• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တကောင်းနီကယ်စက်ရုံက အလုပ်သမားတွေရဲ့ ဒုက္ခ

by မြတ်ပြည့်ဖြိုး
22 January 2020
in ဆောင်းပါး
A A
နီကယ်သတ္တုရိုင်းမြေစာ တန်ချိန် ၅၀၀၀ ပေးပို့နေသော ပိုက်လိုင်း / မြတ်ပြည့်ဖြိုး

နီကယ်သတ္တုရိုင်းမြေစာ တန်ချိန် ၅၀၀၀ ပေးပို့နေသော ပိုက်လိုင်း / မြတ်ပြည့်ဖြိုး

12.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် တည်ရှိသော တကောင်းတောင်မှတဆင့် စစ်ကိုင်းတိုင်း ထီးချိုင့် မြို့နယ် အတွင်းရှိ တကောင်းတောင် နီကယ်စက်ရုံသို့ နေ့စဉ် နီကယ်သတ္တုရိုင်းမြေစာ တန်ချိန် ၅၀၀၀ ပေးပို့နေသော ပိုက်လိုင်းကို မြင်နေရသည်မှာ နဂါးတကောင် တွားသွားနေသည့် အလား ထင်မှတ်ရသည်။

ထိုပိုက်လိုင်းသည် တကောင်းတောင်မှ တူးဖော်ထွက်ရှိသော နီကယ်သတ္တုရိုင်း မြေစာများကို တောင်ခြေရှိ စက်ရုံဆီသို့ အရောက် ပေးပို့သည့် ပိုက်လိုင်းကြီးပင် ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် ၅ မိုင်နီးပါး ရှည်လျားသော ပိုက်လိုင်းကြီး သည် ထိုမှတဆင့် အဝေးကပင် မြင်နိုင်သော မီးခိုးလုံးကြီးများ နှင့်အတူ တရစပ်လည်ပတ်နေသော နီကယ်စက်ရုံ အတွင်းသို့ ရောက်ရှိပြီး နီကယ်မြေစာ များအား သန့်စင်ထုတ်လုပ်လေသည်။

တကောင်းတောင် နီကယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး နီကယ်ထုတ်လုပ်ရေး စီမံကိန်း တခု ဖြစ်သလို တရုတ်ပိုင် ရင်းနှီးမြှပ်နှံမှု တခုဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိ၍ ၁ နှစ်လျှင် နီကယ် ထုတ်လုပ်မှုသည် တန်ချိန် ၈.၅ သောင်းဖြစ်ကြောင်း Myanmar CNMC Nickel ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ထိုစီမံကိန်းကို၂၀၀၈ ခုနှစ် ဇူလိုင်မှ စတင်ကာ အမှတ် ၁ သတ္တုတွင်း လုပ်ငန်းနှင့် တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ ဖြစ်သော Myanmar CNMC Nickel ကုမ္ပဏီနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားသည့် စနစ်ဖြင့် တကောင်းတောင် နီကယ်စီမံကိန်းကို နှစ် ၂၀ စာချုပ်ဖြင့် စတင်ခဲ့သည်။

စက်ရုံ၏ နီကယ် နေ့စဉ်ထုတ်လုပ်မှု အခြေအနေအား စစ်ဆေး ကြပ်မတ်နိုင်ရန် ပြည်ထောင်စု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းမှ သတ္တုတွင်းတာဝန်ခံအရာရှိ ၁ ဦးအား စက်ရုံ အတွင်း ရုံးထိုင် ကြပ်မတ်စေသည်ဟု သိရသည်။

လက်ရှိ တကောင်းတောင် နီကယ်စက်ရုံတွင် မြန်မာလုပ်သား ၁၇၀၀ နှင့် တရုတ်လုပ်သား ၂၅၀ ဝန်းကျင် အလုပ်လုပ်ကိုင် နေကြပြီး ဒေသအတွက် အလုပ်အကိုင် ထောက်ပံ့ပေးသော စက်ရုံ ၁ ခုဖြစ်သည်ဟု ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘဝင်းက ဧရာဝတီကို ပြောသည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီရွာလေးက လူသူမရှိ တောခေါင်တဲ့ နေရာဖြစ်သလို မဖွံ့ဖြိုးသေးပါဘူး။ အခုတော့ စက်ရုံကြောင့် လူတွေလည်း စည်ကားလာသလို လျှပ်စစ်၊ ရေ၊ လမ်းပန်းဆက်သွယ်ရေးက ကောင်းလာသလို ဒေသခံတွေလည်း အလုပ်အကိုင် ရကြလို့ ဒေသက လူတွေအတွက် မမက်ဖူးတဲ့ အိပ်မက် ၁ ခုလို ဖြစ်နေမှာပါ” ဟု တရုတ်ကောင်စစ် ဝန်ချုပ် Mr. Wang Zongying က ၂၀၁၇ ခုနှစ် နှစ်လယ်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော တကောင်းတောင် နီကယ်စီမံကိန်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်က စက်ရုံအတွင်း တရုတ်နှင့် မြန်မာလုပ်သားများအကြား အခွင့်အရေး မညီမျှမှုများ ကြီးထွား လာသည့် အတွက် မြန်မာလုပ်သား ၅၀၀ ထက် မကသော အရေအတွက်က ဆန္ဒပြခဲ့ကြပြီး တောင်းဆိုမှု ၁၃ ချက်ကို တောင်းဆိုခဲ့ကြပြီး အဓိကအားဖြင့် တရုတ်-မြန်မာ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး၊ သတ်မှတ်ထားသော အနည်းဆုံး လုပ်ခလစာ အတိုင်း ပေးရန်၊ လူမှုဖူလုံရေးကိစ္စ စသည့် အလုပ်သမားအခွင့်အရေး တို့ကို တောင်းဆိုခဲ့ကြသည်။

