ဆောင်းပါး

တရုတ်နှင့် မြန်မာအတွက် ချင်းမိုင်မှ အမေရိကန် သံတမန် အဆောက်အအုံသစ်

ထိုင်းနိုင်ငံမြောက်ပိုင်း မြို့ကြီးတမြို့ဖြစ်သော ချင်းမိုင်မှ အစိုးရမဟုတ်သည့် အဖွဲ့အစည်း ဝန်ထမ်းများ၊ သာသနာပြုများ၊ အငြိမ်းစားများ အများစုပါဝင်သည့် အမေရိကန် လူမှုအသိုက်အဝန်းသည် ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုများ လိုအပ်သည်ကို မည်သူမျှ သံသယမရှိပေ။

သို့သော် ထိုအကြောင်းသည် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် ကြီးမားလှသော အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး တည်ဆောက်ရခြင်း အကြောင်းရင်းဖြစ်ပါသလား။ ၂၀၂၃ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော ထို သံတမန် အဆောက်အအုံများကို ချင်းမိုင်မြို့စွန် စီးပွားရေးရပ်ကွက်ရှိ ၆ ဒသမ ၆ ဧက (၂၆,၇၀၉ စတုရန်းမီတာ) ထက်မနည်း ကျယ်သော မြေပေါ်တွင် တည်ဆောက်နေသည်။

အရောင်အသွေးစုံလှသော အွန်လိုင်းစာအုပ်ငယ်တွင် ချင်းမိုင်ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်က ထိုစီမံကိန်းသည် “ထိုင်းနိုင်ငံမြောက်ပိုင်းမှ ပြည်သူများနှင့် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အတွက် ရေရှည်ကတိကဝတ်၏ ခိုင်မာသော သင်္ကေတ” ဖြစ်သည်ဟု ဖော်ပြပြီး အမေရိကန် ကောင်စစ်ဝန်ချုပ်သည် ဒေသတွင်းမှ အမေရိကန် လူမှုအသိုက်အဝန်းနှင့် အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားလိုသူများ ကူညီရန် လုပ်ကိုင်နေသည်ဟု ဆက်လက်ရေးသားထားသည်။

ချင်းမိုင်မြို့စွန် စီးပွားရေးရပ်ကွက်ရှိ ၆ ဒသမ ၆ ဧက (၂၆,၇၀၉ စတုရန်းမီတာ) ထက်မနည်း ကျယ်သော မြေပေါ်တွင် အမေရိကန် ကောင်စစ်ဝန်ရုံးသစ်ကို တည်ဆောက်နေသည်

ထိုအချက်များသည် တိကျသော်လည်း စင်ကာပူအခြေစိုက် ဗြိတိန်သုတေသီ မိုက်ကယ် ဗက်တစ်ကီရောတစ်က ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ဝေသည့် Nikkei Asia စာစောင် အတွေးအမြင်ဆောင်းပါးတွင် တရုတ်နယ်စပ်မှ ကီလိုမီတာ ၅၀၀ သာဝေးပြီး မြန်မာနှင့် လာအိုတို့နှင့် ပိုမိုနီးကပ်သောနေရာတွင် ထိုမျှကြီးမားသည့် သံတမန် အဆောက်အအုံများ တည်ဆောက်ခြင်းသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လက်ရှိ အမေရိကန် ထောက်လှမ်းရေးသတင်း စုဆောင်းနိုင်သည့်စွမ်းရည်ကို တိုးချဲ့ရန် အားထုတ်မှုအဖြစ် ဘေဂျင်းက မြင်ကြောင်း ရေးသားခဲ့သည်။

တရုတ်နယ်စပ်မှ ကီလိုမီတာ ၅၀၀ သာဝေးပြီး မြန်မာနှင့် လာအိုတို့နှင့် ပိုမိုနီးကပ်သောနေရာတွင် ထိုမျှကြီးမားသည့် သံတမန် အဆောက်အအုံများ တည်ဆောက်ခြင်းသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လက်ရှိ အမေရိကန် ထောက်လှမ်းရေးသတင်း စုဆောင်းနိုင်သည့်စွမ်းရည်ကို တိုးချဲ့ရန် အားထုတ်မှုအဖြစ် ဘေဂျင်းက မြင်သည်။

