လယ်ကွင်းများနှင့် တောင်တန်းများ ထိစပ်သည့် ကုန်းမြင့် တနေရာတွင် နွားရုံ တရုံ တည်ရှိသည်။ သစ်လုံးငယ်များနှင့် တည်ဆောက်ထားသော ထိုနွားရုံကို ကောက်ရိုး မိုးထားသည်။
ထိုနေရာသည် ခမောင်းဆိပ် တောင်ရွာနေ ဟိန္ဒူ ဘာသာဝင် မိသားစုများ၏ ဘဝ၊ အသက်ပေါင်း များစွာကို သေကွဲ ကွဲစေခဲ့သည် နေရာတခု ဖြစ်သည်။
သြဂုတ်လ ၂၅ ရက်ည သန်းခေါင်ယံက ကြားခဲ့ရသော သေနတ်သံများ၊ ဗုံးပေါက်ကွဲသံများကြောင့် မောင်တောမြို့နယ် ခမောင်းဆိပ် တောင်ရွာနေ ဟိန္ဒူဘာသာဝင် ကျေးရွာသားများသည် စိုးရိမ်စိတ်များ မြင့်တက်ကာ သတင်းများကို လည်း ရသလောက် လေ့လာ စူးစမ်းနေကြသည်။
ထို ကျေးရွာသားများတွင် အသက် ၂၅ နှစ်အရွယ် ဟိန္ဒူအမျိုးသမီး မရီခါး လည်း အပါအဝင် ဖြစ်သည်။ မရီခါးနှင့် သူ၏ အမျိုးသား လူဖြူ (ခေါ်) ပူဘောင်တို့သည် အခြေအနေများကို သိရှိလို၍ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားကြ သော်လည်း ဖုန်းလိုင်းများသည် အခင်း ဖြစ်ပွားသည့် နေ့မတိုင်ခင် ၂ ရက်ကတည်းက လိုင်းပျောက်ကာ ဆက်သွယ်၍ မရဖြစ်ခဲ့ကြသည် ဟု သိရသည်။
“ရွာနားက တညလုံး သေနတ်ပစ်သံတွေ၊ ဗုံးကွဲသံတွေ ကြားရတော့ ဘာဖြစ်တာလဲဆိုတာ သိချင်ကြတော့ မိုးလင်း တာ နဲ့ ရွာသားတွေက ကိုယ့်အိမ်နီးနားချင်းက လူတွေကို အချင်းချင်း မေးကြတယ်။ အားလုံးက သေနတ်သံတွေပဲ ကြားတာ။ ဘာဖြစ်တယ်ဆိုတာ မသိကြဘူး။ ဖုန်းဆက်မေးဖို့ကလည်း ဖုန်းလိုင်းပျက်နေတာ ၂ ရက်လောက်ရှိပြီ။ အဲဒီဖုန်းလိုင်း ပျက်တာက ကျမတို့အတွက် ပိုပြီးတော့ ကံဆိုးစေခဲ့တယ်”ဟု မရီခါးက ပြောသည်။
ဟိန္ဒူရွာသားများဖြစ်သည့် လှမောင်၊ တီတောက်ဘာဂျီ နှင့် ရီတန့် တို့ ၃ ဦးသည် ခမောင်းဆိပ်ဈေးတွင် ဈေးဆိုင်ခန်း များ ဖွင့်လှစ်ရောင်းချနေသူများ ဖြစ်သောကြောင့် ၎င်းတို့ ဈေးဆိုင်ခန်းများတွင် ထားရစ်ခဲ့သော ငွေသားများကို ယူဆောင် ရန် နှင့် အခြေအနေကို လေ့လာစုံစမ်းရန် ခမောင်းဆိပ်ဈေး သို့ သွားခဲ့ကြသည်။
ဟိန္ဒူ ဘာသာဝင်များ နေထိုင်သည့် ခမောင်းဆိပ် (တောင်ရွာ)မှ ခမောင်းဆိပ်ဈေးသို့ သွားမည်ဆိုပါက ၁၅ မိနစ်ခန့် လမ်းလျှောက်သွားရသည်။
ဟိန္ဒူ ရွာသား ၃ ဦးသည် နေအိမ်ပြန်လာသည့် လမ်းမပေါ်၌ရှိသော ဗလီရှေ့တွင် မွတ်စလင် ဘာသာဝင်များ အုပ်စု လိုက် ဝင်ထွက် သွားလာနေကြသည်များကို မြင်တွေ့ခဲ့ရသည်။ တခြားနေ့ရက်များနှင့် မတူဘဲ ဗလီရှေ့ လမ်းပေါ်၌ မွတ်စလင်များစွာ ရှိနေကြောင်း သူတို့က ပြောသည်။
ဟိန္ဒူရွာသား ၃ ဦးသည် ထူးခြားမှု ရှိနေပြီလား ဆိုသည့် သံသယစိတ်များဖြင့် နေအိမ်သို့ ပြန်လာကြသည်။ သူတို့ အိမ်ပြန် ရောက်သည်နှင့် တပြိုင်နက် ဘင်္ဂါလီများ ဝင်ရောက်လာပြီး ရွာကို ဝိုင်းထားလိုက်သည်။ ဈေးဆိုင်တန်းကို သွား၍ ပြန်လာသော ဟိန္ဒူရွာသား ၃ ဦးကို အရင်ဆုံး ဖမ်းဆီး ရိုက်နှက်သည် ဟု သိရသည်။
“ဈေးကိုသွားတဲ့ လူ ၃ ဦးကို အရင်ဆုံးရိုက်တယ်။ မင်းတို့ ခုနက ဘယ်ကိုသွားတာလဲ။ ရဲစခန်းကို သတင်း သွားပို့တာ မလား။ မင်းတို့ ဟိန္ဒူတွေက အစိုးရနဲ့ အတူတူပဲ။ မင်းတို့ကို အရင်ဆုံး လည်လှီး သတ်ပစ်ရမယ်လို့ ပြောပြီး ဝိုင်း ရိုက် ကြတယ်”ဟု မရီခါးက ပြောသည်။
ဘင်္ဂါလီ အကြမ်းဖက်သမား ၃၀၀ ခန့်သည် အနက်ရောင် မျက်နှာဖုံးများ စွပ်ထားပြီး သေနတ်များ၊ တုုတ်၊ ဓားကောက်၊ ဓားရှည်၊ ချိန်းကြိုးများ ကိုင်ထားကြသည်။ ထိုသူများတွင် ခမောင်းဆိပ်ကျေးရွာမှ ဘင်္ဂါလီများလည်း ပါဝင်သည်ဟု သိရသည်။
“ကျမ ယောကျ်ားဆို အများဆုံး အရိုက်ခံရတယ်။ မင်းက မောင်တောကို ခဏခဏ ဘာသွားလုပ်တာလဲ။ မင်း သတင်း သွားပေးနေတာ မဟုတ်ဘူးလား။ မင်းကို အရင်သတ်ရမယ် ဆိုပြီး ဝိုင်းရိုက်ကြတယ်” ဟု မရီခါးက ရှင်းပြသည်။
ဆက်လက်၍ သူက “ငါတို့ တကြိမ် မဟုတ်၊ နှစ်ကြိမ် မဟုတ် ဘာကြောင့် ဒီလို လုပ်နေတယ် ဆိုတာကို အစိုးရ မသိ ဘူး လား။ ငါတို့က မင်းတို့လို အစိမ်းကတ်တွေကို မယူဘူး။ အနီကတ်တွေကိုပဲ ယူမှာ။ မင်းတို့ဆီမှာရှိတဲ့ ရွှေတွေ၊ ငွေတွေကို ထုတ်ပေး၊ ရွှေပေးရင် အသက်ချမ်းသာပေးမယ် ဆိုပြီးပြောတော့ ရွာသားတွေက ရှိတဲ့ ရွှေတွေကို ထုတ်ပေး ကြတယ်”ဟု ထိုနေ့က အဖြစ်အပျက်ကို ပြောပြသည်။
အကြမ်းဖက် ဘင်္ဂါလီများက ဟိန္ဒူရွာသား အားလုံးကို ဖမ်းဆီးပြီး လက်ကိုင်ဖုန်းများ သိမ်းဆည်းလိုက်သည်။ ရှိသမျှ ရွှေငွေ များကို ယူပြီးနောက် မှတ်ပုံတင် ကတ်ပြားများကိုလည်း မီးရှို့လိုက်ကြသည်။
ထို့နောက် ရွာသားအားလုံး၏ မျက်နှာကို ပိတ်စများဖြင့် စည်းလိုက်ပြီး ရွာပြင်ဘက်ကို ခေါ်ယူသွားသည်။ ခမောင်းဆိပ် ကျေးရွာ၏ အနောက်ဘက် ဘော်တလာ ဘင်္ဂါလီကျေးရွာအနီးသို့ ခေါ်ဆောင်သွားသည်။
ထိုအကြမ်းဖက် ဘင်္ဂါလီအုပ်စုကို ဦးဆောင်သူနှင့် အမိန့်ပေး ညွှန်ကြားသူမှာ ခမောင်းဆိပ် ကျေးရွာနေ အသက် ၃၅ နှစ် အရွယ် နရူလောက် ဖြစ်သည်ဟု သိရသည်။
လယ်ကွင်းပြင်နှင့် တောစပ်တနေရာ အရောက်တွင် အမျိုးသမီးများထဲမှ ငယ်ရွယ်သော အမျိုးသမီး ၈ ဦးကို ရွေးထုတ် ပြီး ဘေးပတ်ဝန်းကျင်တွင် တည်ရှိသော နွားရုံ တရုံတွင် ထိုင်ခိုင်းထားသည်။
သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကို တဖွဲ့၊ လူလတ်ပိုင်း အမျိုးသားများကို တဖွဲ့ စသည်ဖြင့် ၃ အုပ်စု ခွဲထားလိုက် သည်။
မရီခါး အပါအဝင် အမျိုးသမီး ၈ ဦးသည် မိမိတို့ ကျေးရွာသားများကို ဘင်္ဂါလီ အကြမ်းဖက်သမားများက ရိုက်နှက်ပြီး တနေရာသို့ ခေါ်ဆောင်နေသော အသံကို နွားရုံမှနေ၍ ကြားနေရသည်။ မရီခါးသည် ဘင်္ဂါလီ အကြမ်းဖက်သမားတို့၏ ခြေကိုကိုင်ပြီး သူမ၏ အမျိုးသားနှင့် ကလေးများကို မသတ်ရန် ငိုယိုလျက် တောင်းပန်ခဲ့သည်။
အမျိုးသမီး ၈ ဦးထဲမှ အသက် ၂၂ အရွယ်ရှိ ဘီနာဖာလာဆိုသော အမျိုးသမီး ၁ ဦးက ထဘီ ဝတ်ဟန်ဆောင်ပြီး မတ်တပ်ရပ်ကာ အခြေအနေကို စောင်းမြောင်း ကြည့်လိုက်သောအခါ ဘင်္ဂါလီ အကြမ်းဖက် သမားများက ဟိန္ဒူ ရွာသားများကို တောင်တန်းတခုသို့ ခေါ်ဆောင်သွားခြင်းကို မြင်တွေ့လိုက်ရသည်။
မွန်းလွဲ ၂ နာရီကျော်လောက်တွင် တောင်ရွာဟု ခေါ်သော ခမောင်းဆိပ်ဘက်ခြမ်းတွင် နေထိုင်သည့် ဟိန္ဒူရွာသား များ ကို အကြမ်းဖက်သမားများက ခုတ်သတ်လိုက်ကြကြောင်း မရီးခါးက ပြောသည်။
“ရွာသားတွေရဲ့ ငိုသံတွေ၊ အော်သံတွေကို ကျမတို့ ကြားရတယ်။ ကျမတို့ မိန်းမတွေလည်း ငိုတယ်။ နင်တို့ ဒီနေ့က စပြီး ကျောက်ပြားကို ကိုးကွယ်စရာ မလိုတော့ဘူး။ အစ္စလမ်ဘာသာကို ရောက်တော့မယ် မငိုနဲ့တော့ဆိုပြီး ဘင်္ဂါလီ အကြမ်းဖက်တွေက ကျမတို့ခေါင်းကို ခြေနဲ့ ကန်တယ်”ဟု မရီခါးက ဟိန္ဒူဘာသာဝင်များ၏ ရွာလုံးကျွတ် သတ်ဖြတ် ခံခဲ့ရမှုကို ပြောပြသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ညသန်းခေါင်တွင် ARSA အကြမ်းဖက်သမားများက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များရှိ ရဲကင်းစခန်း ၃၀ ကျော်ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြသည်။
ယင်း အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ခမောင်းဆိပ် ကျေးရွာနေ ဟိန္ဒူဘာသာဝင် ရွာလုံးကျွတ် သတ်ဖြတ် ခံလိုက်ရ သည်။ သတ်ဖြတ်ခံလိုက်ရသော ဟိန္ဒူဘာသာဝင်များ၏ အလောင်းများကို စက်တင်ဘာ ၂၄ ရက်နေ့က ခမောင်းဆိပ် ရွာ ၏ အနောက်ဘက် တောစပ်တနေရာတွင် ၂၈ လောင်းနှင့် စက်တင်ဘာလ ၂၅ ရက်နေ့က ၁၇ လောင်း စုစုပေါင်း ၄၅ လောင်း တူးဖော်တွေ့ ရှိခဲ့သည်။
ဘင်္ဂါလီ အကြမ်းဖက်သမားများ ရွာလုံးကျွတ် သတ်ဖြတ်လိုက်သူများထဲတွင် ရွှေပန်းထိမ် ဆရာများဖြစ်ကြသော မရီခါး ၏ အမျိုးသား ပူဘောင် အပါအဝင် စိန်မောင်တောင်၊ လှမောင် စသည့် ရွာသား ၃ ဦး ကို မသတ်ဘဲ ချန်ထားခဲ့သည်။
