တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို စောင့်ကြည့်နေရသည်မှာ အမြဲ စိတ်ဝင်စားစရာကောင်းလှသည်။ အတွေးအခေါ်က နှစ်ဂိုဏ်းကွဲနေသည်။
တခုက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိတ်ကပ်အတွင်းတွင် ရှိနေဆဲဟု ယူဆသည်။ အခြားတခုကမူ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ပတ်လမ်းမှ လွတ်မြောက်ရန် ရုန်းကန်နေသည်ဟု ယူဆသည်။
ထိုသို့သောဆွေးနွေးမှုအတွင်း အလွှာအမျိုးမျိုး ရှိသည်ကို ငြင်းပယ် မရနိုင်ပေ။
သို့သော် တရုတ်နိုင်ငံအပေါ် တပ်မတော်အပါအဝင် လက်ရှိအစိုးရ၏ ချဉ်းကပ်ပုံကို လေ့လာသောအခါ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံကြီးဖြစ်သော တရုတ်နှင့် ဆက်ဆံရေးတွင် သတိထားနေသည်ဟူသည့် ကောက်ချက်သို့ရောက်သွားစေသည်။
လွန်ခဲ့သောလများအတွင်း မြန်မာနိုင်ငံသည် တရုတ်မြန်မာစီးပွားရေးစင်္ကြန် (CMEC) ဖြင့် နေပြည်တော်အပေါ် သြဇာ ပိုမိုနက်ရှိုင်းအောင်ကြိုးစားနေသည့် တရုတ်နိုင်ငံကို ခုခံမှုပြသကြောင်း မြင်ခဲ့ရပြီးဖြစ်သည်။
မြန်မာနိုင်ငံသည် မည်သည့်အတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် CMEC အောက်မှ အခြေခံအဆောက်အအုံစီမံကိန်းများ နှင့်ပတ်သက်ပြီး စတင် သတိထားလာရသည် ဆိုသည့်အကြောင်းရင်းများကို ခန့်မှန်းရန် မခက်ခဲလှပေ။ မြန်မာခေါင်းဆောင်ပိုင်းသည် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် (CPEC) တွင် ပါဝင်ခဲ့သော တောင်အာရှနိုင်ငံတခုဖြစ်သော ပါကစ္စတန်နိုင်ငံကို မျက်ခြေမပြတ် စူးစိုက်ကြည့်နေသည်မှာ ထင်ရှားလှသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က CPEC သည် သူ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ်၏ အရေးပါသော စီမံကိန်း အဖြစ် ချီးကျူးပြောဆိုသည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံသြဇာကြီးထွားလာခြင်းကို ပိုမိုခိုင်မာစေမည့် အာရှဥရောပ ယူရေးရှားအတွက် ကြီးမားလှသော လမ်းပန်းဆက်သွယ်ရေး စီမံကိန်းကြီးဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မြေပြင်မှ အခြေအနေမှာ ပန်းခင်းသောလမ်းဟု ပြောရန်ခက်သည်။
အိမ်နီးချင်းများထံမှ သင်ခန်းစာများ
တရုတ်နိုင်ငံသည် အစ္စလမ်မာဘတ်တွင် ဘေ့ဂျင်း၏ သြဇာကို အကြီးအကျယ်ထူထောင်နိုင်မည့် ပါကစ္စတန်နိုင်ငံနှင့် အခိုင်အမာ ဆက်ဆံရေးသစ် ထူထောင်နေကြောင်း ၂၀၁၇ ခုနှစ်က ထုတ်ဝေသည့် စုံစမ်းစစ်ဆေးခြင်း သတင်းတခုတွင် ပါကစ္စတန်နိုင်ငံ Dawn သတင်းစာက ဖေါ်ပြသည်။ “ CPEC စီမံကိန်းသည် ပါကစ္စတန် စီးပွားရေးကဏ္ဍ အများစုနှင့် လူ့အဖွဲ့အစည်းတွင် တရုတ်လုပ်ငန်းများနှင့် ယဉ်ကျေးမှုက နက်ရှိုင်းကျယ်ပြန့်စွာ ထိုးဖေါက်ရန် မျှော်မှန်းသည်” ဟု ထိုသတင်းစာက အသေးစိတ် စုံစမ်းတင်ပြသည်။
အလားတူစွာပင် မြန်မာနိုင်ငံသည် သီရိလင်္ကာနှင့် မော်လဒိုက်နိုင်ငံများမှလည်း သင်ခန်းစာယူသည်။ ထိုနိုင်ငံများတွင် တရုတ်နိုင်ငံသည် အကြွေးထောင်ချောက်အဖြစ် ယူဆရသည့် အခြေခံအဆောက်အအုံစီမံကိန်းကြီးများကို တွန်းအားပေးရန် လုပ်ဆောင်သည်။