အမေရိကန်၏ ထိုသို့သော လှုပ်ရှားမှုများသည် ဒေသတွင်းမှ ပထဝီသေနင်္ဂဗျူဟာ ပြိုင်ဘက်များ၏ ပိုမိုကျယ်ပြန့်သည် ရုပ်ပုံလွှာနှင့်လည်း ကိုက်ညီသည်။ အာရှတွင် စီးပွားရေးနှင့် နိုင်ငံရေး အင်အားကြီး နိုင်ငံအဖြစ် တရုတ်နိုင်ငံ ပေါ်ပေါက်လာခြင်းကြောင့် ဒေသတွင်းတွင် မဟာမိတ်အုပ်စုသစ်များ ပေါ်ပေါက်လာစေသည်။

ပထမဆုံး မဟာမိတ်အုပ်စုသစ်မှာ လေးပွင့်ဆိုင်လုံခြုံရေး ဆွေးနွေးပွဲမဟာမိတ်အဖွဲ့ (Quad) ဖြစ်ပြီး ထိုအဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် တည်ထောင်ကာ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျတို့ကို စုစည်းထားသည်။ ထိုနောက် လွန်ခဲ့သောနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဆိုက်ဘာစွမ်းရည်၊ ဉာဏ်ရည်တု၊ ကွမ်တမ်နည်းပညာများနှင့် နောက်ဆက်တွဲ ရေအောက်စွမ်းရည်စသည့် နယ်ပယ်များတွင် ညှိနှိုင်းဆောင်ရွက်ရေးအတွက် သြစတြေးလျ – ဗြိတိန် – အမေရိကန်ပြည်ထောင်စုတို့ မဟာမိတ်ဖြစ်သော အောကပ်စ် (AUKUS) မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာသည်။ ထိုသဘောတူညီချက်အရ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့သည် နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောများ ရရှိရေးအတွက် သြစတြေးလျကို ကူညီမည်ဖြစ်သည်။

ထိုသဘောတူညီချက် ၂ ခုလုံးသည် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယ သမုဒ္ဒရာအတွင်း တရုတ်ရေတပ်က မကြာခဏ ထိုးဖောက်ဝင်ရောက်ခြင်းကို တန်ပြန်ရန် အားထုတ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်ကြသည်။ ထိုကိစ္စကို ဘေဂျင်းက နားမလည်သည်မဟုတ်ဘဲ AUKUS ထူထောင်ခြင်းကို အထူးပြစ်တင် ရှုတ်ချသည်။

ထိုသဘောတူစာချုပ်ကို ကြေညာပြီး ၂ ရက်မျှအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျောက်လီကျန်းက ထိုမဟာမိတ်ဖွဲ့ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးကို အကြီးအကျယ် ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိပြီး လက်နက်ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်စေကြောင်းပြောသည်။ ထိုစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ အသုံးမဝင်တော့သော စစ်အေးတိုက်ပွဲစိတ်ဓာတ်ကို သူကဝေဖန်ပြီး ထိုနိုင်ငံများသည့် ၎င်းတို့အကျိုးစီးပွားကို ၎င်းတို့ ထိခိုက်အောင်လုပ်နေကြောင်း ပြောသည်။

သြစတြေးလျ – ဗြိတိန် – အမေရိကန်ပြည်ထောင်စုတို့ မဟာမိတ်ဖြစ်သော အောကပ်စ် (AUKUS) မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာထားသည်

စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် တရုတ်ကွန်မြူနစ်ပါတီ အာဘော် ဂလိုဘယ်တိုင်းမ်းသတင်းစာ ခေါင်းကြီးပိုင်း တခုတွင်လည်း လေသံမှာ ပိုမိုပြတ်သားပြီး ဒေါသသံပါနေသည်။ “အတွေးအခေါ်စည်းခြားပြီး ထို ၃ နိုင်ငံတို့သည် ပထဝီနိုင်ငံရေးတင်းမာမှုများပို ပိုမိုမြင့်မားစေသည့် စစ်အုပ်စုသစ်ကို တည်ဆောက်ကြသည်။ နိုင်ငံတကာ အသိုက်အဝန်းသည် စစ်အေးတိုက်ပွဲနှင့် စစ်အေးတိုက်ပွဲ အကွဲအပြဲများကို လက်မခံပယ်ချသော်လည်း အမေရိကန်ပြည်ထောင်စုသည် မည်သည့်စစ်အေးတိုက်ပွဲနှင့်မျှ မသက်ဆိုင်သည့် ၎င်းတို့၏ စကားကို ဗြောင်ကျကျချိုးဖောက်ပြီး အင်္ဂလိုဆက်ဆွန်ဂိုဏ်းငယ်ကို ထူထောင်ရန် အခြားနိုင်ငံများနှင့် အုပ်စုဖွဲ့ကာ နိုင်ငံတကာ သွေးစည်းချစ်ကြည်မှုထက် ပထဝီနိုင်ငံရေး ကိုယ်ကျိုးစီးပွားက ရှေ့တန်းတင်လိုက်သည်။ ထိုအချက်သည် စစ်အေးတိုက်ပွဲ၏ ထုံးစံဖြစ်သော စိတ်ဓာတ်ပင်ဖြစ်သည်” ဟု ရေးသားသည်။