ထိုစဉ်က စက်ရုံသည် အလုပ်သမားများ၏ တောင်းဆိုမှုများအနက် ၁၁ ချက်ကို သဘောတူညီပေးခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ်ကုန်အချိန် ၃ နှစ်နီးပါး ကြာမြင့်လာခဲ့သော်လည်း စက်ရုံဘက်က လုပ်သားများ၏ တောင်းဆိုချက်များ အပေါ် ထင်သာမြင်သာရှိသော အပြောင်းအလဲမျိုး ပြုလုပ်ပေးသည့် အနေအထားများ မတွေ့ရသေးကြောင်း သိရသည်။

ထို့ပြင် တောင်းဆိုမှုများ ပြုလုပ်သည့်၊ မိမိအခွင့်အရေး အတွက် တိုက်ပွဲဝင်လိုသော လုပ်သားများအား နောက်ပိုင်းတွင် လုပ်ငန်းခွင်အတွင်း ဖိအားပေးခြင်း၊ အလုပ်နေရာများ ပြောင်းလဲပစ်ခြင်း၊ ရာထူး၊ လစာတိုးမြှင့်ပေးသည့် အခွင့်အရေး တို့ မရရှိခြင်းတို့ကို ကြုံတွေ့လာရသည်ဟု တကောင်းနီကယ်စက်ရုံမှ မြန်မာလုပ်သားအချို့က ဧရာဝတီကို ပြောပြ ကြသည်။

ထို့နည်းတူ လုပ်ငန်းခွင်အခက်အခဲများအား မီဒီယာတွင် ထုတ်ဖော်ပြောကြားပါက တိုက်ရိုက် အပြစ်ပေးခြင်းမျိုးထက် အထက်ပါ ဖိနှိပ်သည့် ပုံစံမျိုးအား စက်ရုံတာဝန်ရှိသူများဘက်က ပြုမူလာသည့်အတွက် ၎င်းတို့ကြုံတွေ့ရသော အခက်အခဲများအား အမည် ထုတ်ဖော်ကာ မီဒီယာများမှ တဆင့် ပြောကြားကြရန် ဝန်လေးကြသည်ကိုလည်း တွေ့ခဲ့ရသည်။

“ကျနော့်အနေနဲ့ စက်ရုံထဲမှာ ဘာတွေဖြစ်လဲ၊ ဘယ်လိုအခက်အခဲ ရှိသလဲဆိုတာ သိသမျှ အကုန် ပြောပြပေးလို့ ရတယ်။ ဒါပေမဲ့ ကျနော်နာမည်ကိုတော့ သတင်းမှာ ထည့်မရေးပါနဲ့။ ကျနော်စက်ရုံနဲ့ ပြသနာမတက်ချင်ဘူး” ဟု အမည်မဖော်လိုသူ စက်ရုံလုပ်သား ၁ ဦးက ဧရာဝတီကို ပြောသည်။

မိမိတို့ရပိုင်ခွင့်နှင့် အခက်အခဲကို တရားဝင် ထုတ်ဖော်ပြောကြားဖို့ ဝန်လေးလာသော တကောင်းနီကယ် လုပ်သားများ အရေးနှင့် ပတ်သက်၍ အလုပ်သမား အရေးတက်ကြွလှုပ်ရှားသူ ကိုစောလှအောင်က “ခေတ်တွေ စနစ်တွေ သာမက အစိုးရလည်း ပြောင်းလာပြီ။ ဒါပေမယ့် အလုပ်သမားတွေရဲ့ ခံစားခွင့်တွေက ဒုံရင်း ဒုံရင်းပဲ ဖြစ်နေသေးတယ်။ အပေါ် ယံ လူကြားကောင်းလောက်တဲ့ မဖြစ်မနေ အခွင့်အရေးမျိုးလောက်ပဲ ရနေတယ်။  အလုပ်သမားတွေဟာ သူတို့ရဲ့ အခွင့်အရေး ဆုံးရှုံးနေတာတွေကို ဘာကိုကြောက်နေတာလဲ။ ဘာကို မပြောရဲနေကြတာလဲ။ ဘယ်လိုတွေ များ စနစ်တကျ အထဲမှာ ဖိအားပေးနေတာလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုလာပြီလို့ မြင်တယ်” ဟု သုံးသပ်သည်။