သူတို့တွင်ရှိသော ရွှေများကိုမရသေး၍ မသတ်ဘဲ ချန်ထားခဲ့ခြင်းဖြစ်သည်။ ထို ၃ ဦးကို ကြိုးတုတ်ကာ ရွှေထုပ် ဝှက် ထား ခဲ့သော နေရာကို လိုက်ပြရန် ဘင်္ဂါလီ အကြမ်းဖက်သမားများက ခမောင်းဆိပ် ကျေးရွာသို့ ပြန်ခေါ်သွားသည်။
လမ်းသွားလမ်းလာများနှင့် ခမောင်းဆိပ် ကျေးရွာတွင် အတူနေထိုင်ခဲ့ကြသော ဘင်္ဂါလီများ မမှတ်မိစေရန် သူတို့ ၃ ဦး လုံး၏ ခန္ဓာ တကိုယ်လုံးကို ရွှံ့ဖြင့် လူးလိုက်သည်။
“ဟိန္ဒူရွာသား ၃ ဦးကို ခန္ဓာကိုယ်မှာ ရွှံ့တွေလူးပြီး ရွာကိုခေါ်သွားတာ တွေ့တယ်တဲ့။ ကျမတို့နဲ့ အိမ်နီးနားချင်း နေတဲ့ ဘင်္ဂါလီ ၁ ဦးက ပြောတယ်”ဟု မရီခါးက ပြောသည်။
အိမ်သာကျင်းထဲတွင် ဝှက်ထားသော ရွှေများကို ဘင်္ဂါလီ အကြမ်းဖက်သမားတို့ ရရှိသွားသောအခါ မသတ်ဘဲ ချန်ထား သော ရွာသား ၃ ဦးကိုလည်း ည ၇ နာရီ ခန့်တွင် သတ်ဖြတ် လိုက်ကြပြီ ဖြစ်ကြောင်း မရီခါး တယောက် သိရှိလိုက် ရ သည်။
နွားရုံထဲတွင် ထိုင်နေသော အမျိုးသမီး ၈ ဦးသည် သူတို့၏ ကလေးငယ်များ အသက်ချမ်းသာခွင့် ရရှိရန် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ ပြောစကားအတိုင်း အစ္စလမ် ဘာသာထဲကို ဝင်ရောက်ပြီး သူတို့ ခေါ်ဆောင်သည့် နောက် ကို လိုက်ရန် သဘောတူ လက်ခံလိုက်ကြသည်။
သြဂုတ်လ ၂၅ ရက်နေ့ ည ၁၂ နာရီ ထိုးသည့်အချိန်တွင် နွားရုံထဲတွင်ရှိသော အမျိုးသမီး ၈ ဦးနှင့် ကလေး ၈ ဦးတို့ကို အကြမ်းဖက် ဘင်္ဂါလီများက ဘော်တလာ ကျေးရွာရှိ ရောဖီး ဆိုသူ၏ အိမ်သို့ ခေါ်ဆောင်သွားသည်။
သြဂုတ်လ ၂၆ ရက်နေ့ နံနက်တွင် ခေါင်းဆောင်ဖြစ်သူ နရူလောက်နှင့် ဘင်္ဂါလီ ရွာသားများသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မည်ဟု ဆိုကာ တုတ်၊ ဓားနှင့် သေနတ်များ ကိုင်လျက် စစ်ချီသကဲ့သို့ ဟစ်ကြွေးလျက် ထွက်သွားကြသည်ဟု သိရသည်။
မရီခါးတို့ အမျိုးသမီး ၈ ဦးနှင့် ကလေးငယ်များကို ဘင်္ဂါလီ ၅ ဦးက စောင့်ကြပ်ပြီး တောလမ်းမှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်သို့ ခေါ်ဆောင်သွားသူများသည် ခမောင်းဆိပ်ရွာသား မက်စ်ဒူလော့ဒ်၊ ဖေရင် ဂူရာယ်၊ စူမနားနှင့် ဘော်တလာ ကျေးရွာသား ရောဖီး တို့ ဖြစ်ကြောင်း မရီခါးက ပြောသည်။
သြဂုတ်လ ၂၇ ရက်နေ့တွင် မရီခါးတို့ကို ခေါ်ဆောင်လာသော ဘင်္ဂါလီ ၅ ဦးနှင့် နောက်ထပ် အကြမ်းဖက် ဘင်္ဂါလီ အုပ်စု တို့ နယ်စပ် တနေရာတွင် ဆုံကြပြီး နှစ်နိုင်ငံ နယ်စပ် မြန်မာဘက်ခြမ်းတွင် တည်ရှိသော ကသဲလူမျိုးများ နေထိုင် ကြသည့် ရွာတရွာကို ဘင်္ဂါလီအုပ်စုက ဝင်ရောက် မီးရှို့ တိုက်ခိုက်ကြသည်။