၎င်းတို့ကိုယ်၎င်းတို့ ဒီမိုကရေစီ တန်ဖိုးများကို ကာကွယ်စောင့်ရှောက်သူများအဖြစ် သတ်မှတ်ထားသော နိုင်ငံအများအပြားအတွက် တရုတ်နိုင်ငံသည် ရန်သူဖြစ်နေသည်။ တရုတ်နှင့် ၎င်း၏ ရန်သူများအကြားတွင် စီးပွားရေး အကျိုးစီးပွားအတွက် အားပြိုင်မှုများ ရှိနေသည်ကို ပြောရန်ပင်မလိုပေ။

ထိုသတင်းစာ ခေါင်းကြီးပိုင်းတွင် အရှိန်မြင့်မားလာမည့် လက်နက်ပြိုင်ဆိုင်မှုကိုလည်း သတိပေးထားသည်။ “ထိုလုပ်ရပ်သည် ဒေသတွင်းနိုင်ငံများတွင် စစ်ရေးစွမ်းရည် တိုးတက်ရေးကို အရှိန်မြင့်လာစေမည်ဖြစ်ပြီး နျူကလီးယား ကန့်သတ်ချက်ကို ချိုးဖျက်ကာ စစ်ရေးပဋိပက္ခဖြစ်နိုင်ခြေ တိုးပွားစေသည်။ တဘက်တွင် အမေရိကန် ပြည်ထောင်စုသည် အချို့နိုင်ငံများ နျူကလီးယားစွမ်းရည် တိုးတက်အောင်မလုပ်ရန် ဖိအားပေးရေးအတွက် အရေးယူပိတ်ဆို့မှုများနှင့် ဖိနှိပ်မှုများကို လုပ်ဆောင်နေပြီး အခြားတဘက်တွင်မူ နျူကလီးယားစွမ်းရည် မရှိသေးသည့် နိုင်ငံတခုကို နျူကလီးယား နည်းပညာများကို ဗြောင်ကျကျ လွှဲပြောင်းပေးအပ်နေသည်။ ထိုသို့လုပ်ခြင်းသည် စံနှုန်း ၂ မျိုးကျင့်သုံးသည့် ထုံးစံဖြစ်သည်” ဟုလည်း ဆက်လက်ရေးသားသည်။

ထိုဂလိုဘယ်တိုင်းမ် အယ်ဒီတာ့ အာဘော်တွင် နျူကလီးယားလက်နက် ပြန့်ပွားနိုင်ခြေအထိ ချဲ့ထွင် ပြောဆိုခြင်း မရှိဘဲ သြစတြေးလျသည် နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောများ ရလာခြင်း သက်သက်ကြောင့် နျူကလီးယားအင်အားကြီးနိုင်ငံ ဖြစ်မလာမည်မှာ သေချာသည်။ သို့သော် ထိုသို့ ပြင်းထန်သော စကားများသည် တရုတ်အစိုးရက မည်မျှပူပန်နေသည်နှင့် စစ်အေးတိုက်ပွဲသစ်၏ စစ်မျက်နှာစည်းများ ပိုမိုရှင်းလင်းလာကြောင်း ပြသနေသည်။