ဧရာဝတီက တွေ့ဆုံအင်တာဗျူး ခွင့်ရခဲ့သော အလုပ်သမား ၇၀ ရာခိုင်နှုန်းကျော်၏ ပြောကြားချက်များတွင် တရုတ် နိုင်ငံသား အလုပ်သမားနှင့် မြန်မာလုပ်သားများသည် ရာထူး၊ တာဝန် တူညီသော်လည်း လုပ်ခလစာ မတူညီ ခြင်း၊ တရုတ်နိုင်ငံသားများက လုပ်ခလစာနှင့် အခွင့်အရေး ပိုရခြင်း၊ လူမှုဖူလုံရေး စောင့်ရှောက်မှု ယနေ့အထိ မရရှိသေးခြင်းများ ရှိနေသည်။

ထို့အပြင် လုပ်ငန်းခွင်အတွင်း တရုတ်အလိုတော်ရိ မြန်မာခေါင်းဆောင်များ ရှိနေခြင်း၊ စက်ရုံအတွင်း အရည်အသွေး မြင့် သင်တန်းများ ပို့ချမှု အားနည်းခြင်း၊ လုပ်သားအားလုံး နှစ်စဉ် စစ်ဆေးရသော ကျန်းမာရေး ဆေးစစ်ချက်များအား စက်ရုံဘက်မှ တရားဝင် ချပြမှု ယနေ့အထိမရှိသေးခြင်း၊ မိမိအခွင့်အရေး တောင်းဆိုလာသည့် လုပ်သားများအား လုပ်ငန်းခွင် ဖိနှိပ်မှုများ ပြုခြင်းဆိုသည့် ဘုံတူညီသော အဖြေများအား ရရှိခဲ့သည်။

တကောင်းတောင်နီကယ်စက်ရုံ/မြတ်ပြည့်ဖြိုး

“ကျနော်တို့ မြန်မာအလုပ်သမားတွေ လစာက တရုတ်အလုပ်သမားတွေရဲ့ မုန့်ဖိုးသာသာလောက်ပဲ ရှိတယ်”  ဟု လုပ်သက် ၆ နှစ်ကျော်ရှိပြီဖြစ်သည့် စက်ရုံလုပ်သား ကိုဝင်းထွန်းက ဧရာဝတီကို ပြောသည်။

ပြည်ထောင်စု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အလုပ်သမား ရေးရာ ဆိုင်ရာ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်ကမူ “လုပ်ခလစာနဲ့ ပတ်သက်ရင်တော့ စက်ရုံနဲ့ သူတို့ ၁ ဦးချင်းစီ ချုပ်ထားတဲ့ အီးစီ (EC) စာချုပ်တွေက အဓိကပဲလေ။ ပြီးတော့ ကျနော်တို့နိုင်ငံမှာက လုပ်ငန်းကျွမ်းကျင်ကြောင်း သက်သေပြနိုင်တဲ့ အသိအမှတ်ပြုလက်မှတ်မျိုးတွေ မရှိတာကြောင့်လည်း ဒီလိုမညီမျှမှုတွေပြသနာတွေဖြစ်တာ” ဟု သုံးသပ်သည်။

လက်ရှိတွင် နိုင်ငံခြားသား လုပ်သားဥပဒေကို ရေးဆွဲလျက်ရှိရာ ယင်းတွင် အထက်ပါ လုပ်ခလစာ မညီမျှမှုကိစ္စများနှင့် ပတ်သက်၍ ထည့်သွင်း ရေးဆွဲထားသည်ဟု သိရသည်။

အဆိုပါ ၂၀၁၇ ခုနှစ် တွေ့ဆုံပွဲတွင် ရရှိခဲ့သော Mr. Guo Ran ၏ အီးမေးလ်လိပ်စာအရ လက်ရှိ တကောင်းတောင် နီကယ်စက်ရုံ အလုပ်သမားရေးရာကိစ္စများအား အသေးစိတ် သိရှိနိုင်ရန် ဆက်သွယ် မေးမြန်းခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိခဲ့ပါ။

“အလုပ်သမားတွေ အကျိုးထိခိုက်ရင် စက်ရုံရဲ့အကျိုးလည်း ထိခိုက်မှာဖြစ်ပါတယ်။ အားလုံးရဲ့ အကျိုးစီးပွားအတွက် ကျနော်တို့ အဓိကထား စဉ်းစားသလို ဘယ်လိုကိစ္စမျိုးမဆို အလုပ်သမားတွေဘက်က ဥပဒေဘောင် အတွင်းကပဲ ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ စက်ရုံ အကျိုးစီးပွားဆိုင်ရာကို ထိခိုက်စေရင်တော့ ထိုက်သင့်တဲ့ အရေးယူမှုတော့ လုပ်ရပါတယ်” ဟု ၂၀၁၇ ခုနှစ် နှစ်လယ်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော တကောင်းတောင် နီကယ် စက်ရုံရှင်းလင်းပွဲတွင် စက်ရုံ၏ မန်နေဂျင်းဒါရိုက်တာ Mr. Guo Ran က ထိုသို့ ပြောကြားခဲ့သည်။

