တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲကမှ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ဆွဲကိုင်ထားတဲ့ အဖွဲ့ ၇ ဖွဲ့ က 7 EAOs Alliance မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ အစည်းအဝေးရဲ့ ဒုတိယမြောက်နေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ အဖွဲ့အစည်း ကိုယ်စားပြုမဟုတ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ဟောင်း ဦးမျိုးဝင်းတို့ တက်ရောက်တာကိုလည်း တွေ့ရပါတယ်။
ကြေညာချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပဲ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန် က 7 EAOs Alliance ဖွဲ့စည်းမှုမှာ PNLO ဗဟိုသဘောထား မပါဝင်ကြောင်း ကြေညာသလို လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ကလည်း LDU ရဲ့ အမည်နာမ သုံးစွဲမှုအပေါ် သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။
7 EAOs Alliance ဖွဲ့စည်းမှုမှာ ပါဝင်တဲ့ မွန်ပြည်သစ်ပါတီ၊ LDU နဲ့ ALP တို့ဟာ အဖွဲ့ကွဲထားတဲ့ အဖွဲ့တွေဖြစ်သလို PNLO နဲ့ KNU/KNLA-PC ထဲမှာလည်း လက်ရှိကာလ နိုင်ငံရေး ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုတွေ ရှိနေကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။
7 EAOs Alliance ဖွဲ့စည်းမှုမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ပါဝင်ပါတယ်။
လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး 7 EAOs Alliance ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ နိုင်အောင်မငေးနဲ့ ဗိုလ်မှူးကြီး စောကျော်ညွန့် တို့ကို သတင်းမီဒီယာတွေက မေးမြန်းထားချက်တွေ စုစည်းဖော်ပြလိုက်ပါတယ်။