တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ် ရေလက်ကြားမှ တရုတ်နိုင်ငံ၏ လုပ်ရပ်များသည် ဒေသတည်ငြိမ်ရေးအတွက် အဓိက ခြိမ်းခြောက်မှုများဖြစ်ကြောင်း သွယ်ဝိုက်၍ ရည်ညွှန်းရင်း “ရန်လိုသောလုပ်ရပ်များ” ကို ဆန့်ကျင်ကာကွယ်ရန်နှင့် လွတ်လပ်မှုကို ကာကွယ်ရန် မဟာမိတ် ပြုလုပ်ရေး ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းက စက်တင်ဘာလ ၈ ရက်နေ့တွင် ဒီမိုကရေစီနိုင်ငံများသို့ တောင်းဆိုလိုက်သည်။
ဒီမိုကရေစီ စနစ်ကျင့်သုံးသည့် ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်အဖြစ် ကြေညာထားသော တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်း ပတ်ဝန်းကျင်နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသော အရှေ့နှင့် တောင်တရုတ် ပင်လယ်တို့တွင် ၎င်း၏ စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ခဲ့ ပြီးဖြစ်သည်။
ထိုင်ဝမ်မှ ထိပ်တန်း လုံခြုံရေးအရာရှိများနှင့် အကြီးတန်း အနောက်တိုင်းသံတမန်များ တက်ရောက်ခဲ့သည့် ဖိုရမ်တခုတွင် မိန့်ခွန်းပြောကြားရာ၌ သမ္မတ ဆိုင်းအင်ဝမ်းက ထိုင်ဝမ်သည် ဒီမိုကရေစီကို အာဏာရှင် ကျူးကျော်ဝင်ရောက်မှုမှ ကာကွယ်ရေးတွင် ရှေ့တန်းမှ ရပ်တည်ခဲ့ကြောင်း ပြောသည်။
ထိုင်ဝမ်နိုင်ငံက ၎င်း၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ဆုံးဖြတ်ထားသော်လည်း ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ပူးပေါင်းဆောင်ရွက်သည့် အားထုတ်မှုများ လိုအပ်သည်ဟု သူက ထပ်ပြောသည်။
“တောင်တရုတ်ပင်လယ်မှာ စစ်ပုံစံမျိုး အလျှင်အမြန် ဖြစ်ပေါ်လာနေခြင်း၊ ထိုင်ဝမ်ရေလက်ကြားနဲ့ အရှေ့တရုတ်ပင်လယ်မှာ မီးခိုးရောင် ဇုံ ဗျူဟာကျင့်သုံးမှုတွေ မကြာခန ဆိုသလို တိုးပွားလာခြင်းနဲ့ နိုင်ငံတွေ၊ ပူးပေါင်း လုပ်ဆောင်မှုတွေ အပေါ်မှာ သံတမန်ရေးရာအရ နိုင်ထက်စီးနင်း လုပ်မှုတွေ အားလုံးက အင်ဒို-ပစိဖိတ်ဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်နေပါတယ်” ဟု ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းက တရုတ်နိုင်ငံကို တိုက်ရိုက် အမည်မတပ်ဘဲ ပြောကြားခဲ့သည်။
“အင်ဒို-ပစိဖိတ်ဒေသနဲ့ အပြင်ဘက်က စိတ်တူသဘောတူတဲ့ နိုင်ငံတွေနဲ့ ဒီမိုကရေစီမိတ်ဆွေများအနေနဲ့ တဖက်သတ် ရန်လိုတဲ့ လုပ်ရပ်တွေကို တားဆီးပေးမယ့် မဟာဗျူဟာမြောက် အစီအစဉ်တခုကို ဆက်လက် ထိန်းသိမ်းထား နိုင်ဖို့ အတွက် ရေရှည်ခိုင်မြဲပြီး ညီညွတ်တဲ့ အားထုတ်မှု တွေကို ဖော်ဆောင်ပေးမယ့် မူဘောင်တခု ညှိနှိုင်း ဆွေးနွေးရမယ့် အချိန် ဖြစ်ပါတယ်”
လည်း ပြောသည်။
စစ်ပွဲကိုရှောင်ရှားနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တွေ့ဆုံဆွေးနွေးခြင်းမှု မှတဆင့် ပြဿနာ ဖြေရှင်းခြင်းကို အားပေးခြင်းဖြင့် ဒီမိုကရေစီ နိုင်ငံများအား ကာကွယ်ပေးမည့် ဆုံးဖြတ်ချက်ကို ယူဆောင်လာပေးမည့် ဗျူဟာ တခုကို သူက တောင်းဆိုခဲ့သည်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအပေါ် ၎င်းတို့၏ အချုပ်အခြာအာဏာ သက်ရောက်မှုကို လက်ခံရန် ထိုင်ဝမ်နိုင်ငံသို့ ဖိအားပေးမှုများ မြှင့်တင်လာခြင်းကြောင့် ထိုင်ဝမ်က တုန့်ပြန်သည့် အနေဖြင့် စိတ်တူသဘောတူ ဒီမိုကရေစီ နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံပတ်သက်မှုများ ရှာဖွေလာသည်။
၎င်းမှာ အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုသို့ ရည်ရွယ်ခြင်း ဖြစ်သော်လည်း သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပ သမဂ္ဂနှင့် ဂျပန်တို့လည်း ပါဝင်ပြီး ထိုနိုင်ငံအားလုံးက ထိုင်ဝမ်နှင့် ပုံမှန်တရားဝင် သံတမန် ဆက်ဆံရေး ရှိမနေကြပါ။
ထိုင်ဝမ်နိုင်ငံကို လက်နက်ခဲယမ်း အဓိက ထောက်ပံ့ပေးနေ သည့် အမေရိကန်ပြည်ထောင်စု မှလွဲ၍ အခြားနိုင်ငံများကမူ ယေဘုယျအားဖြင့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO) က ၎င်း၏ အဖွဲ့ဝင် မဟုတ်သော ထိုင်ဝမ်နိုင်ငံသို့ သင့်တော်သော ထောက်ပံ့ကူညီမှုများ ပေးရန် တောင်းဆိုပေးခြင်း ကဲ့သို့သော စိတ်ဓာတ်ရေးရာ အကူအညီမျိုးကိုသာ ရံဖန်ရံခါ ပေးလေ့ ရှိသည့် နိုင်ငံများ ဖြစ်သည်။
ကိုးကား။ ။ Reuters
You may also like these stories:
တရုတ်-အမေရိကန် လွန်ဆွဲပွဲက ASEAN အစည်းအဝေးကို လွှမ်းမိုးနေ