စက်ရုံအလုပ်ရှင်သည် အလုပ်သမား အလုပ်ရှင် ပြသနာကို ပြေလည်စွာ ဖြေရှင်းရန် မကြိုးစားဘဲ၂၀၁၆ ခုနှစ် စက်ရုံအလုပ်သမားများ ဆန္ဒပြမှု အပြီး ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ စက်ရုံလုပ်သား ကိုထွန်းထွန်းဝင်းကို အလုပ် ထုတ်ပစ်ခဲ့သည်။

အဆိုပါကိစ္စအား အလုပ်ရှင်အလုပ်သမား ဖျန်ဖြေရေးမှ အလုပ်သမားဆိုင်ရာ ခုံသမာဓိ ကောင်စီသို့ တက်ရောက် တိုင်ကြားခဲ့ရာ ခုံသမာဓိကောင်စီက အလုပ်ထုတ်ခံရသူ ကိုထွန်းထွန်းဝင်းအား အလုပ်ပြန်ခန့်ရန် ဆုံးဖြတ်ခဲ့သော်လည်း ယနေ့အထိ စက်ရုံဘက်က အလုပ်ခန့်ထားခြင်း မရှိသေးဟု ကာယကံရှင်ဖြစ်သူ ကိုထွန်းထွန်းဝင်းက ဧရာဝတီကို ပြောပြသည်။

စက်ရုံသည် ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ကို မလိုက်နာသည့် အခြေအနေအပေါ် သက်ဆိုင်ရာ တာဝန်ရှိ ဌာနများက တစုံတရာ အရေးယူမှု မရှိသေးခြင်းက မေးခွန်းထုတ်စရာ ကိစ္စ ဖြစ်နေသည်။

“တရုတ်ရင်းနှီးမြှုပ်နှံမှုတွေက အန္တရာယ်များတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဒေသခံ အလုပ်သမားထက် သူတို့ နိုင်ငံသား အလုပ်သမားတွေကို ခေါ်လာကြတယ်။ အဲဒီတော့ ဒေသနဲ့ ဒေသခံလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းက ဘယ်လိုနေရာတွေမှာ ရနေကြတာလဲဆိုတာ တာဝန်ရှိ လူကြီးမင်းများ စစ်ဆေးသင့်တယ်”ဟု Citizen Action for Transparency ၏ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ဧရာဝတီကို ပြောသည်။

အလုပ်သမားများသည် နည်းမျိုးစုံဖြင့် ဖိနှိပ်ခံရမှုများ၊ အခွင့်အရေး ဆုံးရှုံးမှုများ ရှိနေသော်လည်း သက်ဆိုင်ရာ ဌာနများ သို့ ထိရောက်စွာ တိုင်ကြားခြင်း မရှိသလို မိမိတို့ အခွင့်အရေး ရရှိရန် တောင်းဆိုမှုများကိုလည်း ၂၀၁၆ ခုနှစ် နောက်ပိုင်း တွင် ရှေ့ဆက် တိုး လုပ်ဆောင်မှု မရှိကြပေ။ မည်သည့် အကြောင်းကိစ္စများက ထိုသို့ မပြုလုပ်ရန် ဟန့်တားနေသည်ကိုမူ သေချာစွာ မသိရှိရပါ။

အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က အလုပ်သမားများ အနေဖြင့် မိမိတို့ ကြုံတွေ့ရသည့် ပြသနာများအား တိုင်ကြား နိုင်သလို ဥပဒေအရ ရပိုင်ခွင့်များအတိုင်း ရရှိရန် ဆောင်ရွက်ရမည့် ကိစ္စများအား ဌာနဘက်က ဆောင်ရွက်ပေးသလို ဥပဒေအရ မဟုတ်သော တောင်းဆိုချက်များ ဖြစ်ပါက သက်ဆိုင်ရာ အလုပ်ရှင်များနှင့် တိုက်ရိုက် သော်လည်းကောင်း၊ အငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့များမှ တဆင့်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်ဟု ရှင်းပြသည်။

“အလုပ်သမားရေးရာ ပြသနာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ဝန်ကြီးဌာနက တိုင်ကြားမှု ယန္တရားကို အမြဲလမ်းဖွင့် ပေးထားတယ်။ ဒါပေမဲ့ နည်းလမ်းမှန်ကန်စွာ ချဉ်းကပ်နိုင်ဖို့တော့ လိုသလို ကျနော်တို့အနေနဲ့လည်း  အလုပ်သမား တွေရဲ့ အသံအစစ်အမှန်ကို နားထောင်ချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အလုပ်သမားရေးရာဆိုင်ရာ ဥပဒေ ၁၅ ခု ရှိသလို ပြည်ထောင်စု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်တွင် အလုပ်သမား တာဝန်ယူသော ဌာန ၄ ခုရှိရာ သက်ဆိုင်သည့် ကဏ္ဍအလိုက် ဌာနများက တာဝန် ယူနေရသည့်အတွက် တိုင်ကြားမှုများသည် အမှန်တကယ် တာဝန်ယူ ဖြေရှင်းနိုင်သည့်ဌာနသို့ ရောက်ရှိလာရန် လိုအပ်သည်ဟု ဆိုသည်။