တရုတ်နိုင်ငံသည် မြင့်မားသော အတိုးနှုန်းဖြင့် ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို ၉၉ နှစ် ငှားရမ်းယူခြင်း ကဲ့သို့သော သေနင်္ဂဗျူဟာကျသည့် ပိုင်ဆိုင်မှုများကို ရယူသည်။
ပါကစ္စတန်နိုင်ငံကို တရုတ်နိုင်ငံ၏ လက်အောက်ခံဖြစ်စေရန် ဖွဲ့စည်းတည်ဆောက်ထားသည့် ဆက်ဆံရေးကို ဖြစ်စေသည့် CPEC ပုံစံသည် ယခုအခါ CMEC တွင် တွေ့နေရသည်။
ပါကစ္စတန်နိုင်ငံကို တရုတ်နိုင်ငံ၏ လက်အောက်ခံဖြစ်စေရန် ဖွဲ့စည်းတည်ဆောက်ထားသည့် ဆက်ဆံရေးကို ဖြစ်စေသည့် CPEC ပုံစံသည် ယခုအခါ CMEC တွင် တွေ့နေရသည်။
ပထဝီအရ ဆိုပါက တရုတ်နိုင်ငံက CMEC ကို Y ပြောင်းပြန်ပုံစံအကောင်အထည်ဖေါ်ရန် အဆိုပြုသည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံနှင့် မြန်မာ လာအို ဗီယက်နမ်တို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ယူနန်ပြည်နယ်မှ စတင်မည်ဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်ရွှေလီမှ စတင်သည့် ထို စင်္ကြန်သည် နိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်ကမ်းပေါ်မှ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံမြို့တော်ဟောင်း မန္တလေးသို့ ဦးတည်သည်။ ထိုမှတဆင့် အရှေ့နှင့် အနောက်ဖက်သို့ ချဲ့ထွင်ပြီး ရန်ကုန်မြို့သစ်နှင့် အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူး စီးပွားရေးဇုန်အထိ ကျယ်ပြန့်သည်။
ကြန့်ကြာနေသော အထူးစီးပွားရေးဇုန်အတွက် တွန်းအားပေးမှု
ရှီ၏ ဇန်နဝါရီလက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သေနင်္ဂဗျူဟာအရ နက်ရှိုင်းစွာ အရေးပါသည့် သဘောတူညီချက် နှစ်ခုကို လက်မှတ်ရေးထိုးသည်။ တခုမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း ထူထောင်ရေးနှင့် အထူးစီးပွားရေးဇုန် (SEZ) ထူထောင်ရေးဖြစ်သည်။
ရေနက်ဆိပ်ကမ်းကို ထူထောင်ခြင်းဖြင့် တရုတ်တို့သည် ၎င်းတို့နိုင်ငံ၏ ကုန်သွယ်ရေး အသက်သွေးကြောဖြစ်သော အိန္ဒိယ နှင့် ပိစိဖိတ် သမုဒ္ဒရာများကို ဆက်သွယ်ထားသည့် မလက္ကာရေလက်ကြားအပေါ် မှီခိုမှု လျှော့ချရန် ကြိုးစားသည်။ အမေရိကန်ပြည်ထောင်စုနှင့် စစ်အေးတိုက်ပွဲသစ် နီးကပ်လာသောကြောင့် တရုတ်တို့သည် အမေရိကန်တို့ စစ်ရေးအရ စိုးမိုးထားသော ထိုရေလက်ကြားအပေါ်မှီခိုမှု လျှော့ချရန် အပြင်းအထန် လုပ်ဆောင်နေသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ စွမ်းအင်ဖူလှုံရေးအတွက်လည်း အရေးပါသည်။ ထိုဆိပ်ကမ်းသည် အရှေ့တောင်အာရှ နိုင်ငံများအသင်းနှင့် တရုတ်နိုင်ငံ၏ သေနင်္ဂဗျူဟာကျသည့် ဝင်ထွက်ပေါက်ဖြစ်သော ယူနန်ပြည်နယ်သို့ စွမ်းအင်ပို့ပေးသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ရှိနေသော နေရာဖြစ်သည်။
တန်းတူညီမျှမှုမရှိသော ဆက်ဆံရေးကို ခိုင်မာစေရန် ရှီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ (MoUs) ၃၃ စောင်ကို လက်မှတ်ရေးထိုးသည်။
