ဆောင်းပါး

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၇)

Want create site? Find Free WordPress Themes and plugins.

ANP နှင့် ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများရှိသည်အနက် လက်ရှိ အအောင်မြင်ဆုံးနှင့် ရခိုင်လူထုကြား သြဇာအရှိဆုံးပါတီမှာ ANP ရခိုင်အမျိုးသားပါတီ ဖြစ်သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ANP ပါတီက တင်သွင်းသော စာတမ်း အရ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ANP ပါတီ လိုချင်သော နိုင်ငံရေးရည်မှန်းချက်မှာ ကွန်ဖက်ဒရိတ် အဆင့်အတန်း ဖြစ်သည်ကို တွေ့ရသည်။ ANP နှင့် AA လျှောက်လှမ်းသည့် ပုံစံမတူသော်လည်း နိုင်ငံရေး ရည်မှန်းချက်မှာ ယေဘုယျ အားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။

ANP ပါတီသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်တွင် အများစု အနိုင်ရသည့်ပါတီဖြစ်သော် ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်အစိုးရ ဖွဲ့ခွင့်မရပေ။ ပြည်နယ်လွှတ်တော်တွင် အများစုဖြစ်သော်လည်း ပြည်နယ်ဥပဒေပြု ခွင့်မှာ အကန့်အသတ်များသည်ဖြစ်ရာ ထိရောက်သည့် ဥပဒေပြုခွင့် မရပေ။ ထို့ပြင် ပြည်မ သို့မဟုတ် ပြည်ထောင်စု အစိုးရနှင့် အနိုင်ရပါတီကလည်း ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေးအပါအဝင် ရခိုင်ပြည်နယ်တွင်း အရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးဖက်အဖြစ် သတ်မှတ်ပြီး ဆွေးနွေးပူးပေါင်း လုပ်ဆောင်ခြင်းမခံရပေ။

သို့ဖြစ်ရာ ANP ပါတီအနေနှင့် ရခိုင်ပြည်အရေးကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ သဘောထားကြေညာချက်များကိုသာ ထုတ်ပြန်နိုင်သည့် အနေအထားတွင်သာ ရှိသည်။ ရခိုင်လူထုသည် အမျိုးသားရေးလက္ခဏာအရ ANP ပါတီအား ထောက်ခံမဲပေးကြသော်လည်း ANP ပါတီ၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ အားရကျေနပ်နိုင်ခြင်း မရှိကြပေ။ ဤ ပြဿနာသည် ANP ပါတီ၏ လုပ်ပိုင်ခွင့်ပြဿနာသက်သက် မဟုတ်ပေ။

ဥပဒေတွင်း လူထုထောက်ခံမှု အများစုရသည့် တိုင်းရင်းသားနိုင်ငံရေးပါတီ တရပ်၏ လုပ်ပိုင်ခွင့်သည် ဥပဒေကြောင်းအရ မယ်မယ်ရရ မရှိသည့်ပြဿနာ ဖြစ်ပြီး တိုင်းရင်းသားလူထုကြားတွင် ဥပဒေတွင်း နိုင်ငံရေးလမ်းကြောင်းကို အယုံအကြည်မရှိ ဖြစ်စေပါသည်။

နိုင်ငံတကာနှင့် ရခိုင်ပြည်နယ်

တရုတ်နှင့် ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် ဖြစ်ပွားနေသော စစ်ပွဲများကို ရပ်တန့်ရန် တရုတ်က ဖိအားပေးနိုင်မည်လောဟူသည့် မေးခွန်းများရှိသည်ဟု အမေရိကန်အခြေစိုက် သုတေသီတဦးဖြစ်သူ ယွန်ဆန် Yun Sun က ဆိုသည်။ ဤမေးခွန်းပေါ်လာခြင်းမှာ AA သည် တရုတ်နှင့်တိုက်ရိုက်ဆက်စပ်မှု ရှိသည့်အပြင် ၎င်းနှင့် ဆက်စပ်နေသည့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များလည်း ဆက်စပ်နေ၍ဖြစ်သည်ဟု Yun Sun က သုုံးသပ်သည်။ သို့သော်လည်း AA သည် ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှု ရရှိပြီး တိုက်ပွဲရလဒ်များကို ပြောင်းလဲနိုင်စွမ်းရှိလာရာ တရုတ်၏သြဇာနာခံလိုမှု တဖြည်းဖြည်းကျဆင်းလာသည်ဟု ၎င်းက ဆိုသည်။

