လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ (ဂျီနိုဆိုက်) ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ လာမယ့် ဇန်နဝါရီ ၂၃ ရက်မှာ အဆုံးအဖြတ်ပေးတော့မှာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာက မြန်မာနိုင်ငံကို လူမျိုးသုဉ်း သတ်ဖြတ်ခြင်း ရာဇဝတ်မှု တားဆီးကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်း ချိုးဖောက်တဲ့ အတွက်ဆိုပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ် (The Hague) မြို့မှာရှိတဲ့ ICJ တရားရုံးမှာ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက် က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သွားရောက်ဖြေရှင်းခဲ့တဲ့ ဒီအမှုရဲ့ နှစ်ဖက် အပြန် အလှန် နှုတ်နဲ့ကြားနာမှုကို ၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်ထိ ပြုလုပ်ခဲ့အပြီး ၁ လ ကျော်အချိန်မှာ အခုလို အဆုံးအဖြတ်ကို ကြေညာပေးတော့မှာလည်း ဖြစ်ပါတယ်။
အမှုနဲ့ ပတ်သက်လို့ တရားရုံးကို နှစ်ဖက် တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ တရားရုံးက ဘယ်လို ဆုံးဖြတ်ချက် ချ နိုင်ခြေရှိလဲ၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကနေ ဘာတွေဖြစ်လာနိုင်လဲ ဆိုတာတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူလည်းဖြစ် Equality Myanmar ရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဇူးဇူး က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ ဂမ်ဘီယာကနေ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ လာမယ့် ဇန်နဝါရီ ၂၃ ရက်မှာ တရား ရုံးရဲ့ အဆုံးအဖြတ် ထွက်လာတော့မှာ ဖြစ်ပါတယ်။ ICJ တရားရုံးအနေနဲ့ ဘယ်လို ဆုံးဖြတ်ချက်ချနိုင်တယ်လို့ ထင်ပါ သလဲ။
ဖြေ ။ ။ ကျနော်တို့ အနေနဲ့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသလို ဒီဒေသတွေမှာ ဂျီနိုဆိုက်လို့ခေါ်တဲ့ လူမျိုးသုဉ်း သတ် ဖြတ်မှု မြောက်လား မမြောက်ဘူးလား ဆိုတဲ့အချက်ကို ပြောရတော့ ခက်တယ်။ ဒါကတော့ ဒီခုံရုံးက ဆက်လက် ပြီး ဆွေးနွေးသွားမှာပါ။ ဒါပေမယ့် သေချာတခုကတော့ မြန်မာပြည်မှာ အရမ်းကို ကြီးမားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နိုင်ငံတကာရာဇဝတ်မှုလို့ သတ်မှတ်တဲ့ အမှုတွေဖြစ်တယ်ဆိုတာတော့ သူတို့အနေနဲ့ ကောက်ချက်ချမယ် လို့ ထင်ထားပါတယ်။ ဘာကြောင့်လဲဆို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီကိစ္စတွေ ရှိတာရှိပါတယ်။ အာဏာကို လိုအပ်တာထက် ပိုသုံးတာ ရှိတယ်။ တချို့သော ချိုးဖောက်မှုတွေ ရှိနိုင်တယ်ဆိုပြီး သူကိုယ်တိုင် ပြောသွားတဲ့အတွက် တရားရုံးကလည်း ဒီအချက်ကို အနည်းဆုံးတော့ ပြောမယ်ဆိုတာ သေချာပါတယ်။ အဲဒီတော့ ကျနော်တို့က ဒီကိစ္စ အတွက်ကို ဘယ်လိုမျိုးနည်းနဲ့ ရှေ့ဆက်ပြီး ဆောင်ရွက်သွားမလဲဆိုတဲ့ အချက်ကို စဉ်းစားဖို့ လိုပါတယ်။