ထိုအနုစိတ်သော စီမံကိန်းအရ တရုတ်နိုင်ငံသည် မြန်မာ့စီးပွားရေးတွင် အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ (ကျပ် ၁၃၅.၇ ထရီလျှံ) ခန့်ရှိသည့် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်မည်ဖြစ်သည်။ ထိုပမာဏသည် CPEC အတွက် စိုက်ထုတ်သည့် ဒေါ်လာ ၆၂ ဘီလျံထက် များစွာပိုမိုသည်။
တရုတ်နိုင်ငံက CMEC အရ မြန်မာနိုင်ငံတွင် စီမံကိန်း ၃၈ ခု အဆိုပြုပြီး မြန်မာနိုင်ငံက လက်ရှိအချိန်အထိ ၉ ခုကိုသာ အတည်ပြုသည်။ မြန်မာနိုင်ငံသည် နှစ်နိုင်ငံအကျိုးစီးပွားကို အာမခံမည့် စီမံကိန်းများကိုသာ အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်း မြန်မာအဆင့်မြင့်အရာရှိများက လွန်ခဲ့သော နှစ်မှ စတင်ပြောဆိုနေသည်။
အနာဂတ်ကို တွက်ချက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာအစိုးရသည် တရုတ်နိုင်ငံကို ရင်ဆိုင်နေသည်။
မြန်မာနိုင်ငံသည် မြစ်ဆုံဆည်တည်ဆောက်ရေးကို ဆိုင်းငံ့ထားဆဲဖြစ်သည်။ ဒေါ်လာ ၃.၆ ဘီလျှံကုန်ကျမည့် ထို ဆည်စီမံကိန်းသည် ဧရာဝတီမြစ်အထက်ပိုင်းနှင့် ဧရာဝတီဖြစ်ကို ဖြစ်ပေါ်စေသည့် မေခ၊ မလိခ မြစ်များတွင် တည်ဆောက်မည့် ရေအားလျှပ်စစ်ဆည် စီမံကိန်း ၇ ခုအနက် တခုဖြစ်သည်။ ထိုစီမံကိန်းကို ၂၀၀၉ ခုနှစ်က စတင်သော်လည်း ထိုဆည်၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ထိခိုက်မှုများအပေါ် လူထုက စိုးရိမ်ပူပန်မှုများကြောင့် ထိုစဉ်က သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် ဆိုင်းငံ့လိုက်သည်။
ထိုသို့ ဆိုင်းငံ့သည့် သတင်းကိုကြားရသောအခါ တရုတ်တို့သည် သိက္ခာကျသည်ဟု ထင်ခဲ့ကြသည်။
လက်ရှိအစိုးရသည် ထိုစီမံကိန်းကို ပြန်လည်သုံးသပ်ရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ပါဝင်သည့် အဖွဲ့ဝင် ၂၀ ဦးပါ ကော်မရှင်တခု ထူထောင်ခဲ့သည်။ ယနေ့အထိ ထိုကော်မရှင်သည် အစီရင်ခံစာ နှစ်စောင် ထုတ်ပြန်ပြီးဖြစ်သော်လည်း အစိုးရက မည်သည့် အစီရင်ခံစာကိုမျှ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ လက်ရှိအချိန်အထိ ထိုစီမံကိန်းကို ဆိုင်းငံ့ထားဆဲဖြစ်သည်။
အလားတူစွာပင် တရုတ်နယ်စပ် မူဆယ်မှ မန္တလေးသို့ ဆက်သွယ်မည့် ရည်မှန်းချက်ကြီးမားသောတရုတ်ကျောထောက်နောက်ခံပြု ရထားလမ်း စီမံကိန်းသည်လည်း ရှေ့တိုးလာခြင်း မရှိပေ။ ဒေါ်လာ ၉ ဘီလျံကုန်ကျမည့် ထိုစီမံကိန်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်နှုန်းမြင့် ရထားလမ်းနှင့် ချိတ်ဆက်မည့် ရထားလမ်းသစ် ၄၃၁ ကီလိုမီတာ တည်ဆောက်ရေး ပါဝင်သည်။
မြန်မာအရပ်သားဝန်ကြီးများသည် တရုတ်နိုင်ငံနှင့် ပတ်သက်လျှင် တင်းမာသော သဘောထား မရှိလျှင်ပင် လွန်စွာ ချင့်ချိန်ကြသည်။
မြန်မာအရပ်သားဝန်ကြီးများသည် တရုတ်နိုင်ငံနှင့် ပတ်သက်လျှင် တင်းမာသော သဘောထား မရှိလျှင်ပင် လွန်စွာ ချင့်ချိန်ကြသည်။ ဘေ့ဂျင်းကို ဆန့်ကျင်ခုခံသည့် ပြင်းထန်သော ရေစီးရှိနေသည်။
မုန်းတီးသော အိမ်ထောင်ပြုခြင်းလား
