ဆောင်းပါး

ခရိုနီ ဘိုးအေကြီး ဦးသိန်းထွန်း ကွယ်လွန်ခြင်း

ခရိုနီစီးပွားရေးလောကဟောင်းတွင် ဘိုးအေကြီးအဖြစ် တခါက သတ်မှတ်ထားသော မြန်မာအဖျော်ယမကာနှင့် မီဒီယာလုပ်ငန်းရှင် ဦးသိန်းထွန်းသည် အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

သူသည် ဘီယာ၊ ဘဏ်လုပ်ငန်း၊ မီဒီယာ၊ လက်လီအရောင်းနှင့် အိမ်ခြံမြေ လုပ်ငန်းများကို ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ပြီးနောက် ဧပြီလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကွယ်လွန်သွားကြောင်း ပြည်တွင်းသတင်းများက ဖော်ပြကြသည်။

ဦးသိန်းထွန်းနှင့် သူ၏မိသားစုသည် ယခုအခါ ရပ်ဆိုင်းသွားပြီဖြစ်သော မြန်မာတိုင်းမ် သတင်းစာကို ပိုင်ဆိုင် ထုတ်ဝေပြီး ဒိန်းမတ် အဖျော်ယမကာလုပ်ငန်း Carlsberg ၏ ပြည်တွင်း စီးပွားဘက်ဖြစ်သည်။ သူ၏ မိသားစုသည် Tun Commercial Bank ကိုလည်း စီမံလုပ်ကိုင်သည်။

တချိန်က သြဇာကြီးမားသည့် မူလလက်ဟောင်း သူဌေးကြီးဖြစ်သော ဦးသိန်းထွန်း၏ အငြင်းပွားဖွယ် ဂုဏ်သတင်းနှင့် ဘဏ္ဍာရေးရာများကို ခေတ်သစ်သူဌေးများက မကြာသေးမီ နှစ်များအတွင်း အမီလိုက်လာသည်။

သူ၏ မအောင်မြင်သော ဘဏ်လုပ်ငန်း၊ ၂၀၁၄ ခုနှစ်က ဝယ်ယူခဲ့သော မြန်မာတိုင်းမ်ကို အဆင်မပြေလှသော ပိုင်ဆိုင်မှုနှင့် Carlsberg နှင့်တင်းမာမှုများက သူသည် အလျင်အမြန် ပြောင်းလဲနေသော မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ပြောင်းလဲခြင်း မပြုနိုင်သည့် ခရိုနီအရင်းရှင်လူတန်းစားမှ ဘိုးအေကြီးတဦး ဖြစ်ကြောင်း ညွှန်ပြနေသည်။

“ဦးသိန်းထွန်းရဲ့ စီးပွားရေးလုပ်ငန်းတချို့ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း စီးပွားရေး ထွန်းကားမှုအတွင်း ရုန်းကန်ကြရတယ်။ သူ့ရဲ့ ဘဏ်လုပ်ငန်းကလည်း ခရီးမရောက်လှ” ဟု မြန်မာတိုင်းမ်တွင် ကာလကြာမြင့်စွာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သူ မစ္စတာ သွမ်ပဆင်ချူးက ပြောသည်။

ကော်ပိုရိတ်လုပ်ငန်း စီမံခန့်ခွဲမှုနှင့် ပိုင်ဆိုင်မှုကိစ္စများအတွက် Carlsberg နှင့် တင်းမာမှုများကြောင့် ထိုဖက်စပ် လုပ်ငန်းသည် Heineken ထက် နောက်ကောက်ကျသွားစေသည်။ Heineken ကို ဖက်စပ်ပိုင်ဆိုင်သူမှာ ဦးသိန်းထွန်း၏ သားမက် အဖျော်ယမကာလုပ်ငန်းရှင် ဦးအောင်ကျော်မိုး ဖြစ်နေပြန်သည်။ သူသည် လုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခြင်း နည်းသည်။

“ဦးသိန်းထွန်းက မြန်မာတိုင်းမ်ကို ဝယ်ယူခြင်းအတွက် နောင်တရကြောင်း ပြောခဲ့တယ်။ မြန်မာတိုင်းမ်က ပြဿနာတွေက အကူးအပြောင်းကာလ နိုင်ငံတခုမှာ မီဒီယာအဖွဲ့အစည်းတခုကို ပိုင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို သမားရိုးကျ လုပ်ငန်းရှင်တဦး ဘယ်လောက် ရုန်းကန်ဖြေရှင်းရကြောင်း ပြသနေတယ်” ဟု မစ္စတာ ချူးက ပြောသည်။ ချူးသည် စစ်အာဏာသိမ်းသောနေ့တွင် တွဲဘက်အယ်ဒီတာနှင့် သတင်းထောက်ချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သူ ဖြစ်သည်။

တခါက ထွန်း ဖောင်ဒေးရှင်ဘဏ်ဟုခေါ်သည့် Tun Commercial Bank သည် ရပ်တည်နေသည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်သော်လည်း တနိုင်ငံလုံးတွင် ဘဏ်ခွဲ ၂၅ ခုသာရှိပြီး နောက်ပေါ် ဘဏ်သစ်များထက် ပိုမိုသေးငယ်သည်။ ထိုဘဏ်နှင့် ခေတ်ပြိုင်နီးပါးဖြစ်သော ကမ္ဘောဇဘဏ်သည် ယခုအခါ ဘဏ်ခွဲ ၅၀၀ ရှိသည်။

