ဆောင်းပါး

ARSA ပြန်ခေါင်းထောင်နေပြီလား

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ ARSA ခေါ် Arakan Rohingya Salvation Army ဟာ သူ့ရဲ့ အကြမ်းဖက် လက်နက်ကိုင် လှုပ်ရှားမှုတွေကို ခပ်စိပ်စိပ် ပြန်ပြီး လုပ်နေတယ်လို့ ပြည်တွင်းပြည်ပ လေ့လာ သုံးသပ်သူတွေက ရှုမြင်သုံးသပ်ကြပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ဝေတဲ့ ဂျာမန်သတင်းဌာန DW ရဲ့ ရေးသားဖော်ပြချက်အရ ဆိုရင်တော့ Cox’s Bazar ဒေသမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ အခြားပြစ်မှု Criminal Activities ကျူးလွန်မှုတွေကို ပိုမိုထူပြောလာတယ်လို့ ရေးသားဖော်ပြခဲ့ပြီး ပြင်ပကအုပ်စုတွေက ဝင်ရောက်လွမ်းမိုးမှုတွေ ပိုမိုပြီးရှိလာတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီလို ဒုက္ခသည်တွေနေတဲ့ စခန်းတွေကို အစွန်းရောက်အုပ်စုတွေက ဝင်ရောက်လွှမ်းမိုးဖို့ ကြိုးစားနေတဲ့ အရိပ် အယောင်တွေ ရှိနေတယ်ဆိုတာကို အိန္ဒိယမှာရှိတဲ့ သတင်းစာတွေကလည်း ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း Cox’s Bazar ရှိ ကူတူပလောင် မွတ်စလင် ဒုက္ခသည်စခန်း(UNHCR Roger Arnold )

JMB နဲ့ ARSA ရဲ့ ဆက်စပ်မှု

ဇန်နဝါရီလထဲမှာတော့ Times of India သတင်းစာကြီးက Cox’s Bazar စခန်းထဲက ရိုဟင်ဂျာ ၄၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်တဲ့ Jamaat-ul-Mujahideen Bangladesh (JMB) ဆိုတဲ့အဖွဲ့က လက်နက်ကိုင် သင်တန်းတွေ ပေးနေတယ်ဆိုတဲ့သတင်းကို ရေးသားဖော်ပြခဲ့ပါတယ်။

JMB ဆိုတာ ဘင်္ဂလားဒေ့ရှ်မှာ အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်သတ်မှတ်ခံထားရတာဖြစ်ပြီး ၂၀၁၆ ခုနှစ် မြို့တော် ဖြစ်တဲ့ ဒက္ကားက သံတမန်ရပ်ကွက်နားမှာ ဖွင့်ထားတဲ့ Holey Artisan ကော်ဖီဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လူပေါင်း ၂၂ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို လုပ်ဆောင်ခဲ့သူတွေပါ။ အဲဒီတုန်းက သေဆုံးသူ အများစုဟာ နိုင်ငံခြားသား တွေ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ၄၀ ကိုတော့ သင်တန်းပေးဖို့ကို JMB က တာဝန်ယူခဲ့ပြီး ပထမဆုံးအသုတ်ဖြစ်တဲ့ ဒေါ်လာ ၁၁၇,၀၀၀ နဲ့ ညီမျှတဲ့ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းကို ဆော်ဒီအာရေးဗီးယားနဲ့ မလေးရှားဖက်က ပေးခဲ့တယ်လို့ DW မှာ ရေးသား ထား ပါတယ်။