တရုတ်နိုင်ငံ၏ အကြွေးထောင်ချောက်အတွင်းကျမည့် အန္တရာယ်ကို ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးဆက်အောင်က ပွင့်ပွင့်လင်းလင်း သတိပေးသည်။ တရုတ်စီမံကိန်းများသည် စီးပွားရေးအရ လက်တွေ့ကျပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိရမည်ဟု သူအလေးထားပြောဆိုသည်။ သူသည် ရခိုင်ပြည်နယ်မှ ကျောက်ဖြူစီမံကိန်းအတွက် ကုန်ကျစရိတ်အတိုင်းအတာကို လျှော့ချရန် အောင်မြင်စွာ ညှိနှိုင်းခဲ့သူလည်းဖြစ်သည်။
အကြွေး အလွန်အကျွံတင်မည်ကို စိုးရိမ်ပြီးနောက် အနောက်ပိုင်းပြည်နယ်ဖြစ်သော ရခိုင်ပြည်နယ်မှ တရုတ်ကျောထောက်နောက်ခံပြု ထိုဆိပ်ကမ်း စီမံကိန်းအတွက် ကနဦး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကို ဒေါ်လာ ၇.၂ ဘီလျံမှ ၁.၃ ဘီလျံသို့ လျှော့ချခဲ့သည်။
CMEC အတွက် နားလည်မှုစာချွန်လွှာမှ လက်မခံနိုင်သော အသုံးအနှုန်းများကို ဖယ်ရှားခဲ့သော ဗဟိုဘဏ် ဒုဥက္ကဌ ဦးဘိုဘိုငယ်က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အတိုင်းအတာတခုအထိ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း နောက်ဆုံးတွင် ထိုပူးပေါင်းဆောင်ရွက်မှုသည် ခါးသည်းသော အိမ်ထောင်ရေးသာဖြစ်မည်ဟု ထောက်ပြသောအခါ ဘေ့ဂျင်း- နေပြည်တော်ဆက်ဆံရေး စိတ်မသက်သာစရာဖြစ်ရသည်။
သူပုန်တို့၏ လက်နက်တိုက်မှ တရုတ်လက်နက်များ
မြန်မာလက်နက်ကိုင်တပ်များသည် တရုတ်နိုင်ငံမှ လက်နက်များကို ဝယ်ယူနေဆဲဖြစ်သော်လည်း စစ်တပ်သည် လက်နက်ရင်းမြစ်များကို အမျိုးမျိုးခွဲထားသည်။ ယနေ့မြန်မာနိုင်ငံသည် ရုရှား၊ အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်းနှင့် ဗဟိုအာရှနှင့် ဥရောပနိုင်ငံအများအပြားမှ လက်နက်များဝယ်ယူနေသည်။
မြောက်ပိုင်းစစ်မျက်နှာမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအပြားသည် တရုတ်နိုင်ငံမှလက်နက်နှင့် ခဲယမ်းများရရှိနေသောကြောင့် စိတ်မချမ်းသာကြောင်း မြန်မာတပ်ချုပ်က မကြာသေးမီကပြောသည်။ ထိုအဖွဲ့အစည်းများတွင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်သည်။
လွန်ခဲ့သော နှစ် သြဂုတ်လက အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်နှင့် တွေ့ဆုံစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က TNLA နှင့် AA အပါအဝင်ဖြစ်သော မြောက်ပိုင်းမဟာမိတ်နှင့် တိုက်ပွဲအတွင်း သိမ်းဆည်းမိသည့် တရုတ်လုပ်လက်နက်များ၏ ဓါတ်ပုံများကို တရုတ်အရာရှိများအားပြသခဲ့သည်။
တရုတ်နိုင်ငံနှင့်ခပ်ခွာခွာနေလိုသော ဗိုလ်ချုပ်မှူးကြီးသည် ရေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့်ရန် တရုတ်နိုင်ငံ၏ တောင်းဆိုမှုနှင့် တရုတ်နိုင်ငံက ရေငုတ်သင်္ဘောရောင်းချရန် ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။
တရုတ်နိုင်ငံနှင့်ခပ်ခွာခွာနေလိုသော ဗိုလ်ချုပ်မှူးကြီးသည် ရေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့်ရန် တရုတ်နိုင်ငံ၏ တောင်းဆိုမှုနှင့် တရုတ်နိုင်ငံက ရေငုတ်သင်္ဘောရောင်းချရန် ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။
ဇွန်လက ရုရှားနိုင်ငံသို့ သွားရောက်စဉ်အတွင်းတွင်မူ မော်စကိုနှင့် နေပြည်တော်အကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် ရလာကြောင်း သူမှတ်ချက်ချသည်။ အိန္ဒိယ သို့ သွားရောက်စဉ်အတွင်း တပ်ချုပ်သည် မြန်မာရေတပ်အတွက် ပထမဆုံး ရေငုတ်သင်္ဘောဝယ်ယူရေးကို အပြီးသတ်လုပ်ဆောင်ခဲ့သည်။ ထိုရေငုတ်သင်္ဘောသည် ယခုအခါ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး သင်္ဘောသားများသည် လေ့ကျင်မှု ပြုလုပ်နေသည်။
ဘေ့ဂျင်းအပေါ် ယုံကြည်မှုမရှိသောကြောင့် မြန်မာနိုင်ငံသည် ပြိုင်ဖက် အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျှနှင့် အမေရိကန်ပြည်ထောင်စုတို့ပါဝင်သော အင်ဒို-ပိစိဖိတ် ဒီမိုကရေစီ ၄ နိုင်ငံ ပိုမိုနက်ရှိုင်းစွာ ဆက်ဆံရန် တံခါးပွင့်သွားစေသည်။
မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် ဆက်ဆံရေး လမ်းကြောင်းပြောင်းလိုက်ခြင်းသည် ပထဝီနိုင်ငံရေး ရှုခင်းကို သိသိသာသာပြောင်းလဲသွားစေသည်။ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် အခြေအနေနောက်ခံတွင် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား စစ်အေးတိုက်ပွဲသစ်တခု ပေါ်ပေါက်လာသည်။
ထိုသို့သောအခြေအနေသည် အိန္ဒိယနိုင်ငံအနေဖြင့် လာဒါ့က်တွင် ဘေ့ဂျင်းနှင့် နယူးဒေလီအကြား စစ်တပ်များ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် တရုတ်နိုင်ငံကို တန်ပြန်ရန် နေပြည်တော်နှင့် ဆက်ဆံရေးအရှိန်မြှင့်တင်ရမည့် အချိန်ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် ဂျပန်ရင်းနှီးမြျုပ်နှံမှုများ ကျဆင်းသွားခြင်းမရှိပါ။ ယင်းအစား နှစ်နိုင်ငံဆက်ဆံရေးတွင် လုံခြုံရေးဆိုင်ရာ ရှုထောင့်များဖြင့် ပိုမို ထက်မြက်လာနိုင်သည်။ တိုကျိုနှင့်ဘေ့ဂျင်းတို့သည် အရှေ့တရုတ်ပင်လယ်မှ အငြင်းပွားနေသော ကျွန်းများအတွက် နိုင်ငံရေးအရ ပွတ်တိုက်မှုဖြစ်နေကြသည်။
တရုတ်နိုင်ငံ၏ အရေးပါသော စီးပွားရေးရေကြောင်းလမ်းတွင် မြန်မာနိုင်ငံ တည်ရှိနေခြင်းကြောင့် အင်ဒိုပစိဖိတ် ဒီမိုကရေစီ နိုင်ငံများသည် တရုတ်နိုင်ငံ၏ အားနည်းချက်ဖြစ်သော မလက္ကာရေလက်ကြားသို့ ဦးတည်သည့် လမ်းကြောင်းကို စောင့်ကြည့် ထိန်းသိမ်းရန် လက်တွဲဖေါ်အဖြစ် မြန်မာနိုင်ငံ၏ အရေးပါသော အခန်းကို ပိုမိုနီးကပ်စွာ အာရုံစိုက်လာရန်ဖြစ်လာတော့သည်။
(ရန်နိုင်သည် မြန်မာ့ရေးရာများကို ပုံမှန်လေ့လာရေးသားသူတဦး၏ ကလောင်အမည်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Rescuing Myanmar From the Chinese Debt Trap ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တရုတ်-အမေရိကန် လွန်ဆွဲပွဲက ASEAN အစည်းအဝေးကို လွှမ်းမိုးနေ
ရွေးကောက်ပွဲတွင် တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်စေချင်သည့် အကြောင်း
တရုတ်က ရခိုင်အတွက် အကူအညီပေးပြီး BRI စီမံကိန်းများ အရှိန်မြှင့်ရန်ဆွေးနွေး
“ရန်လိုသောလုပ်ရပ်များ” ကို ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့ရန် ထိုင်ဝမ်သမ္မတ တိုက်တွန်း