“အကြမ်းဖက်တွေက ကသဲရွာကို မီးရှို့ကြတယ်။ အဲဒီ အချိန် ရဟတ်ယာဉ် လာတာကို မြင်တော့ သူတို့ နေရာရွှေ့မယ် ဆိုပြီး တောထဲကို ပြန်ဝင်ပြေးတယ်။ အဲဒီနေ့ ဘင်္ဂလားကို ကူးမယ့်နေ့။ ရဟတ်ယာဉ်ပေါ်ကနေ မြင်မှာစိုးလို့ သူတို့ တောထဲက မထွက်တော့ဘူး”ဟု မရီခါးက ပြောပြသည်။
သူက“တောထဲမှာ ထမင်းမစားရဘဲ ၂ ည အိပ်ရတယ်။ ဗိုက်ကလည်း ဆာတယ်။ နေကလည်း အရမ်း ပူတယ်ဆိုတော့ စမ်းချောင်းထဲက ရေကို သောက်ပြီးနေရတယ်။ ချောင်းကရေကိုပဲ ခေါင်းပေါ် လောင်းချတယ်။ အရမ်းကို ဒုက္ခရောက်ခဲ့ ပါတယ်”ဟု အကြမ်းဖက် သမားများ ခေါ်ဆောင်ရာ လမ်းခရီးတွင် အခက်အခဲ ဒုက္ခများ ကြုံတွေ့ခဲ့ပုံကိုလည်း ပြောပြ သည်။
သြဂုတ်လ ၂၈ ရက်နေ့ နံနက်တွင် အကြမ်းဖက်သမားများက မရီခါးတို့ကို တောထဲမှခေါ်၍ တဖက်နိုင်ငံသို့ ဝင်ရောက် ကြသည်။ အကြမ်းဖက်သမားများက မြန်မာဘက်မှ ထွက်ပြေး တိမ်းရှောင်လာသော ဒုက္ခသည်များ အဖြစ် အသွင် ပြောင်းလဲ လိုက်ကြသည်။
ရခိုင်ပြည်နယ် အတွင်းမှ ဒုက္ခသည်များ အဖြစ် ဝင်ရောက်လာသူများကို ဘင်္ဂလားဒေ့ရ်ှက ကူတူပါလောင် ကျေးရွာတွင် စခန်းဖွင့်လှစ် ထားရှိသည်။
ကူတူပါလောင်ကျေးရွာ နေအိမ်တခုတွင် ဟိန္ဒူ အမျိုးသမီး ၈ ဦးအား အစ္စလမ်ဘာသာ အမျိုးသမီးများကဲ့သို့ ဘူရ်ကာ များ ခြုံစေသည်ဟု ဆိုသည်။
“ဟိန္ဒူ မိသားစုဝင်တွေကို မြန်မာအစိုးရက သတ်တာ၊ စစ်တပ်က သတ်တာ၊ ရခိုင်တွေ သတ်တာလို့ ပြောရမယ်။ သင် တဲ့ အတိုင်း မပြောရင် နင်တို့ ကလေးတွေကို သတ်ပစ်မယ်လို့ ပြောတယ်”ဟု ဘင်္ဂါလီ အကြမ်းဖက်သမား များ၏ လုပ်ဇာတ် ဆင်ခိုင်းပုံကို မရီခါး က ပြောပြသည်။
ထို့နောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ဟိန္ဒူ အမျိုးသမီး ၈ ဦးကို အစ္စလမ် ဘာသာထဲသို့ ကူးပြောင်းရန် မော်လဝီ ဆရာများအား ခေါ်ယူမည်ဟု ဆိုကာ ထွက်ခွာသွားကြသည်။
ထိုအခြေအနေကို ဘင်္ဂါလီ လူငယ် ၁ ဦးမှတဆင့် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူ ဟိန္ဒူ ဘာသာဝင်များ သိရှိသွားပြီး ဟိန္ဒူ ဘာသာရေး ဘုန်းတော်ကြီးတပါးနှင့် ဘာပူဆိုသော ဟိန္ဒူဘာသာဝင် ၁ ဦးတို့က အမျိုးသမီး ၈ ဦးထားရှိသော နေအိမ်သို့ လိုက်သွားပြီး အကြမ်းဖက်သမားများ ပြန်ရောက်မလာခင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ်များကို ကယ် ထုတ် လာကြသည်။
