စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ခေါင်းဆောင်ပိုင်းနှင့် သဘောထား တိုက်ဆိုင်ခဲလှသော်လည်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံသည် အထီးကျန်ဖြစ်လာပါက ထိုကဲ့သို့သော သဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားရန် ဝန်လေးမည်မဟုတ်ပေ။ လက်တွေ့တွင် သူသည် ထိုသို့သော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပုံရသည်။
စစ်ကောင်စီ၏ အစိုးရအဖွဲ့ဝင်များကိုကြည့်လိုက်သောအခါ ဝန်ကြီးအများအပြားသည် တရုတ်အစိုးရနှင့် အဖွဲ့အစည်းများနှင့် ကာလကြာမြင့်စွာ ပတ်သက်ခဲ့သူများဖြစ်ကြောင်း တွေ့ရသည်။
၎င်းတို့အနက်တဦးမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်ဖြစ်ပြီး သူသည် ၂၀၁၀ ခုနှစ်များ အစောပိုင်းက သမ္မတ ဦးသိန်းစိန်အစိုးရတွင် အကြံပေးအဖြစ် ခန့်အပ်ခံရပြီးမကြာမီ တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့် ခိုင်မာသော ဆက်ဆံရေးကို စတင်ပြုစုပျိုးထောင်ခဲ့သူဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် သူ၏ ရာထူးသက်တမ်း ကုန်ဆုံးခါနီးသောအခါ ဦးကိုကိုလှိုင်သည် ယူနန်တက္ကသိုလ် မြန်မာလေ့လာရေးဌာနတွင် အကြံပေးအဖြစ် တရားဝင်ရာထူးလက်ခံကာ တရုတ်နှင့်မြန်မာ စစ်တပ်အကြား ပိုမိုနီးကပ်သောဆက်ဆံရေးကို နှစ်ပေါင်းများစွာ အားပေးခဲ့သူ လီချန်ယန်းနှင့် ပူးပေါင်းဆောင်ရွက်သည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ကျောင်းတခုမှ ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် ဘွဲ့ရခဲ့သော လီ သည် ၂၀၀၄ ခုနှစ်က တရုတ်မြန်မာ ပိုက်လိုင်းစီမံကိန်းအတွက် စီမံကိန်းများ ရေးဆွဲရာတွင် ပါဝင်ခဲ့သော ယူနန်အခြေစိုက်သေနင်္ဂဗျူဟာ ပညာရှင် ၃ ဦးအနက် တဦးဖြစ်သည်။ လီသည် နောက်ပိုင်းတွင် တရုတ်နိုင်ငံ အနောက်ပိုင်းပြည်နယ်များအကြား ယူနန်ပြည်နယ်၏ အဆင့်အတန်းကို မြှင့်တင်ရေးအတွက် မြန်မာကို အသုံးချရေး နည်းလမ်းဖြစ်သည့် ကုန်းတွင်းတံတားနှင့် သမုဒ္ဒရာနှစ်ခု သေင်္ဂဗျူဟာများကို ဦးဆောင် စည်းရုံးသူဖြစ်လာသည်။ လီသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာစစ်တပ်အကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကို အားပေးသူအဖြစ်နှင့် မြန်မာစစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို တရုတ် မူဝါဒချမှတ်သူ အသိုက်အဝန်းအကြား ပိုပိုသာသာပြောပေးသူအဖြစ် ကာလကြာမြင့်စွာ လူသိများပြီး မြန်မာစစ်တပ်သည် ၎င်းတို့ ဆန္ဒရှိပါက တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို အလွယ်တကူ ချေမှုန်းနိုင်သည်ဟု ပြောသည်။
ဦးကိုကိုလှိုင်းကို ထိုတက္ကသိုလ်မှ မြန်မာလေ့လာရေးဌာနတွင် အကြံပေးအဖြစ် ၂၀၁၆ ခုနှစ်တွင် အမည်စာရင်း တင်သွင်းသည်။ ထိုရာထူးကို သူ ဆက်လက် လက်ခံထားဆဲဖြစ်သည်။ ထိုရာထူးဖြင့် သူသည် ယူနန်တက္ကသိုလ်ဖြင့် ပူးပေါင်းပြီး တရုတ်-မြန်မာဆက်ဆံရေးဆိုင်ရာ စာအုပ်အများအပြားရေးသားခဲ့ပြီး ထိုစာအုပ်များအနက်တခုတွင် သူက တရုတ်နိုင်ငံသည် မည်သည့်အတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်နိုင်သည်ကို ဆွေးနွေးပြီး အခြားတခုတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မည်သည့်နည်းဖြင့် တာဝန်သိသော ပါဝင်ပတ်သက်သူဖြစ်ကြောင်း ပြသနိုင်မည်ကို လေ့လာမှု အများအပြားပြုလုပ်ထားသည်။
၂၀၁၈ ခုနှစ်တွင် သူသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ စာအုပ်ဖြစ်သော “တရုတ်ပြည်အုပ်ချုပ်ရေး” တရုတ်ဘာသာမူကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားရန် တာဝန်ယူလိုက်သောအခါ တရုတ်နိုင်ငံတွင် ဦးကိုကိုလှိုင်၏ အဆင့်သည် တိုးတက်သွားသည်။ ထိုမြန်မာစာအုပ်ကို ၂၀၂၀ ခုနှစ်က ရန်ကုန်တွင် အစိုးရ အခမ်းအနားဖြင့် မိတ်ဆက်ပွဲကျင်းပသည်။ ၂၀၁၉ ခုနှစ်အောက်တိုဘာလတွင် ဦးကိုကိုလှိုင်ကို တရုတ်ဂွမ်မင်းသတင်းစာက တွေ့ဆုံမေးမြန်းသည်။ ထိုစီမံကိန်းတွင် သူ ပါဝင်ပတ်သက်သောကြောင့် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရထားတွင် ချမ်းသာကြွယ်ဝမှုဆီသို့ မြန်မာနိုင်ငံ လိုက်ပါစီးနင်းရေး၏ အရေးပါမှုကို သူ မည်သို့ ယုံကြည်လာကြောင်းကို ရှည်ရှည်လျားလျား သူ ရှင်းပြသည်။ ထိုမတိုင်မီကလည်း ဦးကိုကိုလှိုင်သည် တရုတ်မီဒီယာများတွင် လွန်စွာရေပန်းစားပြီး တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး ဝေဖန်သည်။ “ မြန်မာအစိုးရသည် နှစ်နိုင်ငံလုံး အကျိုးရှိသည်မှာ ထင်ရှားလှသည့် မူဆယ်- ကျောက်ဖြူရထားလမ်းနှင့် ကျောက်ဖြူဆိပ်ကမ်း စီမံကိန်းကို ပြန်လည်သုံးသပ်ခြင်းဖြင့် အနည်းဆုံး ၂ နှစ် အချိန် ဖြုန်းတီးခဲ့ကြောင်း ၂၀၁၉ ခုနှစ် မတ်လတွင် Chinese Radio International သို့ သူပြောသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်သည် အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှတခုလုံးကို အကျိုးကျေးဇူးဖြစ်စေမည်ဟုပင် သူပြောသည်။
စီးပွားရေးအပြင် ဦးကိုကိုလှိုင်က ဟောင်ကောင်၊ ထိုင်ဝမ်တို့နှင် ပတ်သက်သည့် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများ တရားဝင်စေရန် လုပ်ဆောင်ရာတွင်လည်း အဓိက အခန်းမှ ပါဝင်သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် သူသည် မြန်မာဘာသာဖြင့် ရှည်လျှားလှသော ဆောင်းပါးတစောင်ကို ရေးသားပြီး ဟောင်ကောင်နှင့် ပတ်သက်သည့် ဘေ့ဂျင်း၏ သဘောထားကို ထောက်ခံသည်။ ထိုသဘောထားသည် ဥပဒေယန္တရားကို သုံးရန်နှင့် ဟောင်ကောင်တွင် လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားမှုထိန်းသ်ိမ်းရန် အင်အားကို လုံး၀ အနည်းဆုံးသုံးရန် အားထုတ်မှုဖြစ်ကြောင်း သူပြောသည်။ ထိုဆောင်းပါးကို တရုတ်သတင်းဌာနအများအပြားက တရုတ်ဘာသာသို့ ပြန်ဆိုဖေါ်ပြကြသည်။ တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကိုင်တွယ်မှုကို ချီးကျူးပြီး မြန်မာပြည်တွင်းမှ တရုတ်အပေါ်ဝေဖန်မှုများကို တွန်းလှန်သည့် မြန်မာဘာသာ ဆောင်းပါးအများအပြားနှင့် တရုတ်ဘာသာပြန်များကိုလည်း ထုတ်ဝေခဲ့သည်။
သူတဦးချင်းအနေဖြင့် ဦးကိုကိုလှိုင်သည် ပြည်နယ်အဆင့် တရုတ်အစိုးရပိုင် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း GAC Motors အပါအဝင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီအချို့၏ အကျိုးစီးပွားများကို မြှင့်တင်ပေးရာတွင် ထူးခြားသော အခန်းမှ ပါဝင်နေသည်။ သူသည် ထိုကုမ္ပဏီ၏ ရန်ကုန်တွင် ကျင်းပသော ဈေးကွက်မြှင့်တင်ရေး အခမ်းအနားများစွာကိုလည်း တက်ရောက်ခဲ့သည်။
စစ်ကောင်စီအစိုးရမှ တရုတ်နိုင်ငံနှင့် ထူးခြားသော ဆက်ဆံရေးရှိသူ နောက်တဦးမှာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဖြစ်သည်။
သူသည် သမ္မတဦးသိန်းစိန်အောက်တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်အရာရှိဟောင်း တဦးဖြစ်သော သူသည် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အစ္စရေး၊ ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ဥရောပသမဂ္ဂ သံအမတ်နှင့် ဂျနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် စသည့်တာဝန်များ ယူခဲ့သည်။ သူသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ အဓိက အဖွဲ့ဝင်တဦးဖြစ်သည်။ ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထိုပါတီကို ၂၀၂၀ ခုနှစ်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်မီ ထိုပါတီ၏ ရှေ့တော်ပြေး လူမှုအဖွဲ့အစည်းကို ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ USDP သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံတကာက အတုအယောင်အဖြစ် ရှုတ်ချသည့် ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည်။
စစ်ကောင်စီက အသစ်ခန့်ထားသည့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၁၂ ခုနှစ်က နိုင်ငံခြားရေး ဝန်ကြီးအနေဖြင့် ရန်ကုန်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးတွင် ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတခုအတွင်း သတင်းထောက်များနှင့် စကားပြောသည်။
ဦးသိန်းစိန်အစိုးရအောက်တွင် တရုတ်ငွေကြေးထောက်ပံ့သည့် ကချင်ပြည်နယ်မှ အငြင်းပွားဖွယ်ရာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလက ဆိုင်းငံ့ပြီးနောက် ဦးဝဏ္ဏမောင်လွင်သည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ချောမွေ့စေရန် အထူးသံတမန်အနေဖြင့် တရုတ်နိုင်ငံသို့သွားရန် စေလွှတ်ခံရသည်။
ထို့ကြောင့် သူသည် ဦးသိန်းစိန်အစိုးရနှင့် တရုတ်နိုင်ငံဆက်ဆံရေးကို အဓိက ပြင်ဆင်ရသူဖြစ်လာသည်။ ထိုကိစ္စများတွင် ၂၀၁၅ ခုနှစ်က ကိုးကန့်ကို တိုက်ခိုက်သည့် တိုက်ပွဲသည် တရုတ်နိုင်ငံအတွင်း လျှံကျလာသောအခါ တရုတ်ပိုင်ပစ္စည်းများကို မတော်တဆ ဖျက်ဆီးမိသည့် ကိစ္စကို ပြေလည်အောင် လုပ်ဆောင်ရခြင်းလည်း ပါဝင်သည်။ သူသည် အရှေ့တောင်အာရှ နိုင်ငံများအသင်းမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရသည်။ ထိုအခန်းကဏ္ဍသည် စစ်အာဏာသိမ်းပြီး ရက်သတ္တပတ်အတန်ကြာက ထိုင်းနိုင်ငံသို့ သူသွားရောက်စဉ် ထပ်မံထမ်းဆောင်ရသော အခန်းကဏ္ဍဖြစ်သည်။ သူသည် ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
၂၀၁၆ ခုနှစ်တွင် လီ ၏ ဖိတ်ကြားချက်အရ သူသည် နိုင်ငံခြားဝန်ကြီးဟောင်းအနေဖြင့် တရုတ်န်ိုင်ငံသို့ သွားရောက်ခဲ့ပြီး ယူနန်ပြည်နယ်တွင် တရုတ်-မြန်မာဆက်ဆံရေးနှင့်ပတ်သက်သည့် ဆွေးနွေးမှု တခုပြုလုပ်သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သူ့ကို အခြားတရုတ်အဖွဲ့အစည်းငယ်များကလည်း ဆွေးနွေးပွဲငယ် အများအပြားသို့ ဖိတ်ကြသည်။ ထိုသို့သော ဆွေးနွေးပွဲများမှတဆင့် သူသည် Lancang-Mekong Cooperation ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပြီး တရုတ်နှင့် အိန္ဒိယ သမုဒ္ဒရာကို မြန်မာမှ တဆင့်ဖြတ်သန်း ဆက်သွယ်ရေးကို အဆိုပြုသည်။
ဦးဝဏ္ဏမောင်လွင်သည် USDP တွင် ဆက်လက်လှုပ်ရှားနေပြီး တရုတ်မြန်မာနယ်စပ်ရှိ ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့သို့ အကြိမ်များစွာ သွားရောက်လည်ပတ်သည်။ သူသည်လည်း တရုတ် ဂွမ်မင်း သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့ပြီး တရုတ်မြန်မာဆက်ဆံရေးကို မြှင့်တင်ကာ ထိုဆက်ဆံရေးတွင် USDP ၏ အရေးပါမှုကို အလေးထားပြောသည်။
အသစ်ခန့်အပ်ထားသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးသည်လည်း ကျန်စု အခြေစိုက် Wall Tomorrow High Tech Agriculture Company နှင့် ဖက်စပ်လုပ်ငန်းတခုတွင် ပါဝင်ပတ်သက်နေသည်မှာ မှတ်သားစရာကောင်းသည်။ ထိုလုပ်ငန်းသည် စိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်းများ လုပ်ကိုင်ပြီး တရုတ်နိုင်ငံတွင် သစ်ရောင်းချရေး ပွဲရုံတခုဖွင့်ထားသည်။ သူသည် ၂၀၁၅ ခုနှစ်က လျှပ်စစ်စွမ်းအား ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
ထိုသို့ စစ်ကောင်စီနှင့် တရုတ်တို့အကြား ယခင်ဆက်ဆံရေးနှင့် ဘေ့ဂျင်းနှင့် ကာလကြာမြင့်စွာဆက်ဆံခဲ့သူများကို စစ်ကောင်စီ အစိုးရတွင် ထည့်သွင်းထားခြင်းကို ကြည့်ခြင်းအားဖြင့် မကြာသေးမီက မြန်မာစစ်ကောင်စီကို ကိုယ်စားပြုပေးရန် ငှားရမ်းခြင်းခံရသူ အစ္စရေး-ကနေဒါ ကပြား လော်ဘီသမား အရီ ဘန် မန်နာရှေ၏ “တရုတ်နဲ့ ပိုနီးကပ်ဖို့ထက် အနောက်နဲ့အမေရိကန်ပြည်ထောင်စုဖက်ကို ရွှေ့ဖို့ တွန်းအားတွေ အမှန်တကယ် ရှိနေတယ်။ သူတို့က တရုတ်ရုပ်သေးတွေ မဖြစ်ချင်ဘူး” ဟု ပြောစကားသည် အဓိပ္ပါယ်သိပ်မရှိလှပေ။
သူသည် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို အရေး သိပ်မကြီးသလို ပြောဆိုပြီး အာဏာသိမ်း စစ်ဗိုလ်ချုပ်များသည် မကြာမီ နိုင်ငံရေးမှ ထွက်မည်ဟုပင် ပြောခဲ့သေးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Regime’s Cabinet Includes Some Old China Hands ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
“ပိုက်လိုင်းများ ကာကွယ်ရန်” တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား
မြန်မာသို့ ရုရှားမှ (လက်နက်ခဲယမ်းများနှင့်အတူ) အချစ်များ
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ရရှိရေး အမေရိကန်နှင့် မဟာမိတ်များ ကတိပြု
တရုတ်အဆိုပြုချက် လက်ခံသင့် မသင့်