ဆောင်းပါး

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး NLD နဲ့ ကြံ့ခိုင်ရေး ဘာကွာလဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးစားသည့် ပထမဆုံးအစိုးရ မဟုတ်ပါ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သည့် ယခင်အစိုးရသည်လည်း ၂၀၁၃ ခုနှစ်က ထိုသို့ ကြိုးစားခဲ့သည်။ သို့သော် စစ်မှန်သည့် ပြောင်းလဲချင်စိတ်ကင်းမဲ့သည်ဟု ယူဆမှုများရှိခဲ့သည့် USDP ၏ ၂ နှစ်ကြာ ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်းသည် နောက်ဆုံးတွင် အချည်းနှီးဖြစ်ခဲ့ရပြီး ဖွဲ့စည်းပုံ၏ ပုဒ်မတခုကိုပင် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့်နှစ်အစောပိုင်းက စတင်ခဲ့သည့် NLD ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အားထုတ်မှုသည် ရွေးကောက်ခံမဟုတ်သော တပ်မတော်သားကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မဟာမိတ် UDSP ၏ ပြင်းထန်သော ဆန့်ကျင်မှုကို ခံခဲ့ရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရန် လူထုထောက်ခံမှုကို တခဲနက်ရရှိထားသော NLD ၏ ယခုအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုသည်လည်း အောင်မြင်နိုင်ရန်မှာ မသေချာပေ။ ဖွဲ့စည်းပုံပြင်ဆင်ခြင်းအတွက် အဓိကအတားအဆီးမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၅ ရာခိုင်နှုန်းကို ယူထားသော တပ်မတော်မှ ဆုပ်ကိုင်ထားသည့် ဗီတိုအာဏာဖြစ်သည်။ ပုဒ်မ ၄၃၆ အရ ဖွဲ့စည်းပုံ ပြင်ဆင်ရန် အဆိုပြုချက်များသည် လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုလိုပြီး စစ်ဖက်၏ ထောက်ခံမှု မရှိလျှင် မည်သည့်အပြောင်းအလဲမျှ မဖြစ်နိုင်သည့်သဘော သက်ရောက်နေသည်။

USDP နှင့် NLD ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ချဉ်းကပ်မှုခြားနားချက်များကို ကြည့်ကြပါစို့။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ထိုစဉ်က အာဏာရပါတီဖြစ်သော USDP သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရန်နှင့် အကြံပြုချက်များကို စုစည်းတင်ပြနိုင်ရန် လွှတ်တော်တွင်းရှိ ပါတီများအားလုံးနှင့် အဖွဲ့ဝင် ၁၀၉ ဦးပါဝင်သော ပူးတွဲကော်မတီကို ဖွဲ့စည်းခဲ့သည်။ USDP ပါတီ ဒုတိယဥက္ကဌနှင့် ဗိုလ်ချုပ်ဟောင်း သူရ ဦးအေးမြင့် အဆိုပြုသည့် ထိုကော်မတီဖွဲ့စည်းရေးကို ထိုစဉ်က အတိုက်အခံပါတီဖြစ်သည့် NLD က မကန့်ကွက်ခဲ့ပေ။

၂၀၁၉ ခုနှစ်ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က NLD သည် လွှတ်တော်အတွင်းရှိပါတီများမှ ကိုယ်စားလှယ်များ အချိုးကျ ပါဝင်သည့် အဖွဲ့ဝင် ၄၅ ဦး ပါ ပူးတွဲ ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံးကို ပြုပြင်ရန် စတင်သုံးသပ်သည်။ ပြည်ထောင်စုလွှတ်တော် ဒုတိယဥက္ကဌနှင့် NLD ကိုယ်စားလှယ်တဦးဖြစ်သူ ဦးထွန်းထွန်းဟိန်က ကော်မတီဝင်အရေအတွက် များလွန်းခြင်းက USDP ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကြိုးပမ်းဆောင်ရွက်မှုအား အဟန့်အတားဖြစ်စေခဲ့သည်ဟု ယုံကြည်သောကြောင့် ကော်မတီဝင်ဦးရေကို လျှော့ချခဲ့ကြောင်း ပြောသည်။