၎င်းတို့ကိုယ်၎င်းတို့ ဒီမိုကရေစီ တန်ဖိုးများကို ကာကွယ်စောင့်ရှောက်သူများအဖြစ် သတ်မှတ်ထားသော နိုင်ငံအများအပြားအတွက် တရုတ်နိုင်ငံသည် ရန်သူဖြစ်နေသည်။ တရုတ်နှင့် ၎င်း၏ ရန်သူများအကြားတွင် စီးပွားရေး အကျိုးစီးပွားအတွက် အားပြိုင်မှုများ ရှိနေသည်ကို ပြောရန်ပင်မလိုပေ။ ပိုမိုကြွယ်ဝချမ်းသာလာသော အာရှသည် လူသုံးကုန်မျာအတွက် ကြီးမားသော ဈေးကွက်ဖြစ်ပြီး နိုင်ငံအများအပြားက ထုတ်ယူအသုံးပြုလိုသည့် သဘာဝနှင့် တွင်းထွက် သယံဇာတများ ပေါကြွယ်သော ဒေသလည်းဖြစ်သည်။

ထိုအားပြိုင်မှုများကို ကုန်းမြေတွင်လည်း တွေ့နိုင်ပြီး ချင်းမိုင်ကို ဒေသတွင်းတွင် သေနင်္ဂဗျူဟာကျသည့် သတင်းစုဆောင်းသည့် နေရာအဖြစ် ရွေးချယ်လိုက်ခြင်းသည် တိုက်ဆိုက်မှုမဟုတ်ပေ။ ထိုအချက်အရ တစ္ဆေဟောင်းကြီးများ ပြန်လည်ရှင်သန်လာခြင်းပင် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် ၁၉၅၀ ပြည့်နှစ်တွင် ချင်းမိုင်၌ သံရုံးစတင်ထူထောင်ပြီး ထိုစဉ်က တရုတ်ပြည်တွင်းစစ်တွင် ချေမှုန်းခံရပြီး မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်သို့ ဝင်ရောက်လာသော တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန်တပ်များအတွက် ထောက်ပံ့မှုများကို ညှိနှိုင်းရန် အဓိကအားဖြင့် လုပ်ကိုင်သည်။ ရှမ်းပြည်နယ်နယ်စပ်မှ မြောက်ဘက် တရုတ်နယ်စပ်တလျှောက်တွင် စခန်းအများအပြားထူထောင်ကြသည်။

ချင်းမိုင်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးဟောင်းနေရာသည် ထိုင်းနိုင်ငံမြောက်ပိုင်းကို နောက်ဆုံးအုပ်ချုပ်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ကွယ်လွန်သည့် ကျောက်ကော နာဝါရတ်၏ နေအိမ်ဖြစ်သည်

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်နှင့် မျက်နှာချင်းဆိုင် မိုင်းဆတ်မှ သေးငယ်သော လေယာဉ်ကွင်းတခုကို လက်နက်ခဲယမ်းနှင့် ဆေးဝါး အထောက်အပံ့များ သယ်ဆောင်လာသည့် C-46 နှင့် C-47 သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် ကြီးမားသော လေတပ်စခန်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထိုတည်ဆောက်ရေး လုပ်ငန်းသည် ထိုင်ဝမ်ကျွန်းကို ယနေ့တိုင် ထိန်းချုပ်ထားဆဲဖြစ်သည့် တရုတ်သမ္မတနိုင်ငံ ကူမင်တန်အစိုးရနှင့် အမေရိကန် လုံခြုံရေး အာဏာပိုင်များက တရုတ်နိုင်ငံကို ပြန်လည် ဝိုင်းပတ်နိုင်အောင် လုပ်ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ သို့သော် ထိုအားထုတ်မှုများသည် ဆိုးရွားစွာ ကျဆုံးခဲ့သည်။

ရှမ်းပြည်နယ်အခြေစိုက် ကူမင်တန်တပ်သည် ၁၉၅၀ ပြည့်နှစ်များ အစောပိုင်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ဝင်ရောက်ရန် အနည်းဆုံး ၇ ကြိမ်မက ကြိုးစားခဲ့သော်လည်း နယ်စပ်တဘက်သို့ အကြိမ်ကြိမ် ပြန်လည်မောင်းထုတ်ခံရသည်။