ဒီလို သင်တန်းပေးတာတွေကို နောက်ကွယ်က ကြိုးကိုင်နေသူတွေထဲမှာ ISI လို့ခေါ်တဲ့ Pakistan Inter-Services Intelligence က ပါဝင်ပတ်သက်နေကြောင်း သတင်းက ဖော်ပြသလို ဒီလို ISI ပါဝင်ပတ်သက်နေတယ် ဆိုတာကို လည်း အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရ လုံခြုံရေးအရာရှိတွေနဲ့ နယ်စပ်လုံခြုံရေး အရာရှိတွေကို အကြောင်းကြား သတိပေးထားပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို ISI နောက်ကွယ်က ပါဝင် ပတ်သက်နေတာ ဖြစ်နိုင်ကြောင်းကို ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆယ် အခြေစိုက်အဖွဲ့ တခုဖြစ်တဲ့ South Asia Democratic Forum က လေ့လာ ပြုစုရေးသမားတဦးဖြစ်တဲ့ Siegfried O. Wolf က ဖြစ်နိုင်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

ISI ရဲ့ အဓိကရည်မှန်းချက်ကတော့ ဒေသတွင်းက နိုင်ငံတချို့ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိနိုင်ကြောင်း အဲဒီနိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယ အဓိကထိပ်ကပါနိုင်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

ကက်ရှ်မီးယား(Kashmir) အရေးကို နိုင်ငံတကာက စောင့်ကြည့်နေတဲ့အတွက် ပါကစ္စတန်ဟာ သူ့ရဲ့ Cross-Border Terrorism လို့ခေါ်တဲ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကို Third Country တတိယနိုင်ငံကို ရွေးချယ် အသုံးပြု ခြင်းက ပိုကောင်းမယ်လို့ တွက်ဆနိုင်ကြောင်း Wolf က သုံးသပ်ပါတယ်။

ဒါကြောင့် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေဟာ အကြမ်းဖက်အဖွဲ့တွေ အတွက် မျက်စိကျစရာ ဖြစ်လာတယ်လို့ သုံးသပ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်က ARSA ကို ဘယ်လိုကိုင်တွယ်လဲ

ဘင်္ဂလားဒေ့ရှ်ရဲ့ လုံခြုံရေး အထူးကျွမ်းကျင်သူ (ဗိုလ်မှူးချုပ်ဟောင်း) အဗ္ဗဒူ ရာရှစ်(Abdur Rashid) ကတော့ အရင် ကလည်း ရိုဟင်ဂျာတွေကို ဒီလို အစွန်းရောက်ဖြစ်အောင် ဖန်တီးဖို့ ကြိုးစားခဲ့တာတွေ ရှိခဲ့ကြောင်း ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ကတော့ အမြဲ ဒီလိုမဖြစ်အောင် ဟန့်တားနိုင်ခဲ့ကြောင်း DW ကို ပြောဆိုခဲ့ပါတယ်။

ရာရှစ် ဟာ ဒက္ကားအခြေစိုက် Institute of Conflict, Law and Development Studies ကဖြစ်ပြီး သူက ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယကို အခုအချိန်အထိ ဒီလိုကိစ္စတွေမှာ ကူညီခဲ့ကြောင်း အထူးသဖြင့် အရှေ့မြောက်ဒေသကို စိုးရိမ်တဲ့အတွက် အကူအညီပေးခဲ့ကြောင်း ပြောဆိုပါတယ်။

အိန္ဒိယဟာ သူ့ရဲ့အရှေ့မြောက်ဒေသမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် သူပုန်တွေရဲ့ရေး ရတက်မအေး ဖြစ်နေတာ ဖြစ်ပါတယ်။ နာဂ၊ မီဇို၊ ကသည်း စတဲ့ လက်နက်ကိုင်တွေဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေ မှာ အခြေတည်လှုပ်ရှားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ စစ်ကိုင်းတိုင်းထဲက နာဂဒေသမှာ အခြေပြု လှုပ်ရှား ကြပါတယ်။