ယွန်ဆန်က သုံးသပ်ရာတွင် ပထမအချက်အနေနှင့် တရုတ်က AA အား ဖိအားပေးရန် တရုတ်နယ်စပ်မှ ရရှိနေသော လက်နက်ခဲယမ်းရရှိရာလမ်းကြောင်းကို ပိတ်ဆို့ခြင်း ပြုလုပ်နိုင်သည်။ သို့သော် ထိုနည်းလမ်းဖြင့် AA အားထိန်းချုပ်ရန် တရုတ်တွင် အကန့်အသတ်ရှိသည်။ AA သည် စီးပွားရေးတောင့်တင်းလာသည်နှင့်အမျှ လက်နက်များကို အခြား မှောင်ခိုဈေးကွက်မှ ဝယ်ယူလာနိုင်သည်။

ဒုတိယအချက်အနေဖြင့် ပြည်သူ့စစ်ပွဲကို ဖန်တီးမြှင့်တင်ခဲ့သော တရုတ်ကွန်မြူနစ်ပါတီသည် လူထုထောက်ခံအားပေးမှု၏ အရေးပါပုံ၊ အင်အားကြီးမားပုံကို နက်နက်နဲနဲသဘောပေါက်သူ ဖြစ်သည်။ လူထုထောက်ခံမှုရှိသော AA ၏ စစ်ဆင်ရေးများသည် ရေတိုတွင် တရုတ်အတွက် ဆုံးရှုံးမှု ရှိနိုင်သော်လည်း တရုတ်တို့ အဖို့ ရခိုင်ပြည်နယ်တွင်း အရေးပါသော အကျိုးစီးပွားများရှိနေသည့်အတွက် ရခိုင်လူထု၏ မလိုလား မနှစ်မြို့မှုများကို ရှောင်ရန် AA ကို ဆန့်ကျင်မှုလုပ်မည် မဟုတ်ဆိုသည့် အဓိပ္ပါယ်သက်ရောက်သည်ဟု ယွန်ဆန်က ဆိုပါသည်။

ထိုအချက်များကို AA ၏ စစ်ခင်းနိုင်စွမ်းရည်သည် တရုတ်ပေါ် တည်မှီ မနေ၍ ရခိုင်တွင်ဖြစ်သည့်ပြသနာများမှာ တရုတ်တွင် တာဝန်ရှိသည်ဟု စွဲကိုင်ထားပါက ပြသနာဖြေရှင်းနိုင်ရန် အလားအလာမရှိဘဲ နောက်ဆုံး ပဋိပက္ခများကို ဖြေရှင်းရန် မြန်မာအစိုးရကသာ အဖြေရှာရမည်ဟု ယွန်ဆန်က သုံးသပ်ပါသည်။

ယွန်ဆန်၏ သုံးသပ်ချက်များသည် ကျိုးကြောင်းဆီလျော်၍ လက်တွေ့ကျသည်ဟု ယူဆပါသည်။ မိမိအနေဖြင့် ထပ်မံဖြည့်စွက်လိုသည်မှာ လက်ရှိ AA ၏ စစ်ရေးလှုပ်ရှားမှုသည် တရုတ်နယ်စပ်နှင့် လွန်စွာဝေးသည့်နေရာတွင် တည်ရှိရာ တရုတ်၏ တိုက်ရိုက်သြဇာ သက်ရောက်ရန် ခက်ခဲသည်။ ထို့ပြင် အနောက်ဖက်ခြမ်း၌ AA ရပ်တည်နိုင်စွမ်း ရှိလာပါက အနောက်နှင့် အခြားနိုင်ငံများ၏ ပတ်သက်မှုနှင့် သြဇာဝင်ရောက်လာမည်ကို တရုတ်အနေဖြင့် သတိကြီးစွာ ထားရမည့် အခြေအနေဖြစ်သည်။ ဤသို့သောအခြေအနေများအောက်တွင် တရုတ်သည် AA အား ဖိအားပေးမည် ဆိုသည်ထက် ထိန်းညှိဆက်ဆံမည့် အလားအလာ ပိုများသည်ဟု သုုံးသပ်ရသည်။

အိန္ဒိယနှင့် ရခိုင်ပြည်နယ်

အိန္ဒိယ၏ မြန်မာအပါအဝင် အရှေ့တောင်အာရှနှင့်ပတ်သက်သည့် ပေါ်လစီတွင် လှုပ်ရှားတက်ကြွသည့် အခြေအနေတွင် မရှိဘဲ စောင့်ကြည့်သည့် ပေါ်လစီသာရှိသည်။ များမကြာမီနှစ်များအတွင်းက ဂျပန်နှင့်အိန္ဒိယပူးပေါင်း၍ အိန္ဒိယမှ အရှေ့တောင် အာရှကိုဖြတ်၍ စီးပွားရေး စင်္ကြန် တခုတည်ဆောက်ရန် စီမံခဲ့သော်လည်း တွန်းတွန်းတိုက်တိုက် အကောင်အထည်ဖော်ခြင်းမရှိဘဲ ဖြေးဖြေးနှင့် မှန်မှန်သာ ဆောင်ရွက်သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်ရှိ အိန္ဒိယ၏ ကုလားတန်မြစ်ကြောင်းစီမံကိန်းသည် စစ်ပွဲများကြောင့် ရပ်တန့်နေသော်လည်း အိန္ဒိယဘက်မှ ပြင်းပြသည့်တုန့်ပြန်မှု မတွေ့ရဘဲ စောင့်ကြည့်သည့် အနေအထားတွင်သာ ရှိသည်ကို တွေ့ရသည်။

ထို့ပြင် ရခိုင်ကမ်းရိုးတန်းမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ သြဇာဖြန့်ကျက်လာသည့် တရုတ်အား တုံ့ပြန်ရန်အတွက် AA သည် အိန္ဒိယအဖို့ အထူးသတိထားကိုင်တွယ်ရမည့် ပြဿနာဖြစ်ပုံရသည်။ သို့သော် အိန္ဒိယနှင့် တပ်မတော်ကြား စစ်လက်နက် ပစ္စည်းရောင်းဝယ်မှု ဆက်ဆံရေး ရှိနေသည်။ ၁၉၉၈ ခုနှစ်တွင် မူလ AA ထူထောင်သူ ခိုင်ရာဇာနှင့်အဖွဲ့ကို အိန္ဒိယ ထောက်လှမ်းရေးက ဖမ်းဆီးသတ်ဖြတ် ထောင်ချမှု ရှိခဲ့ရာ လက်ရှိ AA အနေနှင့် အိန္ဒိယအား ယုံကြည်စိတ်ချစွာ ဆက်ဆံရန် အကန့်အသတ်ရှိသည်။ ထိုအချက်များကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုပေသည်။

အခြားပြသနာတခုမှာ တမူး-မိုးရေး အိန္ဒိယနယ်စပ်တလျှောက်ရှိ အင်အား ၂၀၀၀ ခန့်ရှိသည့် ကသည်းသူပုန် ၆ ဖွဲ့ခန့် လှုပ်ရှားနေမှု ဖြစ်သည်။ ကသည်းသူပုန်များသည် မဏိပူရနယ်မြေအတွင်း ထိုးဖောက်လှုပ်ရှားနေသော်လည်း ၎င်းတို့၏ နောက်တန်းစခန်းများနှင့် ရိက္ခာရယူမှုများကို မြန်မာပိုင်နယ်မြေအချို့အား အသုံးပြုလျက်ရှိသည်။

ကသည်းသူပုန်အဖွဲ့မှ လက်နက်ချများကြောင့် အိန္ဒိယသည် ထိုအခြေအနေကို သိရှိပြီးဖြစ်ရာ မြန်မာနှင့်ပတ်သက်၍ အပြည့်အဝ ယုံကြည်ပူးပေါင်းရန် ခဲယဉ်းနေသည်။ ၂၀၁၉ ခုနှစ်အတွင်း မြန်မာဘက်မှ ကသည်းသူပုန် ၂၀ ခန့်ကို ဖမ်းဆီးထောင်ချခဲ့ပြီး ၂၀၂၀ အတွင်း ထိုသူများအား အိန္ဒိယသို့ လွှဲပေးခဲ့သည်။