ထိုနောက် အင်ဒိုချိုင်းနားစစ်ပွဲ ဖြစ်ပေါ်လာပြီး ချင်းမိုင်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးသည် ဒေသတွင်းတွင် လူနှင့် ထောက်လှမ်ရေး အဆက်အသွယ်ရှာဖွေခြင်းကိုပါ ကြီးကြပ်သည်။ ဒေသခံ ထောက်လှမ်းရေး အေးဂျင့်များကို နယ်စပ်တလျှောက်သို့ စေလွှတ်ပြီး အမေရိကန်များနှင့် ထိုင်းများသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ကျယ်ပြန့်သည့် သတင်းရယူသော ကွန်ရက်တခု ရှိခဲ့ကြသည်။

ထိုကဲ့သို့ ကွန်ရက်အအောက်အအုံသည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဥဒုံဌာနီ တောင်ဘက် ၂၀ ကီလိုမီတာအကွာ ရာမဆန်တွင် တည်ရှိသည်။ ထိုအခြေစိုက်စခန်းကို ၁၉၆၆ ခုနှစ်က ပထမဆုံး တည်ထောင်ခဲ့သော်လည်း ထိုစခန်းသည် ဘန်ကောက်ရှိ ပင်မစခန်း၏ စခန်းခွဲတခုသာဖြစ်သည်။

၁၉၇၀ ပြည့်နှစ် ရောက်သောအခါ ထိုစခန်းကို AN/FLR-9 Circular Disposed Antenna Array (CDAA) စခန်းအဖြစ် အဆင့်မြှင့်တင်လိုက်သည်။ CDAA ဆိုသည်မှာ ဆင်လှောင်အိမ်နှင့် တူသောကြောင့် ဆင်လှောင်အိမ်ဟု ခေါ်ကြသည့် Wullenweber antennas များကို ပတ်လည်ချထားသော စခန်းဖြစ်သည်။ ရာမဆန် စခန်းသည် လာအို၊ တရုတ်နိုင်ငံတောင်ပိုင်း၊ မြောက်ဗီယက်နမ်တို့မှ ရေဒီယိုထုတ်လွှင့်ချက်များကို ဖမ်းယူပြီး ဒေသတွင်းတရုတ် စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာသည်။ အရေးအကြီးဆုံးအချက်မှာ ထိုစခန်းသည် အမေရိကန်နှင့် ၎င်း၏ အရှေ့တောင်နှင့် အရှေ့အာရှတဝှမ်းမှ ထောက်လှမ်းရေး လုပ်ငန်းခွင်များအတွက် ပင်မစခန်းဖြစ်နေခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ရေဒီယို သတင်းပေးပို့မှုများကို ဖမ်းယူရန် ထိုကဲ့သို့သော ထောက်လှမ်းရေးသတင်း အသံဖမ်းယူသော ဌာနတခုကို ချင်းမိုင်တောင်ဘက် ၁၀၈ ကီလိုမီတာရှိ လန်ပန်အနီးတွင်လည်း ထူထောင်ထားသည်။

အမေရိကန်နိုင်ငံသား တရုတ်ဘာသာစကား ကျွမ်းကျင်သူများသည် ကြားဖြတ်ဖမ်းယူထားသည့် သတင်းများကို တရုတ်မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကြပြီး မြန်မာစကားပြောသော ရှမ်းများက မြန်မာဘာသာ သတင်းစကားများကို ထိုင်းနှင့် အင်္ဂလိပ်ဘာသာများသို့ ပြန်ဆိုကြသည်။ ထိုစဉ်က အဓိက ပစ်မှတ်မှာ တရုတ်ကျောထောက်နောက်ခံပြု ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ဖြစ်သည်။

အမေရိကန်နိုင်ငံသား တရုတ်ဘာသာစကား ကျွမ်းကျင်သူများသည် ကြားဖြတ်ဖမ်းယူထားသည့် သတင်းများကို တရုတ်မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကြပြီး မြန်မာစကားပြောသော ရှမ်းများက မြန်မာဘာသာ သတင်းစကားများကို ထိုင်းနှင့် အင်္ဂလိပ်ဘာသာများသို့ ပြန်ဆိုကြသည်။ ထိုစဉ်က အဓိက ပစ်မှတ်မှာ တရုတ်ကျောထောက်နောက်ခံပြု ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ဖြစ်သည်။