ရာရှစ် ဆက်ပြောတာကတော့ ပါကစ္စတန်ဟာ (စောစောက ပြောသလို) အစွန်းရောက်အဖွဲ့တွေကို ကူညီထောက်ပံ့ တာမျိုးလုပ်ပြီး အိန္ဒိယကို မတည်မငြိမ်ဖြစ်အောင် လုပ်ချင်လုပ်နိုင်မယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ကတော့ ဒါမျိုး မလုပ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်ပရေးရာ ဝန်ကြီးဖြစ်တဲ့ Shahriar Alam ကတော့ ဒီလို ဒုက္ခသည်စခန်းတွေထဲမှာ အစွန်းရောက် ဝါဒတွေ ဖြန့်ဖြူးဖို့ ကြိုးစားတာတွေဟာ အရင်ကလည်း အောင်မြင်မှုမရှိခဲ့ပါဘူးလို့ DW သတင်းဌာနကို ပြောဆိုခဲ့ ပါတယ်။

ARSA ကတော့ နယ်စပ်မှာ ပြန်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီး စိပ်လာတယ်လို့ မြန်မာတပ်မတော်ဖက်က အရာရှိကြီး တွေကလည်း ဆိုပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ARSA တွေက ညဖက်မှာ လှုပ်ရှားကြပြီး နေ့ဖက်မှာ ကိုယ်ယောင် ဖျောက်ထားတယ်လို့ သိရပါတယ်။

၂၀၁၇ခုနှစ် သြဂုတ်က ARSA အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့သည့် ရဲဘော်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများ

၂၀၁၇ သြဂုတ်လမှာ ARSA က ရဲစခန်းတွေကို ရခိုင်မြောက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလမှာ သုံးနှစ်မြောက်ပြီ ဖြစ်ပါတယ်။

ဧပြီလကစပြီးတော့ ARSA အဖွဲ့ဝင်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီးလုပ်လာတယ်လို့ တပ်မတော်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။

၂၀၂၀ မေလထဲမှာ နယ်စပ် လုံခြုံရေးဆောင်ရွက်နေတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို ARSA အဖွဲ့က ချောင်း မြောင်း ပစ်ခတ်တာကြောင့် ဒုရဲအုပ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦး ဒဏ်ရာခဲ့သလို၊ ဇွန်လဆန်းပိုင်းမှာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ဘီပီ – ၃၄ နှင့် ဘီပီ – ၃၅ အကြား မီးဒိုက်ကျေးရွာအနီးမှာ ARSA အဖွဲ့နဲ့ နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ရာ အလောင်းနှစ်လောင်းနဲ့ လက်နက် ၂လက် ရတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

တပ်မတော်အနေနဲ့ ARSA ရဲ့ ယာယီစခန်းတွေကို သိမ်းပိုက်ခဲ့ဖူးတာတွေ ရှိသလို ပြန်လည်ဝင်ရောက်လာတဲ့ (တရား ဝင်ရော တရားမဝင်ပါ အပါအဝင်) မွတ်စလင် ဒုက္ခသည်တွေကို စစ်ဆေးမေးမြန်းကြည့်တဲ့ အခါမှာတော့ ဒုက္ခသည် စခန်းတွေထဲမှာ ARSA ရဲ့ လှုပ်ရှားမှုတွေ ရှိတယ်လို့ ပြန်လည်ပြောကြားကြောင်း သိရပါတယ်။

ဒုက္ခသည်စခန်းထဲက ARSA ရဲ့ လှုပ်ရှားမှု

၂၀၁၉ ခု စက်တင်ဘာလ ၂၄ ရက် မှာ ထုတ်ဝေတဲ့ DW ရဲ့ သတင်းမှာတော့ ဒုက္ခသည်စခန်းတွေမှာ ARSA တွေ လှုပ်ရှားထကြွနေကြောင်း စခန်းတွေထဲမှာ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးနဲ့ မှုခင်းများ ဖြစ်ပွားမှုတွေရှိနေကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေနဲ့ သတင်းပေးတွေအပေါ်မှာလည်း ခြိမ်းခြောက်သတ်ဖြတ်မှုတွေ ရှိနေကြောင်း အကြောက် တရား လွှမ်းမိုးနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းအကြောင်းကို Rohingya Militants Active in Bangladesh Refugee Camps ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီ သတင်းဆောင်းပါးမှာ ARSA အကြမ်းဖက်တွေကို ပါကစ္စတန်မှာရှိတဲ့ တာလီဘန်တွေက သင်တန်းပေးနေသလား ဆိုပြီးတော့လည်း မေးခွန်းထုတ်ထားပါတယ်။