မေး ။ ။ ဂမ်ဘီယာက တောင်းဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ လက်ခံ ဆောင်ရွက် ပေးသင့်တယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ဂမ်ဘီယာဘက်က မြန်မာအစိုးရအနေနဲ့ ဒီလိုမျိုး ကျူးလွန်တဲ့အချက်တွေကို စုံစမ်းစစ်ဆေးဖို့ ပထမ အချက် တောင်းဆိုထားပါတယ်။ ဒီလိုမျိုး စုံစမ်းစစ်ဆေးတဲ့အခါမှာ ကျူးလွန်တယ်လို့ တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ် အရေးယူပြီးတော့ တရားဥပဒေအရ ဆောင်ကြဉ်းပေးဖို့ ဆိုတဲ့အချက်ကို တောင်းဆိုထားတယ်။ စုံစမ်းစစ်ဆေး မှုမှာ အထောက်အထားဖြစ်နိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အထောက်အထား သက်သေတွေကို ဖျက်ဆီးခြင်းမပြုဘဲ လုပ်ဆောင်ပေးဖို့ဆိုတဲ့ အချက်တွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒီအချက်တွေကို ကြည့်တဲ့အခါ ဂျီနိုဆိုက် မြောက်ခြင်း မမြောက်ခြင်း မဆိုင်ဘူး။ လူ့အခွင့်အရေးကို အမှန်တကယ် လေးစားသော၊ လူ့အခွင့်အရေးနဲ့ ပြည်သူရဲ့ အကျိုးကို ကြည့်သော၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်ပေးလိုတဲ့ အစိုးရတိုင်းက လုပ်ဆောင်သင့်တဲ့ အချက်တွေပဲ ဖြစ်တယ်။ တကယ်လို့ အစိုးရတရပ်က ဂျီနိုဆိုက်မြောက်တာမှ လုပ်ဆောင်စရာ မဟုတ်ဘူး။ war crime လို့ခေါ်တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကျူးလွန်မှ လုပ်စရာမဟုတ်ဘူး။ ပြည်သူ ပြည်သား တိုင်းပြည်တွင်းမှာ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်လာလို့ရှိရင် ဒီကိစ္စလုပ်ရမှာ အစိုးရရဲ့ တာဝန်ပဲ ဖြစ်တယ်။ ICJ က ခိုင်းလို့လုပ်တယ်။ ခိုင်းလို့လုပ်ရတယ် ဒါကြောင့် ငါတို့ မလုပ်ဘူးဆိုတဲ့ စိတ်မျိုးမထားဘဲနဲ့ ကိုယ့်ရဲ့ ပြည်တွင်းမှာ လူ့အခွင့်အရေး လေးစားသော အစိုးရတရပ်ဆိုတာ ပြသဖို့အတွက် ခုနအချက်တွေက ICJ က ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ လုပ်ရမယ့် အချက်တွေပဲ ဖြစ်တယ်။
သူတို့(မြန်မာဘက်)ကတော့ ဒီကိစ္စက ဂျီနိုဆိုက် မမြောက်တဲ့အတွက် ဒါကို ပလပ်ပေးဖို့ ဆိုတဲ့သဘောမျိုး တောင်း ဆိုထားတာ ဖြစ်ပါတယ်။ ဂျီနိုဆိုက်မြောက်မှ အစိုးရက တာဝန်ရှိတာ မဟုတ်ဘူး။ လူ့အခွင့်အရေးဆိုတာ ဘယ်သူ့ အပေါ်မှာ ဘယ်သူကပဲ ကျူးလွန်ကျူးလွန် ဒါတွေကို လေးစားကာကွယ်ပေးရမှာ အစိုးရအပါအဝင် လူသားတိုင်းရဲ့ တာဝန်ဖြစ်တယ်။ ဒီဟာကို ဂျီနိုဆိုက် မမြောက်တဲ့အတွက် ငါတို့ ဘာမှ လုပ်စရာမလိုဘူးလို့ စိတ်ထားမျိုး မထားစေချင် ဘူး။ ဂျီနိုဆိုက် မြောက်မြောက် မမြောက်မြောက် လူ့အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်ပေးဖို့ ပထမဦးဆုံး တိကျ ခိုင်မာသော လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို တကယ်လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