CPB နှင့် အရှေ့တောင်အာရှသို့ တရုတ်လက်နက်များ စီးဆင်းရာတွင် တိုက်ရိုက်လမ်းကြောင်း ဖြစ်ခဲ့ဖူးသော ထိုင်းကွန်မြူနစ်ပါတီ (CPT) အကြား အချိတ်အဆက် ရှိနိုင်ခြေရှိသည်။ ထိုစဉ်က တရုတ်နိုင်ငံ၏ အကြံအစည်မှာ အနည်းဆုံး ၁၉၆၀ ပြည့်နှစ်များအထိ CPT နှင့်သာမက မလေးယား (ယခု မလေးရှား) နှင့် အင်ဒိုနီးရှားတို့မှ ကွန်မြူနစ်လှုပ်ရှားမှုများနှင့် ဆက်သွယ်ရာတွင် မြန်မာနိုင်ငံကို ကြားခံအဖြစ် အသုံးပြုရန် ဖြစ်သည်။

အင်ဒိုချိုင်းနားစစ်ပွဲအပြီးနှင့် ၁၉၇၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အသိအမှတ်ပြုမှုကို တရုတ် သမ္မတနိုင်ငံ (ထိုင်ဝမ်) မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပြောင်းလဲလိုက်ပြီးနောက် တနှစ်ခန့်ကြာသောအခါ ၁၉၇၆ ခုနှစ်တွင် ရာမဆန်မှ ဆင်လှောင်အိမ်ကို တရားဝင် ဖျက်သိမ်းလိုက်သည်။ အမေရိကန်တို့ ဆုတ်ခွာသွားပြီး ထိုင်းများက ရာမဆန်နှင့် လန်ပန်မှ လုပ်ငန်းများကို တာဝန်ယူကြသည်။

နှစ်အတန်ကြာသောအခါ ဆင်လှောင်အိမ်သည် အသုံးမဝင်တော့ဘဲ ထိုသို့သော ဆင်လှောင်အိမ် နောက်ဆုံးတခုကို အလာစကာတွင် ၁၉၈၆ ခုနှစ်၊ မေလ၌ ဖျက်သိမ်းလိုက်သည်။ ယနေ့ခေတ်တွင်မူ ဆိုက်ဘာနယ်ပယ်မှသာမက မြေပြင်မှ လှုပ်ရှားမှုများကို ထောက်လှမ်းရန် ပိုခေတ်မီ အဆင့်မြင့်သည့် နည်းလမ်းများ ရှိနေပြီဖြစ်သည်။

အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် ကြီးမားလှသော အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးသစ် ပဏ္ဍပ်ချပွဲ

ချင်းမိုင်ရှိ လက်ရှိအမေရိကန် ကောင်စစ်ဝန်ရုံးသည် ပိုင်မြစ်ကမ်း အပေါ်စီးမှ အဆောက်အအုံဟောင်းများတွင် တည်ရှိသည်။ ထိုအဆောက်အအုံများအနက် အချို့ကို လွန်ခဲ့သော နှစ် ၁၀၀ ကျော်က တည်ဆောက်ထားခြင်း ဖြစ်ပြီး ထိုစဉ်က စေတီငန်နန်းတော် သို့မဟုတ် လှပသော ဘုရားနန်းတော်ဟု ခေါ်ကြသည်။ ထိုခြံဝန်းသည် ထိုင်းနိုင်ငံမြောက်ပိုင်းကို နောက်ဆုံးအုပ်ချုပ်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ကွယ်လွန်သည့် ကျောက်ကော နာဝါရတ်၏ နေအိမ်ဖြစ်သည်။

ထိုအဆောက်အအုံများ အစိုးရပိုင်ဖြစ်သွားပြီးနောက် ၁၁ နှစ်ကြာသောအခါ အမေရိကန်တို့ ရောက်လာပြီး ၎င်းကို ကောင်စစ်ဝန်ရုံးအဖြစ် အသုံးပြုသည်။ သို့သော် အရေးကြီးသည့် မှတ်သားရန်အချက်မှာ ထိုနေရာသည် ၁၉၈၆ ခုနှစ်အထိ ကောင်စစ်ဝန်ရုံးသာဖြစ်ပြီး နောင်မှသာ စနစ်ကျသည့် သံရုံးဖြစ်သော ကောင်စစ်ဝန်ချုပ်ရုံး ဖြစ်လာခဲ့သည်။ ၁၉၈၆ ခုနှစ်မတိုင်မီက ထိုနေရာသည် ကောင်စစ်ဝန်ဆောင်မှုများ ပေးသော်လည်း အဓိကအားဖြင့် ထောက်လှမ်းရေး စခန်းသာဖြစ်သည်။

လာမည့်နှစ်တွင် အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်သောအခါ ၎င်းသည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်လာမည်ကို မည်သူမဆို ခန့်မှန်းရုံသာ တတ်နိုင်ကြသည်။ ၎င်း၏ အပေါ်ယံလုပ်ငန်းများဖြစ်သည့် ဗီဇာလျှောက်ထားခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများ ကျင်းပခြင်းနှင့် စာကြည့်တိုက်သို့ သွားရောက်ခြင်းအပြင် ထောက်လှမ်းရေးသတင်း စုဆောင်းခြင်းသည် ၎င်း၏ ထိပ်တန်း ဦးစားပေးဖြစ်မည်မှာ သေချာသည်။

တရုတ်နိုင်ငံသည် တော်လှန်ရေးကို တင်ပို့ခြင်း မရှိတော့သောကြောင့် မတူညီသော အခြေအနေတွင် မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်ခြင်းသည် ထိုကောင်စီဝန်ချုပ်ရုံး၏ အဓိကတာဝန်များအနက် တခုဖြစ်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် တော်လှန်ရေးကို တင်ပို့ခြင်း မရှိတော့သောကြောင့် မတူညီသော အခြေအနေတွင် မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်ခြင်းသည် ထိုကောင်စီဝန်ချုပ်ရုံး၏ အဓိကတာဝန်များအနက် တခုဖြစ်မည်ဖြစ်သည်။ သို့သော်ဘေဂျင်း၏ ကျယ်ပြန့်လာသော စီးပွားရေး အင်ပါယာသည် နိုင်ငံရေး အကာအကွယ် လိုအပ်သောကြောင့် အိမ်နီးချင်းနိုင်ငံများတွင်လည်း သြဇာရှိရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် ထိုသို့သော အနေအထား ကျရောက်နေပြီး ထိုင်းနှင့်တရုတ်ကြားတွင်ရှိနေကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့်ရရန် တခုတည်းသော တိုက်ရိုက်လမ်းကြောင်း ဖြစ်နေသည်။

၂၀၁၇ ခုနှစ်ကပင် ထိုစဉ်က ချင်းမိုင်ရှိ တရုတ်ကောင်စစ်ဝန်ချုပ် ရန်ယီရှန်းက ဒေါ်လာ ထရီလီယံများစွာ ကုန်ကျမည့် အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် ရပ်ဝန်းနှင့်လမ်းမ အစီအစဉ်အကြောင်း ချင်းမိုင်တက္ကသိုလ်တွင် ပြောကြားနေပြီ ဖြစ်သည်။ နောင် ၂ နှစ် ကြာသောအခါ တရုတ်ကောင်စစ်ဝန်ချုပ်သည် ချင်းရိုင်တွင် ဆွေးနွေးပွဲ တခုတက်ရောက်ပြီး မဲခေါင်ဒေသခွဲ တိုးတက်မှုဟုခေါ်သော ကိစ္စကို အလေးထားပြောသည်။ မဲခေါင်ဒေသခွဲတွင် တရုတ်နိုင်ငံတောင်ပိုင်း၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ ပါဝင်သည်။ တရုတ်နိုင်ငံသည်ပင် ချင်းမိုင်နှင့် ၎င်းတို့၏ ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း ဒေသတွင်း ၎င်းတို့အစီအစဉ်များအတွက် အခြေစိုက်စခန်းအဖြစ် သတ်မှတ်ထားပုံရသည်။

အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးသစ် အတွင်းပိုင်းပြ သရုပ်ဖော်ပုံ

ယခုအခါ လက်နက်ကိုင် ရဲများလိုက်ပါလာသည့် တရုတ်သင်္ဘောများသည် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ဆုံစည်းသည့် မြစ်လက်တက်နားအထိပင် ကင်းလှည့် နေသည်ကို စာရေးသူ မြင်တွေ့ခဲ့ရသည်။ ထိုအချက်သည်ဒေသအတွက် အဓိကကျသည့် ခြိမ်းခြောက်မှု မဟုတ်သော်လည်း တရုတ်၏ ရန်သူများက လေ့လာစောင့်ကြည့်ရန် စိတ်အားထက်သန်နေသည့် ဖြစ်ပေါ်တိုးတက်မှု ဖြစ်နေသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုသည့် လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချသော်လည်း တရုတ်သည် မြန်မာဗိုလ်ချုပ်များနှင့် အဆင်ပြေနေသည်။ ပြီးခဲ့သည့် သြဂုတ်လက တရုတ်နိုင်ငံသည် ဘေဂျင်း၏ လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်မှ စီမံကိန်းများကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံသို့ အမေရိကန် ဒေါ်လာ ၆ သန်း လွှဲပြောင်းပေးအပ်သည်။

ထိုစီမံကိန်းသည် သေးငယ်သော စီမံကိန်းဖြစ်သော်လည်း ပိုမိုကျယ်ပြန့်သော အစီအစဉ်များအတွက် အရေးပါသည်။ ထို့နောက် မြန်မာနိုင်ငံတွင်းတွင် ပုန်ကန်မှုများ ရှိနေပြီး တရုတ်နိုင်ငံသည် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် နီးကပ်သော အချိတ်အဆက်ရှိပြီး ထိုအဖွဲ့၏ ပြိုင်ဘက် ရှမ်းပြည် ပြန်လည်ထူတောင်ရေးကောင်စီ (RCSS) သည် ၎င်းတို့အတွက် ထောက်ခံမှုအများစုကို ထိုင်းနိုင်ငံမှ ရရှိနေသည်။

စစ်အေးတိုက်ပွဲသစ်သည် ယခင်စစ်အေးတိုက်ပွဲလောက် ပြင်းထန်ခြင်း မရှိသေးသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် ၎င်း၏ Quad နှင့် AUKUD မဟာမိတ်များသည် တရုတ်နိုင်ငံကို ခုခံရန် ခံတပ်တခု တည်ဆောက်နေပြီး ချင်းမိုင်တွင် အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး တည်ဆောက်ခြင်းသည် ထိုသေနင်္ဂဗျူဟာ အစိတ်အပိုင်းတခုဖြစ်သည်။

စစ်အေးတိုက်ပွဲသစ်သည် ယခင်စစ်အေးတိုက်ပွဲလောက် ပြင်းထန်ခြင်း မရှိသေးသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် ၎င်း၏ Quad နှင့် AUKUD မဟာမိတ်များသည် တရုတ်နိုင်ငံကို ခုခံရန် ခံတပ်တခု တည်ဆောက်နေပြီး ချင်းမိုင်တွင် အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး တည်ဆောက်ခြင်းသည် ထိုသေနင်္ဂဗျူဟာ အစိတ်အပိုင်းတခုဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ရွှေတြိဂံနယ်မြေခေါ် မဲခေါင်မြစ်နှင့် ရမ်ရက်ခ်မြစ်တို့ မြစ်ဆုံနေရာအနီးတွင် ကင်းလှည့်နေသည့် တရုတ်သင်္ဘောတစီး / Nam Ruak river

သို့သော် ထိုကိစ္စသည် ဒေသအတွက်၊ အထူးသဖြင့် ဒုက္ခရောက်ပြီး ထိခိုက်လွယ်နေသော မြန်မာအတွက် မည်သို့ သက်ရောက်သည်ကို မိမိတို့ ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်များ၊ ၁၉၆၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များကကဲ့သို့ ဗြောင်ကျကျ ထိပ်တိုက်တွေ့ခြင်းဖြစ်လာရန် အချိန်အတန်ကြာဦးမည် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး မုန်တိုင်းအတွင်း နောက်တကြိမ် ကျရောက်နေသည်ကို ရင်ဆိုင်ရနိုင်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ New US Diplomatic Complex in Thailand Aimed at China and Myanmar ကို ဘာသာပြန်ဆိုသည်။ ဘာတေးလ် လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)

You may also like these stories:

တရုတ် – အမေရိကန် တင်းမာမှုတွင် ရှေ့တန်းစစ်မျက်နှာသစ် မြန်မာ

မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး

ရေနံလုပ်ငန်းများ ထွက်ခွာမှု MOGE ကို ပိတ်ဆို့မှု ဖြစ်လာမလား

Cobra Gold စစ်လေ့ကျင့်မှု မြန်မာစစ်တပ်ကို လေ့လာသူအဖြစ် တက်ခွင့်မပြုတော့

မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်

Loading