NLD က အဆိုပြုဖွဲ့စည်းခဲ့သည့် အဆိုပါ ၄၅ဦးကော်မတီနှင့် ကော်မတီ၏လုပ်ဆောင်မှုများကို USDP နှင့် တပ်မတော်ကခန့်အပ်သည့် ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မကိုက်ညီဟု ကန့်ကွက်ခဲ့ပြီး ထိုကဲ့သို့ “ဥပဒေနှင့်မညီသည့် လုပ်ဆောင်မှုများသည် တိုင်းပြည်ကို မငြိမ်မသက်ပင် ဖြစ်စေနိုင်သည်” ဟုသတိပေးခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် USDP ၏ ပူးတွဲကော်မတီသည် ၎င်း၏တွေ့ရှိချက်များကို လွှတ်တော်သို့ တင်သွင်းပြီး ထိုအစီရင်ခံစာတွင် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပမှ စုစည်းရရှိသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအကြံပြုချက် ၄၄၂၂၁ ချက် ပါဝင်သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် NLD ၏ ပူးတွဲကော်မတီသည် ကော်မတီတွင်ပါဝင်သည့် နိုင်ငံရေးပါတီ တဒါဇင်ကျော်မှ စုစည်းထားသည့် ပြင်ဆင်ရန် အကြံပြုချက် ၃၇၆၅ ချက်ကို လွှတ်တော်သို့တင်သွင်းသည်။

ထိုအကြံပြုချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လုံးကို ပြင်ဆင်ရန်ကြိုးပမ်းမှုအဖြစ် USDP နှင့်တပ်မတော်သားကိုယ်စားလှယ်များက NLD နှင့်တိုင်းရင်းသားပါတီများကို ကန့်ကွက်ဝေဖန်ကြပြီး ထိုသို့ကြိုးပမ်းမှုက နိုင်ငံအတွက် အန္တရာယ်ရှိကြောင်း ပြောကြသည်။

USDP နှင့် NLD တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဆိုပြုချက်များ တင်သွင်းခြင်း

USDP

USDP သည်ပြင်ဆင်ရေးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖေါ်ရန် အဖွဲ့ဝင် ၃၁ ဦးပါ နောက်ထပ်ကော်မတီတခုဖွဲ့စည်းသည်။

USDP သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ စတင်ပြီးနောက် ၂ နှစ်နီးပါးခန့်ကြာသောအခါ ၂၀၁၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ၂ ခုကို တင်သွင်းသည်။

ထိုဥပဒေကြမ်းများတွင် USDP သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၄ ခု ကိုပြင်ဆင်ရန် အဆိုပြုချက်နှင့် နောက်ဆက်တွဲဇယားပါအချက်များကို ပြင်ဆင်ရန် အချက် ၅၄ ချက်ကို အဆိုပြုသည်။

USDP ၏ ဥပဒေကြမ်းကို အတိုက်အခံ NLD အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ၄၃.၅၂ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးကြသည်။

NLD

NLD သည် နောက်ထပ်ကော်မတီ ဖွဲ့စည်းခြင်း မရှိပေ။

NLD သည် ဖွဲ့စည်းပုံအခြေခံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စတင်ပြီးနောက် ၁ နှစ်နီးပါးကြာသောအခါ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းနှစ်ခုကို တင်သွင်းသည်။

ထို ဥပဒေကြမ်းများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မများကို ပြင်ဆင်ရန် အချက် ၁၁၄ ချက်ကိုအဆိုပြုထားသည်။

NLD ၏ ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ်များ၏ ၅၀ ရာခိုင်နှုန်းကျော်က လက်မှတ်ရေးထိုးပြီး USDP နှင့် တပ်မတော်သားကိုယ်စားလှယ်များက ထိုဥပဒေကြမ်းများကို ထောက်ခံခြင်းမရှိပေ။

USDP မအောင်မြင်ခြင်း၊ အဓိက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုမရှိ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မများကို USDP ၏ အဆိုပြု ပြင်ဆင်ချက်များအနက် တချက်သာလျှင် လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုကိုရ သည်။ ထိုအချက်မှလည်း ပုဒ်မ ၅၉ (ဃ) တွင် စစ်ရေး ဟူသောစကားလုံးကို ကာကွယ်ရေး ဟူသောစကားလုံးနှင့် အစားထိုးခြင်းဖြစ်သည်။ ထိုပုဒ်မက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး အမြင်များရှိရမည်ဟု ပြဌာန်းထားသည်။

သို့သော် ပုဒ်မ ၅၉ သည် ပုဒ်မ ၄၃၆ (က) နှင့် အကျုံးဝင်သော ပုဒ်မဖြစ်သောကြောင့် အတည်ပြုရန် လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်  မဲဆန္ဒရှင်များ၏ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံရန်လိုသည်။ ထိုကြောင့် ပြင်ဆင်ချက်ကို အတည်ပြုနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ထိုတချက်တည်းကို ပြင်ဆင်အတည်ပြုဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် ကျပ်ငွေ ၄.၇၂ ဘီလျံ (ထိုစဉ်က အမေရိကန်ဒေါ်လာ ၄.၃ သန်း) ကုန်ကျမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းခဲ့ပြီးနောက် ဆန္ဒခံယူပွဲကျင်းပရန် ဆိုင်းငံ့ခဲ့ရသည်။

ဖွဲ့စည်းပုံပါ နောက်ဆက်တွဲဇယားရှိ အဆိုပြုပြင်ဆင်ချက်များ အတည်ပြုနိုင်ခဲ့သည်။ ထို ပြင်ဆင်ချက်များမှာ တိုင်း၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ရင်းနှီးမြှပ်နှံမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို စီမံခန့်ခွဲမှုနှင့် ပတ်သက်သည်။

NLD အဓိက ပြင်ဆင်ချင်သည့် အချက် ၂ ချက်

လွှတ်တော်သို့ တင်သွင်းသည့် အဆိုပြုချက် ၁၁၄ ချက်တွင် NLD သည် အချက်နှစ်ချက်ကို ဦးစားပေးပြီး ပြင်ဆင်နိုင်ရန် ဆန္ဒရှိပုံရသည်။

ပထမအချက်မှာ လွှတ်တော်တွင် တပ်မတော်သားအရေအတွက်ကို လျှော့ချခြင်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် တပ်မတော်သားကိုယ်စားလှယ်များ အရေအတွက်ကို ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ နှင့် ၂၀၂၅ ခုနှစ်ကုန်တွင် ၁၀ ရာခိုင်နှုန်းနှင့် ၂၀၃၀ အကုန် တွင် ၅ ရာခိုင်နှုန်းသို့ တဖြည်းဖြည်း လျှော့ချရန် NLD က အဆိုပြုသည်။

ဒုတိယအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်လဲရေးတွင် တပ်မတော်၏ ထိရောက်သော တချက်လွှတ်အာဏာကို လျှော့ချရန်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်အတွင်း ရွေးကောက်ခံကိုယ်စားလှယ်များ၏ ထောက်ခံမဲလိုအပ်ချက်ကို ၇၅ ရာခိုင်နှုန်းမှ ရွေးကောက်ခံကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံသို့ လျှော့ချရန် NLD က အဆိုပြုသည်။

ထိုအဆိုပြုချက် နှစ်ချက်အနက် တချက်ကို အတည်ပြုနိုင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို ပိတ်ဆို့နိုင်သည့် စစ်တပ်၏ အခွင့်ထူးကို ရုပ်သိမ်းနိုင်မည်ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်းကျစေရေးနှင့် နိုင်ငံရေးတွင် တပ်မတော်အခန်းကဏ္ဍလျှော့ချရေးစသည့် ပြင်ဆင်ချက်များအားလုံးကို စတင်ရန် လုံလောက်မည်ဖြစ်သည်။

လာမည့် အင်္ဂါနေ့ကစပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးသည် NLD ၏ အဆိုပြုချက်များကို ဆွေးနွေးကြမည်ဖြစ်ပြီး ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး မည်မျှ ခရီးရောက်မည်ကိုမှု စောင့်ကြည့်ရမည်ဖြစ်သည်။

(San Yamin Aung ၏ How Does the NLD’s Push to Amend Myanmar’s Constitution Differ From the USDP’s? ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်နိုင်ချေ သော့ချက် ၂ ချက်

ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီရဲ့ လုပ်ငန်းတွေကို တပ်မတော် ဘာကြောင့် ကန့်ကွက်သလဲ

တိုင်းရင်းသားပါတီများကို လျစ်လျူရှုခြင်းက ၂၀၂၀ တွင် NLD ကို အထိနာစေမည်

Loading