ARSA အဖွဲ့ဝင်ပေါင်း ထောင်နဲ့ချီပြီး ဒုက္ခသည်စခန်းမှာ ရှိနေကြောင်း။ ဒါပေမယ့် လက်နက်အကူအညီ အထောက်အပံ့ တော့ အများအပြား မရတဲ့အကြောင်း သတင်းရင်းမြစ်တွေကို အင်တာဗျူးလုပ်ပြီး ရေးသားဖော်ပြထားပါတယ်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Kalam Momen က ARSA မရှိဘူးလို့ ငြင်းဆိုသော်လဲပဲ စခန်းထဲမှာတော့ ARSA လို့ပြောတာနဲ့ လူတွေဟာ ထိတ်လန့်ကုန်တယ်။ သွေးပျက်ကုန်တယ်လို့ ဆိုပါတယ်။

ARSA ခေါင်းဆောင် အတ္တာအူလ္လာ

ARSA ခေါင်းဆောင် အတ္တာအူလ္လာ

ARSA ၏ ခေါင်းဆောင် အတ္တာအူလ္လာ Attah Ullah ဟာ ပါကစ္စတန်တွင် မွေးဖွားပြီး ဆော်ဒီအာရေးဗီးယားမှာ ကြီးပြင်း ခဲ့တာဖြစ်တယ်။ အတ္တာအူလ္လာနဲ့ သူ့ရဲ့အဖွဲ့ဟာ စစ်သင်တန်းနဲ့ ဖောက်ခွဲရေးသတင်တန်းတွေကို တက်ခဲ့ဖူး သူတွေဖြစ် တယ်။ ပြီးတော့ ပျောက်ကြားနည်းဗျူဟာတွေကိုလည်း တက်ရောက်ဖူးသူတွေ ဖြစ်တယ်လို့ သတင်းထဲမှာ ဖော်ပြထား ပါတယ်။

အတ္တာအူလ္လာက ဒုက္ခသည်တွေကို မင်းတို့ တိုင်းပြည်အတွက် တိုက်နေတာဖြစ်တယ်။ ငါတို့ထဲကိုဝင်ပါ။ မင်းတို့တွေ အတွက် ဘဝတွေ ကောင်းစားဖို့အတွက်ပါလို့ ပြောကြားကြောင်း၊ ဒါပေမယ့် စခန်းထဲက ဒုက္ခသည်တွေကတော့ ကြောက်ရွံ့ ပြီး မယုံရဲကြတဲ့အကြောင်း DW မှာ ရေးသားဖော်ပြထားပါတယ်။

သူတို့ရဲ့တပ်မှူးက သူတို့ရဲ့တပ်သားတွေကို စခန်းထဲက (မွတ်ဆလင်) အမျိုးသမီးတွေ လုံလုံခြုံခြုံ ဖုံးကွယ် မထားရင် ရိုက်နှက်ဖို့အမိန့်ပေးထားတယ်လို့ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန် တာလီဘန်နဲ့ ဆက်နွယ်မှု

ARSA ဟာ Pakistani Taliban (TTP) ဆီကလည်း သင်တန်းတွေရခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ TTP ရဲ့ ပြောရေးဆိုခွင့်ရှိသူက DW သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။ သူတို့ (ARSA) ဖက်ကတောင်းဆိုလို့ ပေးရ တာဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