“အနာနဲ့ ဆေးတွေ့ဖို့ လိုတာပေါ့ဗျာ” ဟု အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

ထို့အပြင် တကောင်းတောင်နီကယ်စက်ရုံတွင် မြန်မာလုပ်သားပေါင်း ၁၇၀၀ ခန့်ရှိသော်လည်း ယနေ့အထိ လူမှုဖူလုံရေး ဝင်ရောက်ရခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် စက်ရုံတည်ရှိရာ ထီးချိုင့်မြို့နယ်သည် လူမှုဖူလုံရေး အကျုံးဝင် မြို့နယ်မဟုတ်ခြင်းကြောင့် လူမှုဖူလုံရေးဦးစီးဌာန အနေဖြင့် စက်ရုံအလုပ်သမား များအား လူမှုဖူလုံရေး မဖြစ်မနေဝင်ရောက်ရန် စေခိုင်းခွင့်မရှိဟု ထီးချိုင့်မြို့နယ်ကိုပါ တာဝန်ယူထားရသော ကသာမြို့နယ် လူမှုဖူလုံရေး ရုံးခွဲတာဝန်ခံ ဦးစိုးမင်းထွန်းက ဧရာဝတီကို ရှင်းပြသည်။

နီကယ်စက်ရုံမှ ကျောက်မီးသွေးနှင့်ရောထားသော နီကယ်စွန့်ပစ် မြေစာပုံကြီး/မြတ်ပြည့်ဖြိုး

“ကျနော်လက်ထက်မှာ ဒီစက်ရုံက ဒီလောက် အလုပ်သမား အရေအတွက်ကို လူမှုဖူလုံရေး ဝင်စေချင်တာပေါ့။ ဒါကြောင့် စက်ရုံကို လူမှုဖူလုံရေး အသိပညာပေး ဟောပြောပွဲတွေ သွားလုပ်တယ်။ လုပ်တိုင်း တက်လာတဲ့ အလုပ်သမားက ၃၀၊ ၄၀ ဦး အပြင် မပိုဘူး” ဟု ဦးစိုးမင်းထွန်းက ပြောသည်။

ဆက်လက်၍ ၎င်းက “အလုပ်ရှင်က မလွှတ်တာလား၊ အလုပ်သမားတွေက မလာချင်တာလား ဆိုတာကတော့ ကာယကံရှင်တွေမှပဲ သိကြလိမ့်မယ်” ဟု ဆိုသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ စက်ရုံတာဝန်ရှိသူသည် မိမိစက်ရုံသို့ လုပ်သားအသစ် စတင် အလုပ် လုပ်ကိုင် သည့်နေ့မှ ၁၀ ရက်အတွင်း အလုပ်သမားအတွက် လူမှုဖူလုံရေးသို့ ဝင်ရောက်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်လူမှု ဖူလုံ ရေး ရုံးသို့ အကြောင်းကြားရမည်ဖြစ်ကာ ပျက်ကွက်ပါက အရေးယူနိုင်သည်ဟု ဖော်ပြပါရှိသည်။

သို့ရာတွင် အဆိုပါပြဌာန်းချက်သည် လူမှုဖူလုံရေး အကျုံးဝင်နယ်မြေများ အတွင်းသာ အသက်ဝင်သလို အကျုံးဝင် နယ်မြေ မဟုတ်ပါက အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် ဆန္ဒရှိမှသာ လူမှုဖူလုံရေးသို့ ဝင်ရောက်နိုင်မည်ဟု သိရသည်။

ပြီးခဲ့သော အောက်တိုဘာလက စက်ရုံတွင်း မတော်တဆမှုကြောင့် အကြီးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့သော လုပ်သား ကိုဇော်ထွေးက “စက်ရုံဘက်က ဆေးကုသတဲ့စရိတ်တော့ သူတို့တာဝန်ယူနိုင်မယ်။ အဲဒါပြီးသွားရင်တော့ မိသားစု စားဝတ်နေရေးဆိုင်ရာ အခက်အခဲကိုတော့ တာဝန်ယူပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတယ်။ အဲဒီလိုပြောလာတဲ့ စိတ်မကောင်းဖြစ်ရပေမယ့် ကျနော်အနေနဲ့ ဘာပြောလို့ တတ်နိုင်မှာလဲ” ဟု ဧရာဝတီကို ပြောသည်။

လုပ်သက် ၉ နှစ်ကျော်ရှိသော ကိုဇော်ထွေးသည် စက်ရုံအတွင်း အလုပ်လုပ်နေစဉ် လည်နေသော ပတ်ကားကြိုး အတွင်း လက်ဝင်သွားသဖြင့် ညာဘက် လက်ဖျံရိုးကျိုးကာ အာရုံကြောဆိုင်ရာ ဝေဒနာတို့ကို လက်ရှိခံစားနေရပြီး မိသားစု ၅ ဦးအား တာဝန်ယူနေရသော အိမ်ထောင်ဦးစီး ဖြစ်သည်။

