အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုချက် ၁၁၄ ချက်တွင် အဓိကအကျဆုံး အချက်နှစ်ချက်ကို တွေ့ရသည်။
ပထမဆုံးတချက်မှာ တပ်မတော်က လွှတ်တော်အတွင်းရယူထားသည့် အချိုးအစားကို လျှော့ချရန် အဆိုပြုထားခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄ နှင့် အခြားဆက်စပ်သည့်ပုဒ်မ၊ ပုဒ်မခွဲများအရ တပ်မတော်အရာရှိများသည် ပြည်ထောင်စုလွှတ်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအားလုံး၏ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်ခံစရာမလိုဘဲ ဝင်ရောက်နေရာယူထားသည်။ အဆိုပါ အထူးအခွင့်အရေးအရ တပ်မတော်သည် နယ်မြေကာကွယ်ရေးအပြင် နိုင်ငံ၏ ဥပဒေပြုရေးတွင်ပါ ဝင်ရောက်စွက်ဖက်ခွင့် ရှိသည်။
လွန်ခဲ့သည့်လေးနှစ်တာ ကာလတလျှောက်တွင် လွှတ်တော်ထဲရှိ တပ်မတော်သားကိုယ်စားလှယ်များသည် အာဏာရ NLD ပါတီ၏ အဓိကအတိုက်အခံများ ဖြစ်ကြပြီး အရွေးချယ်ခံကိုယ်စားလှယ်များ၏ အဆိုပြုချက်များနှင့် ဆွေးနွေးချက်တစုံတရာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည် သို့မဟုတ် တပ်မတော်၏ပုံရိပ်ကို ထိခိုက်စေသည်ဟု ယူဆပါက အပြင်းအထန် ကန့်ကွက်လေ့ရှိသည်။
NLD က လွှတ်တော်တွင် စစ်တပ်၏ပါဝင်မှုကို ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၅ နောက်တွင် ၁၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၃၀ နောက်တွင် ၅ ရာခိုင်နှုန်းသို့လည်းကောင်း တဖြည်းဖြည်း လျှော့ချရန် အဆိုပြုထားသည်။ သို့သော် ယင်းအဆိုပြုချက်တွင် စစ်တပ်ကို လွှတ်တော်မှ လုံးဝဖယ်ရှားရန် မပါဝင်ပေ။
NLD ၏ ရည်မှန်းချက်နှင့် ဆန့်ကျင်စွာ တိုင်းရင်းသားပါတီများက စစ်တပ်ကို လွှတ်တော်မှ တခါတည်း အပြီးသတ်ဖယ်ရှားလိုကြသည်။
၎င်းတို့၏ ပျော့ပြောင်းသည့် ချဉ်းကပ်မှုကို တပ်မတော်က လက်ခံရန် စဉ်းစားကောင်း စဉ်းစားနိုင်သည်ဟု NLD က ယူဆဟန်ရှိသည်။ ထိုချဉ်းကပ်မှုက အလုပ်ဖြစ်မည် မဖြစ်မည်ကို မည်သူမှမသိနိုင်။ သို့သော် သေချာပြောနိုင်သည်က အကယ်၍ NLD သာ တပ်မတော်သားများကို လွှတ်တော်မှ ချက်ခြင်းဖယ်ရှားရန် အဆိုပြုတင်သွင်းခဲ့လျှင် ယခုထက် ပိုမိုအားကောင်းသည့် ဆန့်ကျင်မှုများ ကြုံနေရမည်ဖြစ်သည်။
အဓိကအကျဆုံးဖြစ်သည့် နောက်အချက်တချက်မှာ အခြေခံဥပဒေပြင်ဆင်ရေး မည်သည့်အဆိုပြုချက်ကိုမဆို တားဆီးနိုင်သည့် တပ်၏ ထိရောက်သည့်ဗီတိုကို ဖယ်ရှားရန်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ အရ ဖွဲ့စည်းပုံ၏ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံရန် လိုအပ်သည်။ ထို့ကြောင့် တပ်မတော်သားများ၏ သဘောတူညီချက်မပါဘဲ မည်သည့်ပြင်ဆင်ချက်မျှ လုပ်ရန် မဖြစ်နိုင်ပေ။
NLD က ထိုပုဒ်မတွင် လွှတ်တော်အမတ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီချက်ရမှ ပြင်ဆင်နိုင်မည့်အစား “ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော်က ပြင်ဆင်ရန် သဘောတူလျှင်” ပြောင်းလဲနိုင်ရန် အဆိုပြုသည်။
အကယ်၍ NLD က အဆိုပြုထားသော ပြင်ဆင်ချက်သာ အတည်ဖြစ်လျှင် ကျယ်ပြန့်စွာ ဝေဖန်ခံနေရသည့် အခြေခံဥပဒေကို ရွေးကောက်ခံကိုယ်စားလှယ် အများစုက သဘောတူလျှင် တပ်မတော်သားများ၏ သဘောထားမပါဘဲ ပြင်ဆင်နိုင်မည်ဖြစ်သည်။
NLD က အဆိုပြုထားသော ပြင်ဆင်ချက်အားလုံးကို တပ်ကလက်ခံရန်မှာ မဖြစ်နိုင်သော်လည်း အထက်ဖော်ပြပါ အဆိုပြုချက်နှစ်ချက်ထဲမှ တချက်ကို တပ်မတော်အနေဖြင့် လက်ခံရန် ကျိုးကြောင်းဆီလျော်ဟန်ရှိသည်။ ယင်းသို့ အချက်တချက်မျှ လက်ခံလျှင်ပင် မြန်မာ့ ဖွဲ့စည်းပုံသည် ဒီမိုကရေစံနှုန်းများနှင့် ညီညွတ်သော ဖွဲ့စည်းပုံဖြစ်လာနိုင်မည် ဖြစ်သည်။
လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များက ၂၅ ရာခိုင်နှုန်းအောက် လျော့ရှိလျှင် သို့မဟုတ် ဖွဲ့စည်းပုံပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန် မလိုတော့လျှင် အခြေခံဥပဒေပြင်ဆင်မှုအား တပ်၏ ပိတ်ဆို့နိုင်စွမ်းကို ဖယ်ရှားနိုင်မည်ဖြစ်ကာ ဒီမိုကရေစီနည်းမကျသော ပြဋ္ဌာန်းချက်များနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရာ အတားအဆီးဖြစ်နေသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရာတွင် များစွာ လွယ်ကူသွားမည်ဖြစ်သည်။
သို့သော် ပြီးခဲ့သည့် တနှစ်တာအတွင်း NLD နှင့် တိုင်းရင်းသားပါတီများ၏ လွှတ်တော်ကော်မတီတခုကတဆင့် အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးကြိုးပမ်းမှုများအားလုံးကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဆန့်ကျင်ခဲ့ကြသည်။ ထိုကော်မတီတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ ၎င်းတို့က သူတို့၏ က်ိုယ်ပိုင်ပြင်ဆင်ရေးအဆိုပြုချက်များကိုသာ တင်သွင်းခဲ့သည်။ ယင်းအဆိုပြုချက်များကို ကြည့်လျှင် ၎င်းတို့၏အကျိုးစီးပွားကို မထိခိုက်နိုင်သော ပြုပြင်ပြောင်းလဲမှု အနည်းငယ်ကိုသာလုပ်ရန် ကြိုးပမ်းသည့်ပုံရှိသည်။
ယခု ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှုများကို တပ်မတော်က သဘောမတူလျှင် NLD အနေနဲ့ဘာလုပ်ဖို့ရှိပါသလဲဟု မေးမြန်းသောအခါ NLD ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောမတူခဲ့လျှင် ဘယ်လိုမှလုပ်လို့မရ ဟု ပြန်ဖြေခဲ့သည်။
“အဲ့ဒါက အဓိက အဟန့်အတားပဲ”ဟု ၎င်းကပြောသည်။
ဒေါက်တာမြတ်ဉာဏစိုးသည် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏အတွင်းရေးမှူးဖြစ်ပြီး ကော်မတီသည် နိုင်ငံရေးပါတီ တဒါဇင်ခန့်ဆီမှ အကြံပြုပြင်ဆင်ချက်များကို စုစည်းခဲ့ပြီးနောက် ယခု လွှတ်တော်သို့ တင်သွင်းခဲ့သည့် အဆိုပြုချက် ၁၁၄ ချက် ပါဝင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း၂ခုကို ရေးဆွဲခဲ့သည်။
အုပ်စုအားလုံးအနေနှင့် မတူညီသည့်အမြင်များနှင့် မိမိတို့အဖွဲ့ အကျိုးစီးပွားများကို ဘေးဖယ်ပြီး နိုင်ငံအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ပါက ဖွဲ့စည်းပုံပြင်ဆင်ရေးသည် မဖြစ်နိုင်စရာမရှိကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ထပ်မံပြောကြားသည်။
ကြာရှည်စွာစောင့်စားခဲ့ရသည့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် တချို့သော လွှတ်တော်ကိုယ်စားလှယ်များက ပြုပြင်ပြောင်းလဲမှု အနည်းငယ်ဖြစ်လာရန် မျှော်လင့်ချက်များ ရှိနေကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း အခြေခံဥပဒေကို ပြင်ဆင်ရေးကို တပ်မတော်အနေနှင့် မကန့်ကွက်ကြောင်း ပြောထားပြီး၊ ယခင်အာဏာရပါတီဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ၎င်းတို့ပါတီအနေဖြင့် ဖွဲ့စည်းပုံကို ပြင်ချင်ကြောင်း ပြောဆိုမှုများရှိပြီး NLD နှင့် တိုင်းရင်းသားပါတီများက ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး တွန်းအားပေးနေသောကြောင့် ပြင်ဆင်ချက်အချို့ အတည်ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တဦးက နေပြည်တော်လွှတ်တော်တွင် ပြောသည်။
“ပြုပြင်ပြောင်းလဲရေးက ရှေ့ဆက်သွားနေရင်ကို ကျနော်တို့အတွက် အောင်မြင်မှုပါ” ဟု သူက ဆိုသည်။
(San Yamin Aung ၏ Two Possible ‘Keys’ to Unlocking Charter Reform in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီရဲ့ လုပ်ငန်းတွေကို တပ်မတော် ဘာကြောင့် ကန့်ကွက်သလဲ
ICOE အစီရင်ခံစာနှင့် အစိုးရရပ်တည်ချက်ကို ဂျပန်ကြိုဆို
နိုင်ငံတကာပြစ်တင်ရှုတ်ချမှု အခြေအမြစ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော