လက်နက်ကိုင်တိုက်ပွဲနှင့် မြန်မာပြည်
မြန်မာပြည်ရှိ ပြည်နယ်တိုင်းတွင် တိုင်းရင်းသား လူမျိုးတိုင်းလိုလို လက်နက်ကိုင် တိုက်ခိုက်နေကြသည်။ မြန်မာစစ်တပ်က တိုင်းရင်းသားအဖွဲ့များအား သောင်းကျန်းသူများ၊ သူပုန်များ၊ ဘိန်းဓားပြများ၊ အကြမ်းဖက်သမားများဟု ရည်ညွှန်းလေ့ ရှိသည်။ ထို့ပြင် ထို့အဖွဲ့များ၏ ဆူပူသောင်းကျန်းမှုများကြောင့် စစ်တပ်က မလွှဲမရှောင်သာ စစ်အင်အားဖြင့် ချေမှုန်းရသည်ဟု ပြောဆိုလေ့ ရှိသည်။
တိုင်းရင်းသားလူမျိုး အားလုံးနှင့် ပြဿနာ ဖြစ်နေသော စစ်တပ်က အများနှင့်တယောက် ဖြစ်နေသော ပြဿနာတွင် အများမှား၍ တယောက်တည်းသမားက မှန်သည်ဟု ဆိုနေသည်မှာ စိတ်ပျက်ဖွယ် ဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်၊ ဆန္ဒပြသည့် လူထုကြီးအား စစ်အင်အား အသုံးပြု၍ ဖြိုခွဲနှိမ်နင်းမှုများ ပြုလုပ်ပြီးနောက် စစ်တပ်အား လက်နက်ကိုင် ပုန်ကန်မှုများ တိုင်းပြည်အနှံ့ ပေါ်လာခဲ့သည်။
ဤသို့ ပေါ်ပေါက်လာသည့် ပုန်ကန် တိုက်ခိုက်မှုများသည် အသားလွတ် ပေါ်ပေါက်လာခြင်း မဟုတ်သကဲ့သို့ အကြောင်းမဲ့ ပေါ်ပေါက်လာခြင်းလည်း မဟုတ်ပေ။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းမှုကြောင့် ပေါ်လာခြင်း ဖြစ်သည်။
တိုင်းရင်းသားလူမျိုး အားလုံးနှင့် ပြဿနာ ဖြစ်နေသော စစ်တပ်က အများနှင့်တယောက် ဖြစ်နေသော ပြဿနာတွင် အများမှား၍ တယောက်တည်းသမားက မှန်သည်ဟု ဆိုနေသည်မှာ စိတ်ပျက်ဖွယ် ဖြစ်သည်။
လူထုဆန္ဒပြပွဲများအား စစ်တပ်က ရက်ရက်စက်စက် ဖိနှိပ်သဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို အကြောင်းခြင်းရာများ မရှိဘဲ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းမှု မရှိဘဲ ဒီမိုကရက်များ၏ လက်နက်ကိုင် ပုန်ကန်မှုများ မရှိနိုင်ပေ။
အလားတူပင် တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုများသည်လည်း ၎င်းတို့၏ အခွင့်အရေးကို ဥပဒေတွင်း မရနိုင်၍ လည်းကောင်း၊ ၎င်းတို့ တောင်းဆိုမှုများကို စစ်အင်အားသုံး၍ ပိတ်ဆို့နှိပ်ကွပ် တားဆီးမှုများကြောင့်လည်းကောင်း လက် နက်ကိုင်လာရခြင်း ဖြစ်ပေသည်။
တိုင်းရင်းသားလူထုများ၊ ပြည်မလူထုများအား စစ်အင်အားသုံး၍ ပြဿနာ ဖြေရှင်းနေသည့် စစ်တပ်သည် မြန်မာပြည်အား ပြည်တွင်းစစ်တွင်းသို့ ဆွဲသွင်းနေခြင်း ဖြစ်သည်။
တိုင်းရင်းသားလူမျိုး လက်နက်ကိုင် တိုက်ပွဲများသည် အနှစ် ၇၀ ကျော်ခဲ့ပြီ ဖြစ်သည်။ ဤသို့ ရှည်ကြာစွာ ရပ်တည်နိုင်သည့် အကြောင်းအချက်များလည်း ရှိနေ၍ ဖြစ်သည်။ ၁၉၄၈ ခုနှစ်မှ စတင်သည့် ပြည်တွင်းစစ်တွင် ပြည်မဒေသများ၌ လည်း လက်နက်ကိုင် ပုန်ကန်မှုများ ဖြစ်ခဲ့သည်။
သို့သော် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း စသည့် ပြည်မဒေသများတွင် ၁၉၇၅ ခုနှစ် နောက်ပိုင်း၌ လက်နက်ကိုင် ပုန်ကန်မှုများ မရှိသလောက် ဖြစ်သွားခဲ့သည်။ သို့သော် တိုင်းရင်းသားဒေသ ပြည်နယ်များတွင် လက်နက်ကိုင် ပုန်ကန်မှုများသည် ခြေကုပ်ယူနိုင်ဆဲ ဖြစ်သည်။
ဤသည်ပင်လျှင် တိုင်းရင်းသားဒေသ ပြည်နယ်များ၏ ထူးခြားချက် ဖြစ်သည်။ ဤသို့ တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်တည်နေသည်မှာ အောက်ပါ အကြောင်းအချက်များကြောင့် ဖြစ်သည်။
၁၉၈၉ နောက်ပိုင်း ငြိမ်းချမ်းရေးယူသည့် တိုင်းရင်းသား အဖွဲ့အစည်းများအား အသိမှတ်ပြုခြင်း၊ နိုင်ငံတော်အဆင့် ဆွေးနွေးခြင်းများ ပြုလုပ်ခံရပြီး မြို့ပေါ်ဥပဒေတွင်း နိုင်ငံရေးပါတီ အဖွဲ့အစည်းများ နှိပ်ကွပ်ခံနေရသည့် အခြေအနေအောက်တွင် မိမိ၏ နိုင်ငံရေး အမြင်အယူအဆကို အကောင်အထည်ဖော်ရန် အနည်းဆုံး တန်းတူရည်တူ ဆွေးနွေးနိုင်ရန် တောင့်တင်းသည့် လက်နက်ကိုင်တပ်ဖွဲ့ရှိမှ ရမည်ဆိုသော အယူအဆသည် တိုင်းရင်းသား လူမျိုးများကြား ပို၍ အားကောင်းလာသည်။
ပထမအချက် အနေဖြင့် တိုင်းရင်းသား ပြည်နယ်များတွင် လက်နက်ကိုင်မှ သူတို့ အခွင့်အရေး ရမည်ဟူသည့် အယူအဆသည် လွှမ်းမိုးနေသကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများလည်း ကြံ့ကြံ့ခံ ရပ်တည်နိုင်ကြသည်။
အချို့အဖွဲ့စည်းများ ပြိုကွဲမှု ရှိသော်လည်း အဖွဲ့အစည်းသစ်များ ပြန်လည် ထူထောင်ကြသည်။ ပြည်မတွင်ကဲ့သို့ လက်နက်ကိုင် လမ်းကြောင်းထက် ဥပဒေတွင်း လမ်းကြောင်းကို ယုံကြည်စိတ်ဝင်စားမှုမျိုး ပြည်နယ်များတွင် နည်းပါးသည်။
ဒုတိယအချက်အနေဖြင့် ၁၉၈၉ နောက်ပိုင်း ငြိမ်းချမ်းရေးယူသည့် တိုင်းရင်းသား အဖွဲ့အစည်းများအား အသိမှတ်ပြုခြင်း၊ နိုင်ငံတော်အဆင့် ဆွေးနွေးခြင်းများ ပြုလုပ်ခံရပြီး မြို့ပေါ်ဥပဒေတွင်း နိုင်ငံရေးပါတီ အဖွဲ့အစည်းများ နှိပ်ကွပ်ခံနေရသည့် အခြေအနေအောက်တွင် မိမိ၏ နိုင်ငံရေး အမြင်အယူအဆကို အကောင်အထည်ဖော်ရန် အနည်းဆုံး တန်းတူရည်တူ ဆွေးနွေးနိုင်ရန် တောင့်တင်းသည့် လက်နက်ကိုင်တပ်ဖွဲ့ရှိမှ ရမည်ဆိုသော အယူအဆသည် တိုင်းရင်းသား လူမျိုးများကြား ပို၍ အားကောင်းလာသည်။
တတိယအချက် အနေဖြင့် UWSP/UWSA “ဝ” တပ်ဖွဲ့၊ PSC/NDAA မိုင်းလားအဖွဲ့တို့သည် ကိုယ့်ဒေသ ကိုယ့်အုပ်ချုပ်ရေး နှင့် လွတ်လပ်စွာ ရပ်တည်ပြီး ၎င်းတို့တပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသများလည်း ဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေအောက် တွင် ထိုကဲ့သို့သော အခြေအနေမျိုးသည် အခြားတိုင်းရင်းသား လူမျိုးအတွက်လည်း အားကျဖွယ် ဖြစ်သည်။
၎င်းတပ်ဖွဲ့များ ထိုကဲ့သို့ ရပ်တည်နိုင်သည်မှာ နှစ် ၃၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေနှင့် ဘောင်မဝင်ပေ။ သို့သော် ထိုသို့ ရပ်တည်နိုင်သည်မှာ ၎င်းအဖွဲ့များတွင် တောင့်တင်းခိုင်မာသော လက်နက်ကိုင်တပ်ဖွဲ့များ ရှိ၍ ဖြစ်သည်ဟု အများက မှတ်ယူကြသည်။
တိုင်းရင်းသားလူမျိုးတို့၏ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အတွက် တိုင်းရင်းသားလူမျိုးများ တိုက်ပွဲဝင်ရာတွင် လက်နက်ကိုင်တိုက်ပွဲသည် မလွှဲမရှောင်သာ ရွေးချယ်ရသည့် ရွေးချယ်စရာလမ်းကြောင်း ဖြစ်နေခဲ့သည်။
သို့ဖြစ်ရာ ထိုသို့သော အခြေအနေမျိုး ရရှိနိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးတိုင်းသည် လက်နက်ကိုင် တပ်ဖွဲ့အင်အား တောင့်တင်းအောင် တည်ဆောက်ရမည် ဟူသောအမြင် ပို၍ အားကောင်းလာခဲ့သည်။
စတုတ္ထအချက် အနေဖြင့် ၂၀၀၈ အခြေခံဥပဒေ ပေါ်ပေါက်လာပြီးနောက် ၎င်းတို့ တွေ့မြင်ရသည့် မြို့ပေါ် တိုင်းရင်းသားလူမျိုး ပါတီများ၏ အခန်းကဏ္ဍ ဖြစ်သည်။
တိုင်းရင်းသားလူမျိုးပါတီများ အများစု အနိုင်ရသည့် ရှမ်းနှင့် ရခိုင်ပြည်နယ်တွင်ပင် တိုင်းရင်းသားလူမျိုးပါတီများ ပြည်နယ် အစိုးရ ဖွဲ့ခွင့်မရ၊ ပြည်နယ်အစိုးရအား ပြည်ထောင်စုအစိုးရက စိတ်ကြိုက်ဖွဲ့စည်းသည့်အပြင် ပြည်နယ်လွှတ်တော်ကလည်း ထိရောက်သည့် မည်သည့် ဥပဒေမျှ ပြဋ္ဌာန်းခွင့် မရှိသည်ကို တွေ့မြင်နေရသည်။
တိုင်းရင်းသားလူမျိုးတို့ မျှော်လင့်ချက်ထားသည့် NLD ပါတီ အနိုင်ရသော ၂၀၁၅ တွင်လည်း ပြည်နယ်အစိုးရ ဖွဲ့စည်းရေး နှင့် ပတ်သက်ပြီး ပြည်နယ်တွင် အများစု အနိုင်ရသည့်ပါတီကို ပြည်နယ်အစိုးရဖွဲ့ခွင့် မပေးသည့်အပြင် ပြည်နယ်အစိုးရ ဖွဲ့စည်းရာတွင်လည်း ပြည်နယ်၌ အများစု အနိုင်ရသည့် တိုင်းရင်းသားပါတီနှင့် ညှိနှိုင်းမှုပြုခြင်း မရှိခဲ့။
၂၀၂၀ ရွေးကောက်ပွဲအပြီး ညှိနှိုင်းမှု ပြုလုပ်သော်လည်း အဆင်ပြေမှု မရှိခဲ့။ ဤသို့သော အခြေအနေအောက်တွင် ဥပဒေတွင်း နိုင်ငံရေးသည် တိုင်းရင်းသားလူမျိုးတို့ အယုံအကြည် မရှိကြပေ။ မိမိ တိုင်းရင်းသားလူမျိုးအရေးအား ဆောင်ရွက်လိုသူ တက်ကြွသည့် တိုင်းရင်းသား လူငယ်တို့အတွက် လက်နက်ကိုင် တော်လှန်ပုန်ကန်မှုသည်သာ ထွက်ပေါက် ဖြစ်လာခဲ့သည်။
ပဉ္စမအချက် အနေဖြင့် ဆိုရလျှင် ဖက်ဒရယ်ပြည်ထောင်စု ပြဿနာ ဖြစ်သည်။ ၁၉၄၇ ပင်လုံစာချုပ် ချုပ်ဆိုပြီး ပြည်ထောင်စုတရပ် တည်ဆောက်ခဲ့သည် ဆိုသော်လည်း ပြည်ထောင်စု နိုင်ငံတရပ် မတည်ဆောက်နိုင်ဘဲ မြန်မာနိုင်ငံသည် တပြည်ထောင်စနစ်ကို ကျင့်သုံးနေသည့်နိုင်ငံ ဖြစ်နေခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တွေ့ရသည့် မြန်မာစစ်တပ်၏ သဘောထားမှာ တိုင်းရင်းသား အဖွဲ့များ အနေဖြင့် နိုင်ငံရေး ဆက်လုပ်လိုပါက ပါတီထောင်၍ ဥပဒေဘောင်အတွင်း ဝင်ပြီး ရွေးကောက်ပွဲဝင်ရန်၊ လက်နက်ကိုင်တပ်ကို ဖျက်ပြီး လက်နက်များ မြန်မာစစ်တပ်သို့ အပ်နှံရန် ဖြစ်သည်။
ထိုသို့သော အခြေအနေအောက်တွင် တိုင်းရင်းသားလူမျိုးတို့၏ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အတွက် တိုင်းရင်းသားလူမျိုးများ တိုက်ပွဲဝင်ရာတွင် လက်နက်ကိုင်တိုက်ပွဲသည် မလွှဲမရှောင်သာ ရွေးချယ်ရသည့် ရွေးချယ်စရာလမ်းကြောင်း ဖြစ်နေခဲ့သည်။
ဆဋ္ဌမအချက် အနေဖြင့် ပြည်နယ်များသည် ဖွံ့ဖြိုးမှု နောက်ကျသလို မြန်မာပြည်၏ အဆင်းရဲဆုံး ဒေသများမှာလည်း ပြည်နယ်များ ဖြစ်သည်။
တိုင်းရင်းသားလူမျိုး ပြည်နယ်များသည် မူလကတည်းက တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည်ဖြစ်ရာ တနေရာနှင့်တနေရာ ကူးသန်းသွားလာရန် ခက်ခဲသည်။
ထိုအခြေအနေသည် တိုင်းရင်းသားဒေသများတွင် လှည့်လည်၍ ပြောက်ကျားစစ် ဆင်နိုင်သည့် အားသာချက် ဖြစ်သည့် အပြင် တိုင်းရင်းသားပြည်နယ် အားလုံးသည် မြန်မာပြည် နယ်စပ်များ တလျှောက်တွင် ရှိသည်ဖြစ်ရာ လက်နက်ခဲယမ်း ရရှိနိုင်ရန် လွယ်ကူသည်။ ပြည်ပနှင့် အဆက်အသွယ်လုပ်ရန် လွယ်ကူသလို ပြည်ပမှ အဆက်အသွယ်ရရန် လွယ်ကူသည်။
သတ္တမအချက်အရ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသား ကိုယ်ပိုင်လက္ခဏာအရ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တပ် ဖွဲ့များ၏ အမျိုးသားရေး ကြွေးကြော်သံသည် ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများအား စည်းရုံးသိမ်းသွင်းနိုင်သည်၊ ထောက်ခံ မှု ရယူနိုင်သည်၊ စစ်ပွဲတပွဲ တိုက်နေသော အဖွဲ့အစည်းတခုအတွက် လူထုထောက်ခံမှုသည် အရေးပါသည်။
ဤသို့သော အကြောင်းအချက်များအား အနှစ်ချုပ်ကြည့်ပါက တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် လက်နက်ကိုင် ပုန်ကန်မှု လမ်းကြောင်းသာ ပွင့်နေခြင်း၊ ပြည်နယ်များတွင် လက်နက်ကိုင် ပုန်ကန်ရပ်တည်နိုင်ရန် ရေခံမြေခံရှိနေခြင်း၊ ၎င်းတို့၏ တိုင်းရင်းသား လူထု၏ ထောက်ခံမှု ရရှိခြင်းတို့ကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် သူတို့၏ ပြည်နယ်များတွင် ကောင်းမွန်စွာ ရပ်တည်နိုင်ကြခြင်း ဖြစ်သည်ကို တွေ့ရသည်။
ပြည်တွင်းစစ် နှစ် ၇၀ နှင့် အပစ်ရပ်ကာလများအတွင်း အင်အား ယုတ်လျော့သွားသော အဖွဲ့များ တွေ့ရသကဲ့သို့ လုံးဝ ပျက်သွားသည့် အဖွဲ့အချို့ ရှိခဲ့သော်လည်း အင်နှင့်အားနှင့် ရပ်တည်နိုင်သော အဖွဲ့များကိုလည်း ယနေ့ ကာလတွင် တွေ့မြင်နေရ သည်။
နှစ် ၇၀ ကြာလာသည့် လက်နက်ကိုင်ပဋိပက္ခ ပြဿနာအား ၂၀၁၁ မှ ၂၀၂၀ ထိ ၁၀ နှစ်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ မြန်မာစစ်တပ်၏ ထင်ရှားသော သဘောထား ၂ ချက်ကို လည်း တွေ့ရသည်။
ပထမအချက်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချို့အား ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ချန်လှပ်လိုခြင်း ဖြစ်သည်။
၂၀၁၅ စက်တင်ဘာလအတွင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ရန် နောက်ဆုံးအဆင့်တွင် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA)၊ ရက္ခိုင်စစ်တပ် (AA) အဖွဲ့ ၃ ဖွဲ့အား NCA ထိုးရန် မြန်မာစစ်တပ်က လက်မခံကြောင်း ဖော် ပြသည်ကို တွေ့ရပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်ခဲ့သည်။
ဤသို့ မြန်မာစစ်တပ်က အချို့အဖွဲ့များအား ချန်လှပ်လိုခြင်းသည် အချက် ၂ ချက်ကြောင့် ဖြစ်နိုင်သည်။ တချက်မှာ ထိုအဖွဲ့ များ၏ အင်အား ဖြစ်သည်။ အင်အား နည်းပါးသော အဖွဲ့များကို ထည့်သွင်းစဉ်းစားစရာ မလိုဟူသော သဘောထား၊ တန်းတူ ဆက်ဆံလိုသည့် သဘောထား မရှိခြင်းကြောင့် ဖြစ်သည်။
နောက်တချက်မှာ အချို့အဖွဲ့များနှင့် ပတ်သက်၍ နိုင်ငံရေး၊ စစ်ရေးအရ အာဃာတ ရှိခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ရသည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ပြီး စကားဝိုင်းတွင် ဖြေရှင်းခွင့်မရသော အဖွဲ့တို့သည် စစ်အင်အား ကြီးမားအောင် တည်ဆောက်ကြတော့သည်။
အဖွဲ့တိုင်း အင်အားကြီးအောင် တည်ဆောက်နိုင်သည် မဟုတ်သော်လည်း အချို့အဖွဲ့များ အင်အား ပိုကြီးလာသည်ကို တွေ့ ရတော့သည်။
ဒုတိယအချက်မှာ မြန်မာစစ်တပ်၏ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ လက်တွေ့ ဖြေရှင်းလိုသည့် သဘောထား ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တွေ့ရသည့် မြန်မာစစ်တပ်၏ သဘောထားမှာ တိုင်းရင်းသား အဖွဲ့များ အနေဖြင့် နိုင်ငံရေး ဆက်လုပ်လိုပါက ပါတီထောင်၍ ဥပဒေဘောင်အတွင်း ဝင်ပြီး ရွေးကောက်ပွဲဝင်ရန်၊ လက်နက်ကိုင်တပ်ကို ဖျက်ပြီး လက်နက်များ မြန်မာစစ်တပ်သို့ အပ်နှံရန် ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ တိုင်းရင်းသားအဖွဲ့များဘက်မှ တင်ပြသည့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး (Security Sector Reform-SSR) နှင့် မြန်မာစစ်တပ်က ရပ်ခံထားသည့် လက်နက်ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်း၊ ပြန်လည်ပေါင်းစည်းရေး (Disarmament, Dismobilization, Reintegration – DDR) ကြား ကွဲပြားခြားနားမှု ကြီးမားသည်။
မြန်မာစစ်တပ်၏ တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ပတ်သက်သည့် သဘောထားမှာ ပြည်တွင်းစစ် တလျှောက်လုံး လက်နက်အပ်၊ တပ်ဖျက်ဆိုသည့် ဤသဘောထား အတိုင်းသာ ရပ်တည်ခဲ့သည်။
၂၀၀၉ ခုနှစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အား နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်အဖြစ် ပြောင်းလဲရာ တွင်လည်း အဆိုပါမူအပေါ် ရပ်ခံပြီး ပြောင်းလဲဖွဲ့စည်းသော အဖွဲ့များအား သူ၏ ကွပ်ကဲမှုအောက်သို့ ထည့်သွင်းခဲ့ခြင်းသာ ဖြစ်သည်။
တိုင်းရင်းသားအရေး ဖြေရှင်းရာတွင် ပြည်ထောင်စုပုံသဏ္ဍာန် အငြင်းပွားမှုများအပြင် လက်နက်ကိုင်တပ်ဖွဲ့နှင့် ပတ်သက်၍ မတူသည့် အမြင်မှာလည်း ပြဿနာကို ဖြေရှင်းရန် ပို၍ ခက်ခဲစေသည်။
မည်သို့ပင် ဖြစ်စေကာမူ မြန်မာစစ်တပ်နှင့် အနှစ် ၇၀ ကျော် စစ်တိုက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မြန်မာစစ်တပ်၏ ကတိကဝတ်များကို ယုံကြည်ရန် ခက်ခဲသည့်အပြင် ၎င်းတို့တွင် လက်နက်ကိုင်တပ် မရှိပါက မြန်မာ စစ်တပ်၏ ပြုမူဆက်ဆံပုံရော၊ သဘောထားပါ ပြောင်းလဲသွားနိုင်သည်ဟု တွက်ဆယုံကြည်ထားရာ မြန်မာစစ်တပ်ကို ယုံမှတ်၍ ပုံအပ်ရန် ခဲယဉ်းသည်။
တိုင်းရင်းသားများ ခက်ခက်ခဲခဲ တည်ဆောက်ထားသော လက်နက်ကိုင်တပ်ကို ဖျက်သိမ်းရန် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည့်အတွက် လက်နက်ကိုင် တိုက်ပွဲများနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်တပ် ပြဿနာမှာလည်း ဖြေရှင်းရန် အကျပ်အတည်းတခု ဖြစ်လာသည်။
သို့ဖြစ်ရာ ၎င်းတို့ ခက်ခက်ခဲခဲ တည်ဆောက်ထားသော လက်နက်ကိုင်တပ်ကို ဖျက်သိမ်းရန် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည့်အတွက် လက်နက်ကိုင် တိုက်ပွဲများနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်တပ် ပြဿနာမှာလည်း ဖြေရှင်းရန် အကျပ်အတည်းတခု ဖြစ်လာသည်။
ထို့ပြင် အနှစ် ၇၀ ကျော် ပြည်တွင်းစစ်သည် တဖက်နှင့်တဖက် သူမသာ၊ ကိုယ်အသာ ရှိနေသော်လည်း ဤအခြေအနေသည် နောင်တွင်လည်း ဤသို့သာ ဆက်လက် ဖြစ်နေလိမ့်မည်ဟု ယူဆ၍ မရပေ။
ယနေ့ကာလ ပြောင်းလဲလာသော အခြေအနေအောက်တွင် မြန်မာစစ်တပ်၏ လက်ရှိ အခြေအနေ၊ တိုင်းရင်းသား လက် နက်ကိုင် တပ်ဖွဲ့များ၏ အခြေအနေများနှင့်အတူ ပြည်တွင်းပြည်ပ အခြေအနေ အပြောင်းအလဲတို့အား ထည့်သွင်းသုံးသပ်ရန် လိုလာသည်။
မြန်မာစစ်တပ်အနေဖြင့် တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးနှင့် ပတ်သက်၍ စစ်အင်အားသုံး ဖြေရှင်းခြင်းအား မစွန့်လွှတ်ဘဲ ထိုမူဝါဒအား ဆက်လက် ကိုင်စွဲနေပါက တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့်လည်း လက်နက် ကိုင် တော်လှန်ရေး မူဝါဒအား ဆက်လက် ကိုင်စွဲမည်သာ ဖြစ်သည်။
ထို့ပြင် ထိုစစ်ပွဲ၏ အကျိုးဆက်သည် ယခင်ကဲ့သို့ပင် အဆုံးမသတ်နိုင်သည့် စစ်ပွဲများအဖြစ် ဆက်လက် တည်ရှိနေလိမ့် မည်ဟု ယူဆထား၍ မဖြစ်နိုင်တော့ပါ။ ပြောင်းလဲနေသော အခြေအနေများနှင့်အညီ ဖြစ်ပေါ်လာမည့် အကျိုးဆက်များ သည် လာမည့် ၂၊ ၃ နှစ်အတွင်း လျင်မြန်စွာ ပြောင်းလဲ ဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ်ရပါသည်။
ဤအခြေအနေအား လက်တွေ့ကျကျ ချဉ်းကပ်သုံးသပ်နိုင်ရန် လက်ရှိ မြန်မာပြည်တွင် ရှိနေသော စစ်အင်အား အခြေ အနေများ၊ ဖြစ်နိုင်ခြေများကို အမှန်အတိုင်း ကြည့်မြင်ရန် လိုသည်။
ဆက်ရန်ရှိသည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၁)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၂)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၃)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း -၄ )
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၅)