လွှဲပေးခံရသူများသည် အရေးပါသူများ မဟုတ်သည့်အပြင် ကသည်းသူပုန်များ၏ လှုပ်ရှားမှုများ နယ်စပ်တွင် ရှိနေသေးပေရာ အိန္ဒိယအတွက် အပြည့်အဝ ကျေနပ်စရာ ဖြစ်မည်မဟုတ်ပေ။ ထိုအခြေအနေကို တုန့်ပြန်ရန် အိန္ဒိယအနေဖြင့် မည်သို့ စဉ်းစားမည်ဆိုသည်ကို အတိအကျ တွက်ချက်ရန် ခက်ခဲသည်။

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် မြောက်ဖက် ကချင်ပြည်နယ်နှင့် ကပ်လျက် အရူနာချယ် ပရာဒေ့ရှ် Arunachal pradesh ပြည်နယ်တွင် ကချင်တိုင်းရင်းသားများရှိသည်။ နာဂတောင်တန်းနှင့် ကပ်ရက် နာဂလင်း Nagaland ပြည်နယ်တွင် နာဂ လူမျိုးများ ရှိသည်။ တမူးဒေသနှင့်ကပ်ရက် မဏိပူရ Maipur  ပြည်နယ်တွင် ကွတ်ကီးချင်းများရှိသည်။ ချင်းပြည်နယ်နှင့် ကပ်လျက် မီဇိုရမ် Mizoram  ပြည်နယ်တွင် ရခိုင်ရွာအချို့ ရှိသည်။ မီဇိုရမ်နှင့်ကပ်လျက် တြီပူရ Tripura ပြည်နယ်တွင် မြိုလူမျိုးများရှိသည်။

အဆိုပါ တိုင်းရင်းသားလူမျိုးများသည် မြန်မာပြည်ဖက် နယ်စပ်တလျှောက်တွင်ရှိသည်။ နယ်စပ်မျဉ်းအားဖြတ်ကျော်၍  အဆိုပါမျိုးနွယ်တူ တိုင်းရင်းသားချင်း သွေးသားတော်စပ်မှု၊ ကူးလူးဆက်ဆံမှု နှင့် ပတ်သက်မှုများကို နှစ်နိုင်ငံအစိုးရတားမြစ်၍ မရနိုင်ပေ။

သို့ဖြစ်ရာ လတ်တလော တွေ့ရှိရသော အခြေအနေအချက်အလက်များအရ  အိန္ဒိယသည် AA အား စစ်ရေး ဖိအားပေးရန် လည်းကောင်း၊ ရိက္ခာ အပါအဝင် အခြားထောက်ပို့ပစ္စည်းများ ဖြတ်တောက်ရန်လည်းကောင်း ပြင်းပြင်းထန်ထန် ဆောင် ရွက်ဖွယ် မရှိဘဲ စောင့်ကြည့်သည့်အနေအထားတွင်သာ ရှိနိုင်သည်။ ထို့ပြင် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားများနှင့် ဆက်ဆံ၍သော်လည်းကောင်း၊ ၎င်းတို့ကို အသုုံးပြု၍ သို့မဟုတ် အကူအညီရယူ၍သော်လည်းကောင်း AA အနေနှင့် အိန္ဒိယနယ်မြေအား အသုံးပြုခြင်းကို အနည်းနှင့် အများဆောင်ရွက်နိုင်သည်ဟု သုံးသပ်ရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်

မြန်မာနှင့် လည်းကောင်း ရခိုင်ပြည်နယ်နှင့် နယ်စပ်ထိတွေ့နေသည့် နိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိ အချိန်တွင် မြန်မာနှင့် ဆက်ဆံရေး အဆိုးဆုံးနိုင်ငံဖြစ်သည်။ ၂၀၁၇ ခုနှစ် ဘင်္ဂါလီဒုက္ခသည်အရေး ပေါ်လာပြီး နောက်ပိုင်း ယခင်နှစ်ကြိမ်ကဲ့သို့ ဒုက္ခသည်များအား ပြန်ပို့ခြင်းထက် ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးနှင့် ပတ်သက်၍ အပြီးအပြတ် ဖြစ်မှသာ ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်က ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။