ပြီးလို့ရှိရင် အရေးကြီးတာ က စုံစမ်းစစ်ဆေးပြီး ကျူးလွန်တဲ့သူတွေ ပေါ်လာရင် ဘယ်လိုလုပ်မှာလဲ။ ကျနော်တို့ တိုင်းပြည်မှာ ဒါနဲ့ပတ်သက်လို့ တိတိကျကျ ထိထိရောက်ရောက် အရေးယူနိုင်တဲ့ တရားရေး စီရင်မှုရှိလား။ ဒါနဲ့ပတ်သက်ပြီး အရေးယူနိုင်ခွင့် လုပ်ပိုင် ခွင့်ကရော ရှိရဲ့လား။ ဒါကို ပြန်ကြည့်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲမှုဖြစ်ဖို့ လိုအပ်တယ်။ နောက်တခုက ခံစားရတဲ့ သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့သူတွေကို နစ်နာမှုနဲ့ ပတ်သက်လို့ ဘယ်လိုမျိုး ပြန်ပြီးတော့ အမှန်တရားအတိုင်း ဖြစ်ဖို့အတွက် ဖော်ဆောင်နိုင်မလဲ။ အိုးမဲ့အိမ်မဲ့ ဖြစ်ရုံတင်မကဘူး။ ဒီလို တိုင်းပြည်က မောင်းထုတ်ခံရတဲ့ အခြေ အနေမျိုးဖြစ်လို့ရှိရင် ဒါကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်လည်ပြီးတော့ အသိုင်းအဝိုင်း ကြားထဲ ပြန်ရောက်အောင် ဘယ်လိုမျိုး လုပ်ပေးနိုင်မလဲ။ ဒီဟာတွေကို ဒီအစိုးရအနေနဲ့ လုပ်ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။
မေး ။ ။ ICJ က ဆုံးဖြတ်ချက် ထွက်မလာခင်မှာပဲ ရခိုင်ပြည်နယ်အရေးဆိုင်ရာ မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကကော်မရှင် (ICOE) ရဲ့ နောက်ဆုံး အစီရင်ခံစာ ထွက်လာတယ်ပေါ့။ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ဒီ ရခိုင်ဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ပြောကြားချက်နဲ့ သုံးသပ်ချက်ကတော့ ICJ မှာ ဒေါ်အောင် ဆန်းစုကြည်သွားပြီး ဖြေရှင်းတဲ့အတိုင်း တလေသံတည်း ထွက်တာတွေ့ရတယ်။ ဆိုလိုတဲ့အချက်က ဂျီနိုဆိုက် မမြောက်ဘူး။ ဘာကြောင့်လဲဆို ဒါကိုရည်ရွယ်ပြီး လုပ်ဆောင်တယ်ဆိုတဲ့အချက် သက်သေအထောက်အထား မရှိတဲ့ အတွက်ကြောင့် ဂျီနိုဆိုက် မမြောက်ဘူး ပြောထားတယ်။ ဒါပေမယ့် သူတို့အနေနဲ့ မငြင်းတာတခုက ဒီ လက်နက်ကိုင် တပ်ဖွဲ့တွေ အပါအဝင် ပါဝင်နေတဲ့ အဖွဲ့တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့အချက်ကိုတော့ ဖော်ပြထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ဘက်ပေါင်းစုံက ချိုးဖောက်နေတဲ့ အရာတွေ ရှိတယ်။ အာဆာလည်း ချိုးဖောက်ပါတယ်။ တပ်မတော်ကလည်း ချိုးဖောက်မှု ရှိကောင်းရှိနိုင်တယ်ဆိုတဲ့ အချက်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာက ရှိပါတယ်ဆိုတာ သက်သေပြလိုက်တာ ဖြစ်တယ်။
