်ဟူ၍ ဖြစ်၏။
စစ်တပ်သည် ဤမူဝါဒကို ကိုင်စွဲပြီး ငြိမ်းချမ်းရေးဆိုသည်ကို ပြောဆိုလာသည်မှာ ၇၇ နှစ်ရှိခဲ့ပြီဖြစ်ပြီး ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ပို၍ ဆိုးဝါးလာသည်ကိုသာ တွေ့ရသည်။ ထို့ပြင် လက်ရှိကာလ၌ ၂၀၀၈ အခြေခံဥပဒေကို ဆုပ်ကိုင်ထားပြီး နိုင်ငံရေးအရလည်း ဆွေးနွေးဖြေရှင်းရန် သဘောထား မရှိပေ။
လက်ရှိ အာဆီယံ၏ တွေ့ဆုံဆွေးနွေးအဖြေရှာရေးအား ပယ်ချထားသည်မှာ စစ်ကောင်စီသာဖြစ်သည်။ စစ်တပ်က ဤမူဝါဒများကို မစွန့်လွှတ်သ၍ ငြိမ်းချမ်းရေးဆိုသည်မှာ ဝေးကွာနေမည်သာ ဖြစ်ပေသည်။
မြန်မာပြည် ငြိမ်းချမ်းရေးအတွက်ဆိုလျှင်၊ မြန်မာပြည်ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ဆိုလျှင် စစ်တပ်က ကိုင်စွဲထားသည့် အထက်ပါမူဝါဒကို အရင်ဆုံး စွန့်လွှတ်ရန် လိုအပ်ပေလိမ့်မည်။
မြန်မာပြည် ငြိမ်းချမ်းရေးအတွက်ဆိုလျှင်၊ မြန်မာပြည်ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ဆိုလျှင် စစ်တပ်က ကိုင်စွဲထားသည့် အထက်ပါမူဝါဒကို အရင်ဆုံး စွန့်လွှတ်ရန် လိုအပ်ပေလိမ့်မည်။
မြန်မာပြည်ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာသင့်သည်ဟု ကြည့်မြင်သူများအနေဖြင့်လည်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ငြင်းပယ်နေသူမှာ မြန်မာစစ်တပ်ဖြစ်သဖြင့် မြန်မာစစ်တပ်ပြောင်းလဲအောင် ဦးစွာပြောရန် လိုသည်ကို သဘောပေါက်ကြရန် လိုပေသည်။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ
ငြိမ်းချမ်းရေးဖိုရမ်ကျင်းပနေချိန် စစ်ကောင်စီ ဗုံးလိုက်ကြဲ (ရုပ်/သံ)
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)
စစ်ကောင်စီ၏ အယောင်ဆောင် ငြိမ်းချမ်းရေး အားထုတ်မှုကို ဖင်လန်နှင့် ဆွစ်ဇာလန် ကူညီနေ
ငြိမ်းချမ်းရေးဖိုရမ် ဆိုတာ နိုင်ငံရေးအာသာဖြေမှုတခုပဲ (ရုပ်/သံ)
မြန်မာပြည်ထုတ် ငြိမ်းချမ်းရေးအတုနှင့် စစ်ပွဲအစစ်