“တကောင်းနီကယ်မှာ အလုပ်သမား ထောင်ကျော်ရှိတယ်။ ဒီနေ့အထိ လူမှုဖူလုံရေး မဝင်ရသေးဘူး။ အဲဒီတော့ သက်ဆိုင်ရာ လူမှုဖူလုံရေး ဘာလုပ်နေလဲလို့ပဲ မေးချင်တယ်။ ဘယ်လိုအခြေအနေပဲရှိရှိ  နိုင်ငံခြားသားပိုင် စက်ရုံ ၁ ရုံမှာ ထောင်ချီရှိတဲ့ ကိုယ့်မြန်မာလုပ်သားတွေအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်ရအောင်တော့ လုပ်ပေးသင့်ပြီလို့ ကျနော်မြင်တယ်” ဟု အလုပ်သမားရေးရာ တက်ကြွ လှုပ်ရှားသူ ကိုစောလှအောင်က ထောက်ပြသည်။

“လူမှုဖူလုံရေး ဝင်လိုက်ရင်တော့ လုပ်သားတွေ ထိခိုက်နစ်နာရမယ့် ကိစ္စတွေ ဖြစ်လာခဲ့ရင် လူမှုဖူလုံရေး အကျိုး ခံစားခွင့် ရနိုင်သလို သက်ဆိုင်ရာ အလုပ်ရှင်ဘက်က တာဝန် မယူနိုင်တဲ့ကိစ္စမျိုးကို ဌာနက တာဝန်ယူပေးတဲ့ သဘော ပါပဲ” ဟု ပြည်ထောင်စု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေး အဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်အေးက ဧရာဝတီကို ပြောသည်။

ထို့ကြောင့် တကောင်းနီကယ်စက်ရုံရှိ လုပ်သားများ လူမှုဖူလုံရေး ဝင်ရောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လူမှုဖူလုံရေး တိုင်းတာဝန်ခံအား ကွင်းဆင်းစစ်ဆေးစေမည်ဟု ၎င်းက ဆိုသည်။

မြန်မာကဲ့သို့ ဖွံ့ဖြိုးမှု အားနည်းဆဲ နိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် နိုင်ငံခြားဝင်ငွေ စီးဝင်လာခြင်းတို့ ရည်ရွယ်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို သက်ဆိုင်ရာ တာဝန်ရှိဝန်ကြီးဌာန များက တောက်လျှောက် ဖိတ်ခေါ် လျက် ရှိသည်။ ထိုသို့ ဖိတ်ခေါ်မှုများ နောက်တွင် အလုပ်ရှင် အလုပ်သမား ပြသနာများကလည်း နောက်ဆက်တွဲ ပါလာသည်။

အလားတူ လက်ရှိ ပြည်တွင်းသို့ လုပ်ငန်း လာရောက်လုပ်ကိုင်ကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ သတ်မှတ်ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေး ကြပ်မတ်ရမည့် ကိစ္စသည်လည်း အထက်ပါဌာနများတွင် တာဝန်အပြည့်အ၀ ရှိမည်ဟု သယံဇာတကဏ္ဍနှင့် ပတ်သက်၍ လေ့လာ စောင့်ကြည့်နေသော အရပ်ဖက်အဖွဲ့အစည်း Citizen Action for Transparency ၏ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ဧရာဝတီကို ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
175
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
562
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132

အလုပ်သမား အငြင်းပွားမှုများ ရှိနေသော တကောင်းတောင်နီကယ် စက်ရုံစီမံကိန်းသို့ ၂၀၁၈ ခုနှစ် မေလဆန်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သွားရောက်စစ်ဆေးခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဝက်ဘ်ဆိုဒ်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုစဉ်က ဦးဆောင်စစ်ဆေးခဲ့သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ၎င်းတို့ စက်ရုံသို့ သွားရောက်စစ်ဆေးစဉ်က မြန်မာလုပ်သား ၁၂၀၀ ခန့်ရှိပြီး သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ (Corporate Social Responsibility – CSR) လုပ်ဆောင်နေမှု အခြေအနေများအား အဓိကထားကာ စစ်ဆေးခဲ့သည်ဟု ဧရာဝတီကို ပြောသည်။

“စစ်ဆေးတွေ့ရှိချက်အရ လုပ်ဆောင်ထားမှုတွေက လက်ခံနိုင်ဖွယ် တွေ့ရှိရပါတယ်” ဟု ဦးအောင်နိုင်ဦးက ဖြေကြားသည်။

Citizen Action for Transparency ၏ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက “ကွင်းဆင်း စစ်ဆေးတဲ့အခါမှာ ဘယ်လို လုပ်ထုံးလုပ်နည်းတွေနဲ့ စစ်တယ်ဆိုတာ အများပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုအပ်ပါတယ်။ ဒါမှသာ မှန်ကန်တဲ့ရလဒ်မျိုးတွေ ရလာမယ်။ အဲဒီလို မဟုတ်ရင်တော့ ကုမ္ပဏီက တာဝန်ရှိတဲ့သူတွေ ပြောသမျှ နားထောင်ပြီး ပြန်လာတာပဲရှိမယ်” ဟု ထောက်ပြသည်။