မေး ။ ။ အဲဒီတော့ ICOE ရဲ့ အစီရင်ခံစာက ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တစုံတရာ သက်ရောက်မှုများ ရှိနိုင်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ကျနော်ကတော့ သိပ်ပြီး သက်ရောက်မှုရှိမယ်လို့ မထင်ဘူး။ တကယ်လို့သာ ဒီအစီရင်ခံစာက ပြီးခဲ့တဲ့ တလလောက်က ထွက်ခဲ့ရင် ကြားနာမှု မလုပ်ခင်မှာ ထွက်ခဲ့ရင်တော့ တမျိုးတဖုံ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဘာ ကြောင့်ဆို ဂမ်ဘီယာက ဘယ်အရာကိုပဲ ကိုးကားသွားလဲဆိုတော့ ကုလသမဂ္ဂက ဖွဲ့စည်းပေးတဲ့ FFM (ကုလ သမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်)က အစီရင်ခံစာကိုပဲ ကိုးကားသွားတယ်။ အဲဒီအချိန်မှာ ဒီအစီရင်ခံစာ တခုပဲရှိတာ ကိုး။ တကယ်လို့ စောစောထွက်ရင်တော့ တနည်းတဖုံ သက်ရောက်မှု ရှိကောင်းရှိနိုင်ပေမယ့် အခုအချိန်မှာကတော့ ကြားနာမှုတွေ လုပ်ပြီးပြီ။ မကြာမီမှာလည်း ဒီကြားနာချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြီး ကြေညာတော့မယ်ဆိုတော့ နောက်ဆုံးမှ အသက်ကယ်ဖို့အတွက် လုပ်ဆောင်ပေမယ့် ဆေးမမီဘူးတော့ဘူးလို့ပဲ ကျနော် ပြောချင်ပါတယ်။
မေး ။ ။ တကယ်လို့ တရားရုံးအနေနဲ့ ဂမ်ဘီယာက တောင်းဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေ ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ မယ်ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲ။ မြန်မာနိုင်ငံအတွက် ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ICJ ရဲ့ ဆုံးဖြတ်ချက်တွေက ဥပဒေအရ အပြစ်ပေးအရေးယူတဲ့ဟာ မဟုတ်ဘဲ နိုင်ငံတွေက ဘာ လုပ်ဆောင်ပေးရမယ်ဆိုတဲ့ အကြောင်းအရာလောက်ပဲ ပိုများတယ်။ အဲဒီတော့ သူ့အနေနဲ့က နိုင်ငံတွေက ဒီဟာကို လုပ်ဆောင်ပါတယ်လို့ဆိုရင် အခြေအနေ တိုးတက်လာတယ်လို့ သတ်မှတ်ပြီး ဒါက တရားရုံးကလည်း ကျေနပ်သလို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂရုစိုက်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒါကို အပြည့်အဝကြီး မဟုတ်သည့် တိုင်အောင် အနည်းနဲ့အများတော့ စိတ်ထဲမှာ ကျေနပ်သွားနိုင်တဲ့ အခြေအနေမျိုး ရှိနိုင်တယ်။
ဒါပေမယ့် အဲဒီလိုမဟုတ်ဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း မရှိဘူး။ အဖြစ်မှန်တိုင်း ရှိတဲ့ဟာကို မဟုတ်ဘူးလို့ ငြင်းဆန် မယ်။ ဘယ်လိုမှ ဒီကိစ္စကြောင့် လက်မခံနိုင်ဘူးဆိုပြီး လူသိရှင်ကြား ပြောဆိုခြင်းက နောက်ထပ် ICJ တင်မကဘဲ နောက်ထပ်သော မြန်မာနိုင်ငံမှာ နည်းမျိုးစုံနဲ့ ဒီလိုမျိုး အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းနေတဲ့ ယန္တရားတွေကို ထပ်ပြီးတော့ လုပ်ဆောင်ပေးဖို့အတွက် တိုက်တွန်းလိုက်သလို ဖြစ်သွားနိုင်တယ်။ အားဆေး တိုက်ကျွေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွပ်စွဲခံထိတဲ့ နိုင်ငံမျိုးမှာ ဒါနဲ့ပတ်သက်လို့ ပြန်လည်ပြီး ကောင်းအောင် လုပ်နေပါ တယ်။ စွပ်စွဲချက်တွေကို ပြန်လည်ပြီး အဆိုးမြင်တဲ့ ဘဝကနေ အကောင်းမြင်အောင် လုပ်ဆောင်မှုတွေ လုပ်ပါတယ် ဆိုရင် ဒီထက်ပိုမိုဆိုးဝါးတဲ့ ဖိအားပေးမှုတွေ အရေးယူမှုတွေက အနည်းနဲ့အများ အရှိန်လျော့ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ အစဉ်အလာအရ ဖြစ်နေတဲ့ နိုင်ငံတကာ ဖိအားတွေက အစိုးရက မလုပ်ပါဘူး မရှုပ်ပါဘူးဆိုပြီး ငြင်း ဆန်မှုကြောင့် ပိုမိုပြီးတော့ တိုးပွားလာတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ ကျူးလွန်တဲ့သူတွေကို အပြစ်ပေး အရေးယူမှု မရှိဘူး။ ကျူးလွန်ခံရတဲ့သူတွေကို ကာကွယ်စောင့်ရှောက်သော ပုံစံမျိုးမရှိတဲ့ အတွက်ကြောင့် ဖိအားတွေ ပိုမိုများပြားလာတာပါ။
ကျနော့်အနေနဲ့ကတော့ ဒီဟာတွေကို ပူးပေါင်းဆောင်ရွက်ပြီး ဒီကိစ္စ လုပ်ဆောင်မယ်ဆိုတာကြောင့် နိုင်ငံတကာ ဖိအား ပိုလာမှာ မဟုတ်ဘူး။ ဒါတွေကို မလုပ်ပါဘူး။ နိုင်ငံတကာ ဂရုမစိုက်ပါဘူးဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ တုန့်ပြန်မှသာ နိုင်ငံတကာရဲ့ ဖိအားတွေ ပိုမိုများပြားပြီး ကျနော်တို့ မလိုချင်သော စီးပွားရေး ပိတ်ဆို့မှုတွေ ဖြစ်လာနိုင်တယ်။ အခု အချိန်မှာတောင် ကျူးလွန်တဲ့သူတွေက ဘယ်သူတွေဖြစ်ပါတယ်ဆိုပြီး သူတို့ကို ပိတ်ဆို့မှု ရှိတယ်။ နောက်ပိုင်းဆို နိုင်ငံထိ ပိတ်ဆို့မှုရှိရင်တော့ ကျနော်တို့ တိုင်းပြည်လို ဖွံ့ဖြိုးမှုကို ဦးတည်နေတဲ့ နိုင်ငံအနေနဲ့ ပိုမိုပြီး ဆိုးရွားတဲ့ အခြေ အနေမျိုး ရောက်သွားမှာ ကျနော်တို့လည်း မမြင်ချင်ဘူး။
မေး ။ ။ အမှုနဲ့ပတ်သက်လို့ ဘာများ ဖြည့်စွက်ပြောချင်တာမျိုး ရှိပါသေးလဲ။
ဖြေ ။ ။ ဒီလိုမျိုး သူတို့တောင်းဆိုတဲ့ အဖြစ်မှန်တွေ စုံစမ်းဖို့ တရားဥပဒေအရ အရေးယူဖို့ ဒါနဲ့ပတ်သက်ပြီး အချက် အလက်တွေ မဖျောက်ဖျက်ဖို့ မဖျက်ဆီးဖို့ ဒါတွေကို လုပ်ဆောင်ပေးဖို့က တရားရုံးက ညွှန်ကြားမှ မဟုတ်ပါဘူး။ ဒါမျိုးတွေက လူ့အခွင့်အရေးလေးစားတဲ့ အစိုးရတိုင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးတည်တယ်လို့ ပြောထားတဲ့ အစိုးရတိုင်းက လုပ်ဆောင်ရမှာဖြစ်လို့ တရားရုံးက ဒါမျိုး မတောင်းသည့်တိုင်အောင် လုပ်ပေးရမှာ အစိုးရ တာဝန် ဖြစ်တယ်။ အဲဒီတာဝန်ကို ကျေပွန်မယ်ဆို တိုင်းပြည်လည်းကောင်း အစိုးရလည်း နာမည်ရ ပြည်သူလူထု အတွက် လည်း စိတ်နှလုံးချမ်းသာစွာနဲ့ နေထိုင်စရာကောင်းတဲ့ တိုင်းပြည်ဖြစ်မှာပါ။
You may also like these stories:
ဂမ်ဘီယာကို အာဆာအဖွဲ့ ခေါင်းဆောင် ကျေးဇူးတင်
မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည်
ICJ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်တဲ့ အဆိုတော် သျှီ