၎င်းတို့နောက်တွင် မွတ်ဆလင်အဖွဲ့ချုပ် OIC နိုင်ငံများနှင့် အနောက်နိုင်ငံများ၏ ပံ့ပိုးထောက်ခံမှု ရရှိထားသည်။ ဤသို့ အခြေအနေတွင် မြန်မာနှင့် ဆက်ဆံရေးတင်းမာနေပြီး ရခိုင်ပြည်နယ်တွင်းရှိ AA ပြဿနာနှင့်ပတ်သက်၍ မြန်မာနှင့် ပူးပေါင်းဆောင်ရွက် ပြုလုပ်မည် မဟုတ်သည် သာမက AA ကိုပင် ကူညီနိုင်သေးသည်ဟု ယူဆရသည်။

Theeasternlink.com ၏ သတင်းအရ ဘင်္ဂလားဒေ့ရှ်ကမ်းခြေမှတဆင့် စစ်တကောင်းတောင်တန်းအားဖြတ်၍ AA တို့ လက်နက်သယ်ဆောင်သည်ဟုဆိုရာ အနည်းဆုံးအားဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က မျက်စေ့မှိတ် မမြင်ချင်ယောင်ဆောင် ထား၍ ရသည်ဟု ဆိုနိုင်သည်။ တပ်မတော်၏ ပြောဆိုချက်အရ ဘင်္ဂလားဒေ့ရှ်ပိုင်နယ်အတွင်း AA စခန်းများ ရှိသည် ဆိုခြင်းနှင့်ပတ်သက်၍လည်း ထို့အတူပင်ဖြစ်ပေသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက် မြန်မာနယ်စပ် စစ်တကောင်းတောင်တန်းဒေသသည် ဗိုလ်မင်း၊ သက်၊ ဖလံ စသည့် တိုင်းရင်းသားဒေသ ဖြစ်သည်။ ထိုတိုင်းရင်းသားများသည် ရခိုင်စကားလည်းပြောဆိုတတ်သည့် တိုင်းရင်းသားများ ဖြစ် သည်။ ထို့ပြင် စစ်တကောင်းခရိုင်တွင်း ရခိုင်နှင့် မရမာ လူမျိုးများ နေထိုင်ကြသည်။ အထက်တွင်ဆိုသကဲ့သို့ ထိုတိုင်းရင်းသားများသည် ရခိုင်ရှိတိုင်းရင်းသားများနှင့် သွေးသားတော်စပ်မှု၊ ကူးလူးဆက်ဆံမှု၊ ပတ်သက်ဆက်နွယ်မှုများ ရှိသည်။

AA သည် ၎င်းတို့၏ အကူအညီရယူနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နယ်မြေကို အသုံးပြုနိုင်သည့် အခြေအနေတွင် ရှိသည်။

စင်္ကာပူနှင့် ရခိုင်ပြည်နယ်

၎င်းနိုင်ငံအတွင်းလှုပ်ရှားနေသော AA နှင့် ပတ်သက်သူများ ဆက်နွယ်သူများဟု ယူဆရသူများအား မြန်မာအစိုးရသို့ ပြန်လည်အပ်နှံသည့် နိုင်ငံဖြစ်သည်။ မြန်မာအစိုးရအတွက် စိတ်ကျေနပ်ဖွယ်နိုင်ငံဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်တွင်း AA စစ်ရေးလှုပ်ရှားမှုကို တိုက်ရိုက်ဖိအားမပေးနိုင်ပေ။

ထိုင်းနှင့် ရခိုင်ပြည်နယ်

၎င်း နိုင်ငံတွင်း AA နှင့်ဆက်နွယ်သူများ၏ လှုပ်ရှားမှုများကို ယခင်က လွတ်လပ်စွာ ခွင့်ပြုထားခဲ့ သို့မဟုတ် မျက်စိမှိတ်ထားခဲ့သည်။ သို့သော် ၂၀၂၀ နောက်ပိုင်း၌ AA နှင့် ပတ်သက်ဆက်နွယ်သူများ၏ နေထိုင်လှုပ်ရှားမှုများအား တင်းကြပ်လာသည်ကို တွေ့ရသည်။ AA စစ်ဦးစီးချုပ်ဇနီးဖြစ်သူအား လဝက ဥပဒေဖြင့်ဖမ်းဆီးပြီး မြန်မာအစိုးရလက်သို့ ပြန်အပ်ရန် ကြံရွယ်ခဲ့သေးသော်လည်း နိုင်ငံတကာ၏ ဖိအားကြောင့် ဆွစ်ဇာလန်သို့ နိုင်ငံရေးခိုလှုံခွင့်ပြုခဲ့သည်ကို တွေ့ရသည်။

ထိုင်းနှင့်မြန်မာ နယ်စပ်တလျှောက်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုဈေးကွက်ရှိနေပြီး နှစ်နိုင်ငံလုံးမှ ထိန်းချုပ် နိုင်ခြင်းမရှိပေ။ အဆိုပါလက်နက် မှောင်ခိုဈေးကွက်မှ လက်နက်များသည် မြန်မာပြည်ရှိ AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံသို့ စီးဝင်ပါသည်။

အနောက်နိုင်ငံများနှင့် ရခိုင်ပြည်နယ်

အနောက်နိုင်ငံများသည် အစောပိုင်းကာလများက မြန်မာအပါ အရှေ့တောင်အာရှနိုင်ငံများသို့ စီးပွားရေးအရ ထိုးဖောက်ရန်သာ ရည်ရွယ်ခဲ့သော်လည်း ယခုခေတ်ကာလတွင် ကြီးထွားသော တရုတ်တို့၏သြဇာအား ကန့်သတ်ရန်နှင့် အနောက်တိုင်း ဒီမိုကရေစီအား ဖြန့်ဖြူးရန်အတွက်ပါ ကြိုးစားလာသည်ကို တွေ့ရသည်။

အနောက်နိုင်ငံများသည် AA စတင်ပေါ်လာစက စိတ်ဝင်စားမှု သိပ်မပြခဲ့ပေ။ သို့သော် ၂၀၁၉ နောက်ပိုင်းတွင် အနောက်နိုင်ငံများသည် AA အား စိတ်ဝင်စားလာပြီး ချဉ်းကပ်လာသည်ကို တွေ့ရသည်။ AA  ခေါင်းဆောင်၏ဇနီးအား အနောက်တွင် နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့သည်။ ဤသို့ အနောက်နိုင်ငံများ AA အား စိတ်ဝင်စားလာခြင်းမှာ အရှေ့မြောက်နယ်စပ်တွင် တရုတ်နှင့် နီးနီးကပ်ကပ်ရှိသော AA သည် အနောက်ဖက်သို့ ရောက်လာပြီဖြစ်ရာ တရုတ်သြဇာအောက်မှဆွဲထုတ်၍ ၎င်းတို့ဘက်သို့ နီးစပ်လာစေရန် ချဉ်းကပ်ခြင်းလည်း ဖြစ်ပုံရသည်။

ဒုတိယပြဿနာမှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ခေါ် မွတ်ဆလင် ဒုက္ခသည်ပြဿနာဖြစ်သည်။ အဆိုပါ မွတ်ဆလင် ဒုက္ခသည်ပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရ၊ တပ်မတော်တို့အား ချဉ်းကပ်ဖြေရှင်းရန် ကြိုးစားခဲ့သည်မှာ ၃ နှစ်ကျော်ပြီ ဖြစ်သော်လည်း တစုံတရာ ရလဒ် ထွက်ပေါ်ခြင်းမရှိပေ။ ဤသို့သော အခြေအနေအောက်တွင် ရခိုင်လူထု ထောက်ခံမှု ရှိသော ANP ပါတီအားလည်းကောင်း၊ AA အားလည်းကောင်း ချဉ်းကပ်ပြီး ဖြေရှင်းပါက အဆိုပါပြဿနာအား ဖြေရှင်းနိုင်မည်လောဟု နည်းလမ်းတခုအဖြစ် ပြောင်းလဲစဉ်းစားခြင်းလည်း ဖြစ်ပုံရပေသည်။

မည်သို့ပင်ဖြစ်စေ လာမည့် အချိန်ကာလများတွင် အနောက်နိုင်ငံများ၏ AA အပေါ် စိတ်ဝင်စားမှုနှင့် ချဉ်းကပ်မှု ပိုလာမည်ဟု သုံးသပ်ရပါသည်။

အပိုင်း ၈ ကို ဆက်လက်ဖော်ပြပါမည်။

You may also like these stories:

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၃)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၄)

ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၅)

ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၆ )

Did you find apk for android? You can find new Free Android Games and apps.
Loading