တရုတ်ပြည်သို့ နေ့စဉ်တင်ပို့သော ထီးချိုင့်ဆိပ်ကမ်းရှိ တကောင်းနီကယ်စက်ရုံ ကုန်ချောတင်ပို့မှု ဆိပ်ကမ်း/ မြတ်ပြည့်ဖြိုး

လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အဓိကခွင့်ပြုပေးနေသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွင်များ၊ စက်ရုံများသို့ ပုံမှန်အချိန်ဇယားဖြင့် မဟုတ်ဘဲ “အခါအားလျော်စွာ” သို့မဟုတ် “မမှန်မကန် ဆောင်ရွက်နေကြောင်း သတင်းရရှိသောအခါ” တို့တွင်သာ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်သည်ဟု ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဆိုသည်။

ထို့အတူ စက်ရုံအတွင်း စစ်ဆေး တွေ့ရှိချက်မှတ်တမ်းများသည် “ကန့်သတ်” အဆင့်ဖြစ်သဖြင့် အများပြည်သူနှင့် မီဒီယာသို့ မထုတ်ပြန်ဟုလည်း ပြောသည်။

အလုပ်သမားများ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုများ ခံစားနေရသည့် ထိုနီကယ်စက်ရုံစီမံကိန်းသည် မန္တလေးတိုင်း သပိတ် ကျင်း မြို့နယ်နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တကောင်းတောင်ဒေသတွင် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် ဖယ်ရိုနီကယ်ထုတ်လုပ်မှု လုပ်ငန်း သဘောတူစာချုပ်အား ၂၀၀၈ ခုနှစ် ဇူလိုင် ၂၈ ရက်က စာချုပ်ချုပ်ဆိုခဲ့ရာ စာချုပ်သက်တမ်းသည် နှစ် ၂၀ ဖြစ်သည်။

တကောင်းတောင် ဖယ်ရိုနီကယ်စက်ရုံသည် ထုတ်လုပ်မှု စတင်သည့် ကာလမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ ဖယ်ရိုနီ ကယ် တန်ချိန် ၁၆၇ ၈၃၈ တန်ကျော်ကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်ပြီး အဆင့်နိမ့်နှင့် အဆင့်မှီ ဖယ်ရိုနီကယ် ပထမ အကြိမ်မှ ၂၂ ကြိမ်မြောက်အထိ သဘောင်္ တင်ပို့ရောင်းချမှုမှ နိုင်ငံတော်သို့ ဓာတ်သတ္တုခွန် အမေရိကန် ဒေါ်လာ ၂၄ သန်း (၂၄,၇၀၃,၄၀၃) နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းသို့ ခွဲဝေမှုအချိုး အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် (၂၅,၆၈၇,၂၇၉) ကျော် ပေးသွင်းပြီးဖြစ်ကြောင်း ပြည်ထောင်စု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထားသည်။

တကောင်းတောင် နီကယ်စက်ရုံသည် လက်ရှိတွင် တရက်လျှင် နီကယ်သတ္တုရိုင်း တန် ၅၀၀၀ တူးဖော်ပြီး တရက်လျှင် ဖယ်ရိုနီကယ် တန် ၂၀၀ အား ထီးချိုင့်သဘောင်္ဆိပ်မှ ဧရာဝတီမြစ်ကြောင်း အတိုင်း ရေလမ်းဖြင့် တရုတ်ပြည်သို့ တင်ပို့ လျက် ရှိကြောင်း အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ တကောင်းတောင် နီကယ်စက်ရုံ၏ သတ္တုတွင်း တာဝန်ခံဦးသိန်းညွှန့်က ဧရာဝတီကို ပြောသည်။

တကောင်းတောင် နီကယ်စက်ရုံ နဲ့ အလုပ်သမား အခွင့်အရေး (ရုပ်/သံ)

တကောင်းတောင်နီကယ်စက်ရုံနှင့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ ချုပ်ဆိုထားသော စာချုပ်အရ နှစ် ၂၀ ဖြစ်သော် လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က လုပ်ငန်းကာလ ၁၀ နှစ်ပြည့်အနေဖြင့် အကျိုးအမြတ်ခွဲဝေမှုအား ပြန်လည် သုံးသပ်ခြင်းအား သတ္တုတွင်းဘက်က ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သော ၁၀ နှစ်တာ ကာလအတွင်း ထုတ်လုပ်မှုအပေါ် အကျိုးအမြတ် ခွဲဝေသည့်အနေဖြင့် လန်ဒန် သတ္တုပေါက် ဈေးကွက် (London Metal Exchange) အပေါ် မူတည်ကာ ဖယ်ရိုနီကယ် တတန်လျှင် ဒေါ်လာ ၁၅,၀၀၀ အောက် ဖြစ်ပါက ကုမ္ပဏီဘက်က သတ္တုတွင်းသို့ ၁ ရာခိုင်နှုန်းကို ဝေစုအချိုး အဖြစ် အကျိုးအမြတ် ခွဲဝေလျက်ရှိသည်။