“ကျမတို့ကို ထားတဲ့အိမ်မှာ ဘင်္ဂါလီ အမျိုးသမီး ၁ တယောက်ပဲ ရှိတယ်။ အကြမ်းဖက်သမားတွေ မရှိတုန်းအချိန်မို့ ကံကောင်းလို့ လွတ်လာရတာ”ဟု မရီခါးက အကြမ်းဖက်သမားများ လက်ထဲက လွတ်မြောက်လာပုံကို ရှင်းပြသည်။
ထို့နောက် သူတို့ကို ဟိန္ဒူဘုုရားကျောင်းတခုတွင် နေရာချပေးကာ ဟိန္ဒူ အမျိုးသမီးများ ဝတ်ဆင်သည့် ဆာရီဝတ်ရုံကို လဲဝတ်စေလိုက်သည်။
မကြာခင် အကြမ်းဖက်သမားများသည် ဟိန္ဒူဘာသာရေး ဆရာတော်ရှိရာ ကျောင်းကို လိုက်လာကြပြီး ဘုရားကျောင်း ကိုလည်း ဝိုင်းထားကြသည်။
အစ္စလမ် ဇာတ်ဝင်သွားပြီ ဖြစ်သည့်အတွက် ဟိန္ဒူဘာသာနှင့် မသက်ဆိုင်တော့ကြောင်း ပြောပြီး အမျိုးသမီးများကို ပြန်လည် လွှဲပေးရန် တောင်းဆိုသည်။
အခြေအနေ တင်းမာလာသည့် အတွက် ကူတူပါလောင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် BGB တပ်ဖွဲ့ဝင်များကို ခေါ်ယူ၍ ဟိန္ဒူ ဘာသာဝင်များက ဒေသအာဏာပိုင်များ လက်ထဲသို့ ထိုအမျိုးသမီး ၈ ဦးကို အပ်ပေးလိုက်ကြသည်။
နောက်တနေ့တွင် ကူတူပါလောင်ရှိ ဟိန္ဒူ ကယ်ဆယ်ရေး စခန်းသို့ ထိုအမျိုးသမီး ၈ ဦး ရောက်ရှိသွားသည်။ အကြမ်း ဖက် ဘင်္ဂါလီများ လက်ထဲက လွတ်မြောက်လာပြီ ဖြစ်သည့်အတွက် မရီခါးတို့ အမျိုးသမီးများသည် သူတို့ ရွာသူ ရွာသား များ သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်အမှန်ကို ဖွင့်ချခဲ့ကြသည်ဟု ဆိုသည်။
မောင်တောမြို့မှ ထွက်ပြေးတိမ်းရှောင်၍ စစ်တွေ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသော ဟိန္ဒူ ဘာသာဝင်များ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးနီမောလ်ကို ဖုန်းဖြင့် ဆက်သွယ်ကာ ရွာသားများ သတ်ဖြတ် ခံလိုက်ရသည့် နေရာကို အတိအကျ ညွှန်းပြလိုက်သည်။
“အင်တာနက်မှာ ဟိန္ဒူ အမျိုးသမီး အင်တာဗျူးတွေ တက်လာကတည်းက ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကျနော်တို့ လူတွေ ကို ဖုန်းဆက်ပြီး သူတို့ကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကယ်ထုတ်ပေးဖို့ လှမ်းပြီးတောင်းတယ်။ ဟိန္ဒူ ဘာသာဝင်တွေ အားလုံး ဝိုင်းပြီး ကူညီကြလို့ ကယ်လိုက်နိုင်တာ”ဟု ဦးနီမောလ်က ဆိုသည်။
အကြမ်းဖက် ဘင်္ဂါလီများသည် ဟိန္ဒူကယ်ဆယ်ရေး စခန်းအနီးသို့ လာရောက် ရှာဖွေမှုများ မကြာခဏ ပြုလုပ်ကြ သည့် အတွက် မရီခါးတို့သည် အထူးသတိထား နေခဲ့ရကြသည်။
အကြမ်းဖက်သမားများက လက်စဖျောက် သတ်ဖြတ်ရန် ကြံစည် အားထုတ်နေသည် ဆိုသည့် သတင်းများကိုလည်း ဟိန္ဒူ ဘာသာ အကြီးအကဲများက လာရောက် သတိပေး ပြောကြားထားသဖြင့် သတိထားနေခဲ့ရသည်ဟုလည်း မရီခါး က ပြောသည်။
မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ တခုဖြစ်သည့် ကူတူပါလောင် ကျေးရွာရှိ ကယ်ဆယ်ရေး စခန်းသို့ အဖွဲ့အစည်း အများအပြား လာရောက်လှူဒါန်းမှုများ ရှိသည့်အတွက် ထောက်ပံ့ ပစ္စည်းများ အလုံအလောက် ရရှိကြကြောင်းလည်း ဟိန္ဒူ ဘာသာဝင် အမျိုးသမီးများက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကယ်ဆယ်ရေးစခန်းတွင် မရီခါးတို့ အမျိုးသမီး ၈ ဦးသည် ၁ လကျော်နေခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၂၇ ရက်နေ့က မရီခါး အပါဝင် အမျိုးသမီး ၃ ဦး မြန်မာနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက် လာနိုင်ခဲ့ သည်။
ထိုအမျိုးသမီး ၃ ဦးကို ဦးဆောင်ပြီးခေါ်ယူလာသူသည် တောင်ပြိုလက်ဝဲတွင် နေထိုင်သည့် ဟိန္ဒူ အမျိုးသမီး နောရှောရီ ဖြစ်သည်။
သူသည် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်းက မောင်တောဘက်သို့ ထွက်ပြေး တိမ်းရှောင်ရန် အခွင့်မသာခဲ့သည့် အတွက် ဘင်္ဂလားဒေ့ရှ်သို့ မိသားစုများနှင့် အတူ ဝင်ရောက် တိမ်းရှောင်သွားခဲ့သူ ဖြစ်သည်။
“ကျမကို မြန်မာအစိုးရနဲ့ မောင်တောက ဟိန္ဒူလူကြီးတွေက ပြောတယ်။ သူတို့ (ဟိန္ဒူအမျိုးသမီး ၈ ဦး) ကို ဦးဆောင် ပြီး ခေါ်လာဖို့ပြောတယ်။ အဲဒါနဲ့ ပွဲတော်သွားမယ်ပြောပြီး ဒီဘက်ကို ကူးလာခဲ့ကြတာ”ဟု မနောရှောရီက ရှင်းပြသည်။
မနောရှောရီ ဦးဆောင်သော အမျိုးသမီးအုပ်စုတို့နေရသည့် ကူတူပါလောင် ကယ်ကယ်ရေး စခန်းတွင် ဟိန္ဒူ ဘာသာ ဝင် တို့၏ ဒီပါဝါလီ ပွဲတော် ကျင်းပနေချိန်လည်း ဖြစ်သည်။
ပွဲတော်သို့ သွားမည့် အကြောင်းပြချက်ဖြင့် မည်သူမျှမရိပ်မိရန် စွန့်စား၍ ကူတူပါလောင် ကယ်ဆယ်ရေး စခန်းဘေးရှိ ရွှံ့နွံထူသော ချောင်းငယ်တခုမှ တဆင့် ကမ်းနားအတိုင်း လျှောက်ခဲ့ကာ လူမမြင်နိုင်သည့် နေရာရောက်မှ ဟိန္ဒူ ကားသမား ၁ ဦးက အသင့်စောင့်ဆိုင်းပြီး ခိုးထုတ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုနေ့က ဟိန္ဒူဘာသာဝင်တို့၏ အစဉ်အလာမပျက် ကျင်းပသည့် ဒီပါဝါလီ ပွဲတော်ရက်များ ဖြစ်၍ ကူတူပါလောင် ဟိန္ဒူ ကယ်ဆယ်ရေး စခန်းတွင်းမှ ဒုက္ခသည်များလည်း လွတ်လပ်စွာ သွားလာနေကြသည့်အတွက် စစ်ဆေးခြင်း မရှိ ကြောင်း သိရသည်။
မရီခါးတို့ မြန်မာပြည်ဘက် ခြမ်းသို့ ရောက်ပြီး ၃ ရက်အကြာတွင် ကျန်နေခဲ့သော အမျိုးသမီး ၅ ဦးကလည်း ယင်း လမ်းကြောင်း အတိုင်းပင် ထွက်လာခဲ့ပြီး မြန်မာပြည်အတွင်းသို့ ရောက်ရှိလာကြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဖမ်းဆီးခံရသော ဟိန္ဒူဘာသာဝင် အမျိုးသမီးများမှာ မရီခါး၊ မအော်နီကာ၊ မဖော်မီလာ၊ မဂေါင်ဂါ၊ မဂူရဘူနီ (ခ) ရှူရှီလာ၊ မဘီနာဖာလာ၊ မပူရ်ဂျာ (ခ) ရုစ်စနာ၊ မရာချ် ကူမာရီနှင့် ကလေးငယ် ၈ ဦး ဖြစ်ပြီး ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်းကို အစိုးရက အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မနောရှောရီသည် လက်ရှိအချိန်တွင် စစ်တွေမြို့ရှိ ဓညဝတီ အားကစားကွင်း ကယ်ဆယ်ရေး စခန်းတွင် ရောက်ရှိနေ သည်။
သူသည် ကူတူပါလောင်စခန်းတွင် ဆိုလာပြား၊ အိုးခွက်၊ အဝတ်အထည် စသည့် ပစ္စည်းများ ထည့်ထားသော မြန်မာ ကျပ်ငွေ ၆ သိန်းခန့် တန်ဖိုးရှိ အထုပ်ကိုယူရန် စဉ်းစားသော်လည်း သံသယဝင်မည်ကို စိုးရိမ်သဖြင့် ထားခဲ့ရသည်။
“ဒီဘက်က လူကြီးတွေက အဲဒီမှာထက် ဒီဘက်မှာ ကယ်ဆယ်ရေး ၁၀ ဆ ရမယ်တဲ့။ အခုတော့ ဟိုမှာ ကျန်နေခဲ့တဲ့ ကျမ အထုပ်ကို အရမ်းပဲနှမြောတယ်။ ကျမတို့ ကူတူပါလောင် စခန်းမှာနေတုန်းက ကယ်ဆယ်ရေးတွေ တော်တော်ရတယ်” ဟု မနောရှောရီက ဆိုသည်။
မြန်မာပြည်တွင်းသို့ ပြန်လည် ရောက်ရှိလာသော မရီခါး အပါအဝင် ဟိန္ဒူ အမျိုးသမီး ၈ ဦးသည် လုံခြုံရေး အခြေအနေ ကြောင့် လက်ရှိအချိန်တွင် ဘူးသီးတောင် မြို့နယ်ထဲက တပ်စခန်းတခုတွင် စောင့်ရှောက်မှု ပေးထားသော်လည်း ငွေကြေး ပြတ်လတ်မှုနှင့် ကြုံတွေ့နေရပြီး သူတို့၏ ရှေ့ရေးအတွက်လည်း စိုးရိမ်ပူပင်နေကြကြောင်း ဧရာဝတီက နိုဝင်ဘာလ ၁၉ ရက်နေ့က ဆက်သွယ် မေးမြန်းစဉ် ပြောကြားသည်။
“ဆောင်းဝင်လာပြီဆိုတော့ ကျမတို့အတွက်ရော ကလေးတွေ အတွက်ပါ အဝတ်အစား ဝယ်ဖို့ ငွေလိုတယ်။ ကယ်ဆယ် ရေး စခန်းက လူတွေကျတော့ လှူမယ့် အလှူရှင်တွေ အများကြီး ရှိတယ်လို့ ကြားတယ်။ အခု ကျမတို့ကို ဘယ်သူမှ လည်း လာလှူမယ့်သူ မရှိဘူး။ ကျမတို့မှာ အားကိုးစရာလည်း မရှိတော့ဘူး။ နေဖို့ အိမ်လည်း မရှိတော့ဘူး” ဟု မရီခါး က ပြောသည်။
မရီခါးသည် ဒေသအာဏာပိုင်များ စောင့်ရှောက်မှုဖြင့် ရက်ပေါင်း ၅၀ ကျော်အထိ တပ်စခန်းတခုတွင် လုံခြုံ စိတ်ချ စွာ ဖြင့် နေထိုင်လာခဲ့သော်လည်း သူကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များက အိပ်မက်ဆိုးသဖွယ် ယနေ့အထိ ခြောက်လှန့် နေဆဲ ဖြစ်သည်။ ။
ဆက်စပ်ဖတ်ရှုရန် – အကြမ်းဖက်သမားများ လက်မှလွတ်မြောက်လာသူ ဟိန္ဒူအမျိုးသမီး မရီခါး နှင့် ဆက်သွယ်မေးမြန်းချက်
ရဲဘော်ကျ လူသတ်ပွဲက လွတ်မြောက်သူ ရီခါးရဲ့ ထွက်ဆိုချက်