Cox’s Bazar ကို စောင့်ကြည့်တဲ့ နိုင်ငံခြားသံတမန်တွေကတော့ ARSA နဲ့ JMB ဟာ ဆက်စပ်မှုတွေရှိကြောင်း လက်နက်ကိုင်သင်တန်းတွေပေးနေတဲ့ Video တွေ Online မှာ Youtube မှာ အထင်အရှား တွေ့မြင်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ARSA အဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ လက်နက်တွေကတော့ AK-47, M-21, M-22 နဲ့ M-16 ရိုင်ဖယ်အဟောင်းတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ARSA အဖွဲ့ဝင်တွေရဲ့ မေယုတောင်ကြောမှာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေတဲ့ ဗီဒီယိုဖိုင် တွေ ကတော့ Youtube မှာ အများအပြားတင်ထားတာ တွေ့နိုင်ပါတယ်။

အချို့လက်နက်တွေကတော့ မြန်မာနိုင်ငံထဲက ရဲစခန်းတွေကို ARSA က သိမ်းတဲ့အချိန်မှာ ယူဆောင်သွားခဲ့တဲ့ လက်နက်တွေပဲ ဖြစ်ဖို့များပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက Cox’s Bazar ထဲက တောစပ်က လက်နက်ကိုင် သင်တန်းနေရာတွေကို ဝင်ရှင်းပြီ ဆိုရင် ARSA အဖွဲ့ဝင်တွေဟာ နီးစပ်ရာတောင်ကုန်းတွေပေါ်ကို တက်ပုန်းလေ့ရှိပြီး အေးဆေးသွားတဲ့အချိန်မှာ ပြန်ဆင်းလာလေ့ရှိကြောင်း စောင့်ကြည့်လေ့လာသူ သံတမန်အချို့က ပြောဆိုခဲ့ပါတယ်။

Cox’s Bazar ရဲ့ ဝန်းကျင်ဟာ တောတွေ တောင်တွေထူထပ်တာ ဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေ ခိုအောင်း လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ARSA အပြင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖက်ခြမ်းမှာ Arakan Army ရခိုင့်တပ်မတော်လည်း စခန်းအနည်းဆုံး နှစ်ခုရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ဖူးတာ ဖြစ်ပါတယ်။

ARSA နဲ့ AA အကြားမှာတော့ တဖက်နဲ့တဖက် တွေ့ဆုံတိုက်ပွဲဖြစ်တဲ့သတင်းတွေ မကြားသိရပါဘူး။

ARSA နဲ့ MJB တို့ရဲ့ ဆက်နွယ်မှုတွေကိုလည်း အာဏာပိုင်တွေက မျက်ခြည်မပြတ် ထောက်လှမ်းလေ့လာနေတာ ဖြစ်ပြီး အရင်ကဆိုရင်တော့ RSO ခေါ်တဲ့ Rohingya Solidarity Organization ဟာလည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာပဲ လှုပ်ရှားခဲ့ဖူးတဲ့ အတွေ့အကြုံ သာဓကတွေရှိတာ ဖြစ်ပါတယ်။

၁၉၄၇ ကနေ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ မေယုတောင်ကြော တလျှောက် ရခိုင်မြောက်ပိုင်းမှာ မူဂျာဟစ် သူပုန် တွေရဲ့ ထကြွမှုရှိခဲ့ပါတယ်။ တပ်မတော်က နှိမ်နှင်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်

အကြမ်းဖက်အဖွဲ့များကို ချေမှုန်းနိုင်ရေး အင်အားစုကြီးတခုကြောင့် တနိုင်ငံတည်း မလုပ်နိုင်ဟု တပ်ချုပ် ပြော

ဘင်္ဂလားဒေ့ရှ် နယ်စပ် ARSA နှင့် တိုက်ပွဲ ယူနီဖောင်းဝတ် ၂ လောင်း ရဟုဆို

ARSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲ ၂ ဦး ဒဏ်ရာရ

Did you find apk for android? You can find new Free Android Games and apps.
Loading