၁၀ နှစ်ပြည့်ပြီးနောက် သတ္တုတွင်းဌာနဘက်က ဝေစုအချိုးအား ၁ ရာခိုင်နှုန်းမှ တိုးမြှင့်ရန်နှင့် ကုမ္ပဏီက သတ်မှတ် ထားသော ထုတ်လုပ်မှု အသားတင်ကုန်ကျစရိတ်ကို လျော့ချ တွက်ချက်ရန်အတွက် Myanmar CNMC Nickel ကုမ္ပဏီသို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လမှစတင်ကာ ညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လလယ်တွင် ညှိနှိုင်းမှု ပြီးပြတ်ခဲ့ကြောင်း ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန  အမှတ်(၁) သတ္တုတွင်း လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ဇင်ဦးက ဧရာဝတီကို ပြောသည်။

ဝန်ကြီးဌာနဘက်မှ ရရှိနိုင်မည့် ထုတ်လုပ်မှု အကျိုးအမြတ် ခံစားခွင့် တိုးမြှင့်မည့် ကိစ္စ အသေးစိတ်ကိုမူ ထုတ်ဖော် ပြောကြားရန် ငြင်းဆိုသည်။

စာချုပ်ပြင်ဆင်ရန် ညှိနှိုင်းပြီးစီးဖြစ်၍  ၎င်းစာချုပ်မူကြမ်းအား လွှတ်တော်သယံဇာတ ရေးရာကော်မတီ အပါအဝင် ပြည်ထောင်စု ဝန်ကြီးများရုံး၊ ပြည်ထောင်စု စီးပွားရေးရာကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို ဆက်လက် တင်ပြကာ အတည်ပြုချက် ရပါက စာချုပ် ချုပ်ဆိုနိုင်မည်ဖြစ်သည်ဟု သိရသည်။

“ဒီကိစ္စအတွက် ဌာနနဲ့ ကုမ္ပဏီ အကြိမ်ကြိမ် အစည်းအဝေးတွေ ခေါ်ပြီး ဆွေးနွေးရတယ်။ အချက်အလက်တွေ ပြန်စုရတာတွေကြောင့် ကာလ အနည်းငယ်ကြာသွားတာပါ။ ကုမ္ပဏီဘက်က အချိန်ဆွဲတာ မဟုတ်ပါဘူး။ ဌာနဘက် ကလည်း အထက်ရဲ့လမ်းညွှန်မှုနဲ့ တောက်လျှောက် ဆောင်ရွက်ခဲ့ပါတယ်” ဟု ဦးကျော်ဇင်ဦးက ရှင်းပြသည်။

Citizen Action for Transparency ၏ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းကမူ “ကိုယ့်နိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ ကုမ္ပဏီနဲ့ အကျိုးအမြတ် ဝေစု တခု အပြောင်းအလဲလုပ်ဖို့ ၁ နှစ်ကျော်လောက် စောင့်နေရတယ် ဆိုကတည်းက သတ္တုတွင်းရဲ့ အခွင့်အာဏာကို ကောင်းကောင်းကြီး မြင်ခွင့်ရလိုက်တဲ့ အနေအထားပါပဲ။ တဖက်သတ် ချုပ်ဆိုထားတဲ့ စာချုပ်တွေကို မပြောင်းနိုင်သရွေ့ နိုင်ငံက နစ်နာနေဦးမှာပဲ” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် တရုတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု အလွန် အားနည်းကြောင်းလည်း သူက သုံးသပ်သည်။

သို့ဖြစ်ရာ ပြည်တွင်း အကြီးမားဆုံး နီကယ်စက်ရုံတွင်း အလုပ်သမားများ ကြုံတွေ့နေရသည့် ခွဲခြားဆက်ဆံ ခံရခြင်း၊ ဖိနှိပ်ခံရခြင်း ပြသနာများ၊ လူမှုဖူလုံရေး  ကိစ္စ အပါအဝင် အကျိုးအမြတ် ခွဲဝေခြင်း ဆိုင်ရာ ကိစ္စများကို သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်သည်။

You may also like these stories:

တကောင်းတောင် စီမံကိန်းနှင့် ဒေသခံများ၏ ဒုက္ခ

တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ

နီကယ်စက်ရုံ အလုပ်သမားများ အကြောင်းပြချက်မရှိ လစာဖြတ်ခံနေရ

Your Thoughts …
Tags: တကောင်းတောင်တရုတ်နီကယ်စက်ရုံအလုပ်သမား
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
Equality Myanmar  ဒါရိုက်တာ ဦးအောင်မျိုးမင်း  / Aung Myo Min / FB

မလုပ်ပါဘူး မရှုပ်ပါဘူးဆိုပြီး ငြင်းဆန်မှုကြောင့် နိုင်ငံတကာဖိအားတွေ ပိုတိုးလာတာ

မန္တလေးတိုင်းအစိုးရ၏ အမှန်တကယ် စွမ်းဆောင်ရည်ကို တိုင်းတာလိုလျှင် မန္တလေးမြို့အပြင်ဘက် စည်ပင်သာယာ နယ်နိမိတ်ကို ကျော်လွန်ကြည့်ရန် လိုအပ်မည် / ဧရာဝတီ

မန္တလေး၏ တိုးတက်မှုအား ဆန်းစစ်ခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved