စစ်အာဏာသိမ်းခြင်းသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့မိသားစုနှင့် စစ်တပ်၏ စီးပွားရေးအကျိုးစီးပွားများကို ကာကွယ်ရန်ဟု ဆိုပါက ယင်းသည် စီးပွားရေးအရ လာဘ်မမြင်တတ်သော၊ စီမံခန့်ခွဲမှု ညံ့ဖျင်းသော ဆုံးဖြတ်ချက်သာဖြစ်သည်။ အာဏာသိမ်းခဲ့ခြင်းကြောင့် စစ်အရာရှိကြီးများ၏ မိသားစု စီးပွားရေးလုပ်ငန်းသော်၎င်း၊ တပ်ပိုင်စီးပွားရေးလုပ်ငန်းများသော်၎င်း စီးပွားကောင်းနေသည့် အနေအထားကိုမျှ မမြင်ပါ။
“သူတို့သာ တကယ်ကို နိုင်ငံ့စီးပွားရေးနဲ့ ပတ်သက်ပြီး တိုးတက်စေချင်ရင် တကယ်ကိုသာ တိုးတက်စေချင်တယ်ဆိုရင် သူတို့ ဒါမျိုး လုပ်မှာ မဟုတ်ဘူး” ဟု အမျိုးသမီးလုပ်ငန်းရှင်တဦးဖြစ်သည့် မဆုမြတ်(အမည်လွှဲ) က ပြောဆိုသည်။
သူမသည် ရန်ကုန်အခြေစိုက် အွန်လိုင်းအခြေပြု ဒစ်ဂျစ်တယ်ကြော်ငြာလုပ်ငန်း လုပ်ကိုင်နေသူတဦးဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီ၏ ရာထူးအကြီးပိုင်းနေရာတွင် တာဝန်ထမ်းဆောင်နေသူတဦးနှင့် ဆွေမျိုး တော်စပ်သူလည်း ဖြစ်သည်။ လုံခြုံရေး အခြေအနေအရ သူ၏ ဆွေမျိုးနာမည်ကို ထုတ်ဖော်မပြောလိုကြောင်း သူက ပြောသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းသည်အထိ ဖြစ်စေခဲ့သည့် ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာပင် ပြည်တွင်းရှိ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများသည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုကာ အွန်လိုင်းပေါ်မှ တဆင့် သူ၏ လုပ်ငန်းများကို ရှင်သန်ရပ်တည် နိုင်ရန် ကြိုးစားနိုင်ခွင့် ရှိနေခဲ့သော်လည်း စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ထိုအခွင့်အလမ်းကိုပင် ဆုံးရှုံးသွားသည်။ သူ၏ ဒစ်ဂျစ်တယ်ကြော်ငြာလုပ်ငန်း ရပ်တန့်သွားခဲ့ကြောင်း သူက ပြောပြသည်။
“သူတို့ တနိုင်ငံလုံးကို အင်တာနက် Shutdown လုပ်လိုက်တာက ဘယ်လိုမှကို အဓိပ္ပာယ်မရှိဘူး။ ကိုဗစ်ကာလမှာမှ ဒစ်ဂျစ်တယ်က တော်တော်ကြီးကို ဖွံ့ဖြိုးလာခဲ့တာ။ ကျမ အလုပ်က အွန်လိုင်းကနေပဲ အဓိကလုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အင်တာနက်ပိတ်လိုက်တဲ့အချိန်မှာ တိကနဲ ဆိုပြီး လုပ်ငန်းတွေ ရပ်သွားတယ်” ဟု ပြောဆိုသည်။
စစ်တပ်၏ အာဏာသိမ်းမှုကြောင့် နိုင်ငံ့ လူမှုရေး၊ စီးပွားရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ပြန်လည်ဆုတ်ယုတ်သွားနေသည့် အခြေအနေကို ပြင်ပ စီးပွားရေးလုပ်ငန်းရှင်များအပြင် မဆုမြတ် ကဲ့သို့ပင် စစ်တပ်အသိုင်းအဝိုင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်ပျက်နေသည့် စကားသံများသည် တဖြေးဖြေး ကျယ်ကျယ်လောင်လောင်ထွက်လာနေသည်။
အာဏာသိမ်းမှုကို စိတ်ပျက်နေကြသည့် စစ်တပ်အသိုင်းအဝိုင်းစီးပွားရေးလုပ်ငန်းရှင်များထဲတွင် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှအစ ကဏ္ဍပေါင်းစုံ အပါအဝင်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းကဏ္ဍ အားလုံးလိုလိုသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ၏ ရိုက်ခတ်မှုဒဏ်ကြောင့် ပုံမှန်ပြန်ဖြစ်ရန် ကြိုးစားနေရဆဲအချိန်မှာပင် အာဏာသိမ်းမှုကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ နှေးကွေးသွားခြင်း၊ လုံခြုံရေးအရ လုပ်ငန်းများအပြည့်အဝ မလည်ပတ်နိုင်ခြင်း၊ ငွေသားရရှိမှု အခက်အခဲကြောင့် ဝန်ထမ်း လစာပေးချေနိုင်မှုပြဿနာနှင့် ငွေပေးချေမှုအခက်အခဲအပြင် ဝယ်လိုအားကျဆင်းခြင်း (ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုမှုများ လျော့နည်းခြင်း) များကို အကြီးအကျယ် ရင်ဆိုင်နေရသည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲပြီးနောက် ဖျော်ဖြေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်တွင် စတင်တည်ထောင်ပြီး အလုပ်ဖြစ်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစု၏ စီးပွားရေးလုပ်ငန်းများလည်း ဆက်လက်အလုပ်ဖြစ်ရန် ခက်ခဲသည့်အထဲ အပါအဝင်ဖြစ်သည်။
ဥပမာအားဖြင့် ၂၀၁၇ ခုနှစ်ကမှ တည်ထောင်ထားသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီးဖြစ်သူနှင့် ချွေးမဖြစ်သူတို့၏ ရုပ်ရှင်နှင့် ဖျော်ဖြေရေးကုမ္ပဏီများသည် အများပြည်သူ၏ သပိတ်မှောက်ခံရ၍ စီးပွားရေးအရ ဆုံးရှုံးမှုများ ဖြစ်လာသည်။
ထို့အပြင် ဗိုလ်မှူးကြီး သားနှင့် သမီးပိုင်သည့် ကုမ္ပဏီ ၆ ခုကို အမေရိကန်ပြည်ထောင်စုက အမည်ပျက်စာရင်းသွင်းခဲ့သည်။ ထိုကုမ္ပဏီများတွင် နိုင်ငံခြားဆေးဝါးကုမ္ပဏီများ မြန်မာဈေးကွက်သို့ ဝင်ရောက်ခွင့်ရရေးအတွက် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ထောက်ခံရအောင်လုပ်ပေးနေသည့် A&M Mahar ၊ Sky One Construction ဆောက်လုပ်ရေးလုပ်ငန်း ၊ The Yangon Restaurant စားသောက်ဆိုင် ၊ The Yangon Gallery ပန်းချီပြခန်း၊ Everfit နှင့် 7th Sense Creation ဖျော်ဖြေရေး လုပ်ငန်းတို့ဖြစ်သည်။
ပြည်တွင်းသပိတ်မှောက်မှုများနှင့် ပြည်ပပိတ်ဆို့မှုများကို ခံရသည်မှာ မိသားစုပိုင် စီးပွားရေးလုပ်ငန်းများသာမက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစုရှယ်ယာများ ပိုင်ပြီး နာယကလည်း ဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် ( MEHL) နှင့် စစ်တပ်ကအပြည့်အဝ ကျော ထောက်နောက်ခံပေးထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက တည်ထောင်ထားသော မြန်မာ့စီးပွားရေးကော်ပိုရေး (MEC) တို့လည်း ပါသည်။
ထို စီးပွားရေးလုပ်ငန်းစုကြီး ၂ ခုသည် ပြည်တွင်းဈေးကွက်၌ နေ့စဉ် စားသုံးရသည့် စားသောက်ကုန်ပစ္စည်းများ၊ ဆေးလိပ် နှင့် အရက်ဘီယာ ထုတ်လုပ်ရေးလုပ်ငန်းများမှအစ စက်သုံးဆီလုပ်ငန်း၊ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း အပါအဝင် ဝန်ဆောင်မှု အမျိုးမျိုးကို လုပ်ကိုင်လျက်သည်။ ထို့အပြင် အိမ်ခြံမြေ၊ အာမခံ၊ သယံဇာတ တူးဖော်အစရှိသည့် လုပ်ငန်းကဏ္ဍ မျိုးစုံကိုလည်း လုပ်ကိုင်လျက်ရှိသည်။
စစ်တပ်၏ အဓိကဝင်ငွေကို ရှာပေးနေသော ထိုစီးပွားရေးလုပ်ငန်းစုကြီး ၂ ခုသည်လည်း နိုင်ငံပြုပြင်ပြောင်းလဲရေးဖြစ်ခဲ့ သော ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်းတွင် ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းစုများနှင့် စီးပွားရေးမိတ်ဖက်အဖြစ် လုပ်ငန်းပူးပေါင်းလုပ်ကိုင်နိုင်သည်အထိ စီးပွားရေးအခွင့်အလမ်းများ ပွင့်လာခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနေ ရိုဟင်ဂျာမွတ်ဆလင်များ အရေးအခင်းကြောင့် ပေါ်ထွက်လာသည့် နိုင်ငံရေးဖိအားများကိုပင် ကြံ့ကြံ့ခံနေခဲ့သော နိုင်ငံတကာ စီးပွားဖက်များမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်မူ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့အား စွန့်ခွာလာကြသည်။
မိမိကုမ္ပဏီ၏ ဂုဏ်သိက္ခာကို အပွန်းအပဲ့ ခံမည်လား၊ စစ်တပ်နှင့် ပတ်သက်ဆက်ဆံပြီး ငွေရှာမည်လား ဆိုသည်ကို နိုင်ငံခြားကုမ္ပဏီများ ရွေးချယ်လာရသည်။ စစ်တပ်နှင့် တိုက်ရိုက်မပတ်သက်သော်လည်း စစ်တပ်မှ မြေငှားရမ်းမှုကဲ့သို့သော စစ်တပ်အား ဝင်ငွေဖြစ်နေစေသည့် နိုင်ငံခြားကုမ္ပဏီများလည်း ဖိအားပေးခံလာနေသည်။
ထို့ကြောင့် ဂျပန် အဖျော်ယမကာ လုပ်ငန်းတခု ဖြစ်သည့် Kirin Holdings နှင့် ကိုရီးယား လုပ်ငန်းစု Posco တို့က MEHL လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းခဲ့သလို စင်ကာပူအခြေစိုက် PUMA Energy ကလည်း လောင်စာဆီ သယ်ယူဖြည့်တင်းခြင်း လုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည်။
ရတနာသဘာဝ ဓာတ်ငွေ့တွင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း (MOGE) နှင့် လုပ်ငန်းအကျိုးတူ လုပ်ဆောင်နေသော ပြင်သစ်စွမ်းအင် ကုမ္ပဏီ Total နှင့် အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က MOGE ကို အကျိုးအမြတ်တချို့ခွဲဝေမှုကို ဆိုင်းငံ့ထား လိုက်သည်။
ပို၍ အရေးပါသည့် အချက်မှာ ပြည်တွင်း၌ စစ်တပ်နှင့် ပတ်သက်နေသော ကုမ္ပဏီများ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အာဏာသိမ်းခေါင်းဆောင် များအတွက် ဝင်ငွေလမ်းကြောင်း ဖြတ်တောက်ရန် ဝယ်ယူသုံးစွဲ မလုပ်ခြင်းဘဲ သပိတ်မှောက်မှုကို ခံလာရခြင်း ဖြစ်သည်။
လူထု၏ သပိတ်မှောက်မှုကြောင့် မြန်မာ့ဘီယာဈေးကွက်တွင် ၈၀ ရာခိုင်နှုန်းအထိ ဈေးကွက်ဝေစုရရှိထားသည့် မြန်မာ ဘီယာသည် ရောင်းအား ကျဆင်းသွားပြီး ဝင်ငွေနှင့် လုပ်ငန်း အကျိုးအမြတ်နှစ်ခုလုံးသည် ၂၀၂၀ ခုနှစ် ပထမ သုံးလထက် ၄၉ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းကြောင်း Kirin ၏ မေလအတွင်းက ထုတ်ပြန်သည့် ဘဏ္ဍာရေး အစီရင်ခံစာအရ သိရသည်။
ပြည်တွင်းဈေးကွက်အတွက်သာ အဓိကထားသော စစ်တပ်ပိုင်ကုမ္ပဏီများကို ပြည်သူလူထု၏ သပိတ်မှောက်ဆန့်ကျင်မှုသည် အနောက်နိုင်ငံများ၏ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများထက်ပင် ပို၍ ထိခိုက်စေသည်ဟု ဩစတြေးလျနိုင်ငံ Curtin တက္ကသိုလ်မှ Associate Professor (International Business) ဒေါက်တာထွေးထွေးသိန်းက ပြောသည်။
“MEC တို့ MEHL တို့ဆိုတာ နိုင်ငံတကာကုမ္ပဏီတွေ မဟုတ်ဘူး။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာပြည်ထဲမှာပဲ ရှိတာဆိုတော့ ပြည်သူလူထုက Boycott တွေ Social punishment တွေ လုပ်တာ သူတို့အတွက် အထိဆုံးပဲ။ မြန်မာဘီယာပဲ ကြည့်လေ အရင်တုန်းက ပေါ်ပြူလာအဖြစ်ဆုံး Brand ကနေ အခု လုံးဝကို ထိုးဆင်းသွားပြီ” ဟု သူက ဆိုသည်။
သို့ရာတွင် စီးပွားရေး ပြိုကွဲမှုကြောင့် စစ်ကောင်စီသည် အရေးပါသော ဝင်ငွေအချို့ ဆုံးရှုံးမည်ဖြစ်သော်လည်း နိုင်ငံမှ သယံဇာတများကို ယခင်လို အမြတ်ထုတ်ရန် မျက်စောင်းထိုးလာမည်ဖြစ်သည်။ သတ္တုတွင်းထွက်ကြွယ်၀သော မြန်မာနိုင်ငံတွင် ကျောက်စိမ်းနှင့် ပတ္တမြားသိုက်များသာမက ရွှေ၊ ကြေးနီ၊ သံဖြူ၊ သလင်းကျောက်၊ မြေရှားသတ္တုများနှင့် ကမ်းလွန် သဘာ၀ ဓါတ်ငွေ့ သိုက်များလည်း ရှိသည်။
မြန်မာ့ကျောက်စိမ်းလုပ်ငန်း၏ ရောင်းချမှုသည် ၂၀၁၄ ခုနှစ်တွင် နိုင်ငံ၏ စုစုပေါင်းထုတ်ကုန်၏ ထက်ဝက်ဖြစ်သော အမေရိကန် ဒေါ်လာ ၃၁ ဘီလျှံဖိုးအထိ ရှိနိုင်ကြောင်းနှင့် ထိုငွေအများစုသည် စစ်တပ်နှင့် ထိုလုပ်ငန်းကို ထိန်းချုပ်ထားသည့် အခြားသူများ လက်သို့ ရောက်ရှိသွားကြောင်း အဂတိလိုက်စားမှု စောင့်ကြည့်လေ့လာရေးအဖွဲ့တခုဖြစ်သော Global Witness ၏ စုံစမ်းစစ်ဆေးမှု တခုက ခန့်မှန်းခဲ့သည်။
ဒေါက်တာ ထွေးထွေးသိန်းကလည်း အာဏာသိမ်းမှု နောက်ဆက်တွဲအနေဖြင့် စစ်တပ်ပိုင်ကုမ္ပဏီများ၏ တရားဝင်နည်းလမ်းများရရှိနေသော ဝင်ငွေများသည် အကြီးအကျယ်ထိခိုက်နေစေမည်ဖြစ်သော်လည်း ယခင်ကတည်းက တရားမဝင်နည်းလမ်းဖြင့် ဝင်ငွေရရှိနေသော သစ်နှင့် သံယံဇာတများ ရောင်းဝယ်မှုများသည် ဆက်လက်ရှိနေသည့်အတွက် ထိုမှ ရရှိသည့် ဝင်ငွေများဖြင့် စစ်ကောင်စီသည် ဆက်လက်ရပ်တည်နိုင်စေမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာ့သစ်လုပ်ငန်းက သစ်လေလံပွဲတခု မကြာမီက ကျင်းပခဲ့ပြီး ယခင် တရားဝင် NLD အစိုးရ သက်တမ်းအတွင်း ဖမ်းဆီးရခဲ့သော တရားမဝင် သစ်များကိုပင် ဈေးအနိမ့်ဖြင့် ပြန်ရောင်းချခဲ့သည်။
ထို့ပြင် “သူတို့(စစ်တပ်ပိုင်ကုမ္ပဏီများ)က အရှေ့နိုင်ငံတွေက ကုမ္ပဏီတွေနဲ့ပဲ ပေါင်းလုပ်တာများတော့ အနောက်က ဆန်ရှင် တွေနဲ့ လူ့အခွင့်အရေးဘက်က ဖိအားပေးမှုတွေက သူတို့နဲ့ လက်တွဲဖြုတ်ဖို့ သိပ်တွန်းအားဖြစ်စေမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံမှုလုပ်ပေးထားတဲ့ ဘဏ်တွေဘက်က ဖိအားပေးမယ်ဆိုရင်တော့ အရှေ့က ကုမ္ပဏီတွေရော အနောက်က ကုမ္ပဏီတွေရောအတွက် ဖိအားပိုဖြစ်စေလိမ့်မယ်” ဟု သူက သုံးသပ်သည်။
စီးပွားရေးသည် ဈေးကွက်အတွင်း စစ်အုပ်စုနှင့် ၎င်းတို့၏ အဆွယ်အပွားများ လွှမ်းမိုးထားသည့် ကဏ္ဍများ အထူးသဖြင့် ရေနံနှင့်သဘာဝဓါတ်ငွေ့၊ တွင်းထွက်တူးဖေါ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် သစ်ထုတ်လုပ်ရေးတို့ကိုသာ ပိုမိုမှီခိုလာရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့်ပတ်သက်သည့် စီးပွားရေး ပညာရှင်များက မကြာသေးမီက သတိပေးသည်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း စစ်တပ်သည် ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားကို ဖြန့်ခွဲထားသောကြောင့် ထိုလုပ်ငန်းများသည်လည်း စီးပွားရေးအကျပ်အတည်းကို ခံရမည်ဖြစ်သော်လည်း စစ်တပ်နှင့် ခရိုနီများသည် သာမန်ပြည်သူများထက် စီးပွားရေး ကျဆင်းမှုကို ပိုမိုခံနိုင်သည်ဟု အများပြည်သူသို့ ထုတ်ပြန်ခြင်းမရှိဘဲ ပြည်တွင်းရှိ ဘောဂဗေဒပညာရှင်များ ရေးသားသော အစီရင်ခံစာတစောင်က ဆိုကြောင်း Nikkei Asia အဆိုအရ သိရသည်။
မည်သို့ဆိုစေ ဖြစ်ပေါ်နေသော အခင်းအကျင်းအရ စီးပွားရေးက အတိတ်က စစ်အာဏာရှင်လက်အောက် ခရိုနီများ ကြီးစိုးပြီး ဥပဒေစိုးမိုးမှု ကင်းမဲ့သော မမျှတသည့် စီးပွားရေးနှင့် အလားတူ ပြန်လည်စတင်ရန် တာဆူနေပြီဖြစ်သည်။
“ဘယ်သူကမှ ငွေပေးမှ အလုပ်လုပ်လို့ရတဲ့ စနစ်မျိုးကို ပြန်မသွားချင်ကြဘူးလေ။ အခုကာလမှာတောင် အဲဒီလိုအခြေအနေမျိုးတွေ ပြန်ဖြစ်လာနေပြီ။ တိုင်းပြည်က အရင်တုန်းက ပုံစံမျိုးကို တကျော့ပြန် နောက်ဆုတ်သွားနေတာ” ဟု အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို အကြံပေးလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောဆိုသည်။
၎င်းက ဆက်လက်၍ “ လုပ်ကွက်သာအောင် လုပ်လို့ရပေမယ့် စီးပွားရေးဆိုတာ ပတ်ဝန်းကျင်ကောင်း ရှိဖို့လိုတယ်။ ဇိမ်ခံအိမ် အကြီးကြီး တလုံးဘေးမှာ တဲပုတ်လေးတွေ အများကြီးရှိနေမယ်ဆိုရင် အဲဒီအိမ်ကြီးလည်း လုံခြုံမှု မရှိနိုင်ဘူးလေ ” ဟု ပြောသည်။
You may also like these stories:
စစ်ကောင်စီအောက်တွင် “ကာကီရောင် စီးပွားရေး” ထွန်းကားမည်
စစ်တပ်ဗဟိုပြု စီးပွားရေးအင်ပါယာသာ စစ်ဗိုလ်ချုပ်များ အလေးထားသည်
စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ
စားသုံးသူနဲ့ စစ်အာဏာပိုင်များကြား စီးပွားရေးလုပ်ငန်းတွေ ဘယ်သူ့ ရွေးမလဲ