ဘဏ်၏အမည်ကို Tun Commercial Bank အဖြစ် ပြောင်းလိုက်သော်လည်း ထိုဘဏ်သည် စီးပွားရေးအရ ပိုမိုအောင်မြင်လာခြင်း မရှိကြောင်း ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်း အမှုဆောင်များက ပြောသည်။

ရန်ကုန်အခြေစိုက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် အတိုင်ပင်ခံလုပ်ငန်း ရက်ဗာ (Yever) က ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ် ကော်ပိုရိတ်လုပ်ငန်း စီမံခန့်ခွဲမှုအစီရင်ခံစာအရ Tun Commercial Bank သည် ဘဏ်များစာရင်းတွင် အောက်ဆုံး ခြောက်ခုအနက် တခုဖြစ်နေသည်။ ဘဏ်ပေါင်း ၂၉ ခုတွင် အဆင့် ၂၃ သို့ ရောက်နေသည်။ ပုံမှန်အားဖြင့် ပုဂ္ဂလိကဘဏ်များသည် နိုင်ငံပိုင်ဘဏ်များနှင့်ယှဉ်လျှင် ထိပ်ဆုံးဘဏ် ၁၀ ခုစာရင်းတွင် ပါဝင်လေ့ရှိသည်။

သူ၏သတင်းစာအတွက် ခက်ခဲသောကာလများ

အာဏာသိမ်းပြီးကာလတွင် ဦးသိန်းထွန်းသည် ၂၀၁၄ ခုနှစ်က သူဝယ်ယူခဲ့သော မြန်မာတိုင်းမ်နှင့် ပတ်သက်သည့် အငြင်းပွားမှုများအတွက် ကျော်ကြားသည်။

တချိန်က သြဇာကြီးမားသည့် မူလလက်ဟောင်း သူဌေးကြီးဖြစ်သော ဦးသိန်းထွန်း၏ အငြင်းပွားဖွယ် ဂုဏ်သတင်းနှင့် ဘဏ္ဍာရေးရာများကို ခေတ်သစ်သူဌေးများက မကြာသေးမီ နှစ်များအတွင်း အမီလိုက်လာသည်။

ပထမတွင် ဦးသိန်းထွန်းသည် Myanmar Consolidated Media မှ ရှယ်ယာများကို ဒေါက်တာ တင်ထွန်းဦး ထံမှ ၂၀၁၄ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး နောက်တနှစ် ကြာသောအခါ ကျန်ရှယ်ယာများကို သြစတြေးလျ ထုတ်ဝေသူ မစ္စတာ ရော့စ် ဒန်ကလေထံမှ ဝယ်ယူပြီး တဦးတည်းသော ပိုင်ရှင်ဖြစ်လာသည်။

၂၀၂၁ ခုနှစ်တွင် ဝန်ထမ်းများက ဆန့်ကျင်သည့်အနေဖြင့် အစုလိုက်အပြုံလိုက် နုတ်ထွက်ပြီး စာဖတ်သူများက ဝေဖန်ရှုတ်ချသောအခါ ထိုသတင်းစာလုပ်ငန်းများကို ဆိုင်းငံ့ထားလိုက်ရသည်။

ဝန်ထမ်းအများအပြား၏ အဆိုအရ ထိုသတင်းစာ၏ အယ်ဒီတာ့အာဘော်သည် စစ်အုပ်စု၏ အာဘော်နောက်လိုက်ရန် ဦသိန်းထွန်း၏ စီမံခန့်ခွဲမှုက တောင်းဆိုကြောင်း သိရသည်။ ထိုအချိန်သည် ပုဂ္ဂလိက သတင်းဌာန အများစုက စစ်အုပ်စု၏ အာဘော်ကို အာခံပြီး အယ်ဒီတာ့အာဘော် လွတ်လပ်ခွင့်အတွက် ညီညွတ်စွာ ရပ်တည်သော အချိန်ဖြစ်သည်။

“သတင်းစာရဲ့ နေ့စဉ်လုပ်ငန်းလည်ပတ်မှုမှာ ပိုင်ရှင်က တိုက်ရိုက် ပါဝင်ပတ်သက်တာမျိုး မရှိပေမယ့် နောက်ဆုံး အယ်ဒီတာချုပ်က သူ့ရဲ့ပြောခွင့်ရသူအဖြစ် ထိထိရောက်ရောက် ဆောင်ရွက်တယ်” ဟု အမည်မဖော်လိုသော သတင်းထောက်တဦးက ပြောသည်။

“အဲဒီအမျိုးသမီး (အယ်ဒီတာချုပ်) က သတင်းတွေကို သူ့သဘောနဲ့သူ တည်းဖြတ်တယ်။ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို ပိတ်ပင်ပြီး စစ်အုပ်စုကို၊ ကြော်ငြာထည့်တဲ့ လုပ်ငန်းတွေကို၊ တခြားအထိမခံတဲ့ အဖွဲ့အစည်းတွေကို ဗြောင်ကျကျဝေဖန်တယ်လို့ အထင်ခံရမယ့် သတင်းဖော်ပြမှုမျိုးကို ဖိနှိပ်ပြင်ဆင်တယ်” ဟု သူကပြောသည်။

တင်းမာပြီး ရန်လိုသော စစ်အုပ်စုနှင့် ဗိုလ်ချုပ်များကို လိုလားသည်ဟု မြင်သော ကုမ္ပဏီများ၊ သပိတ်မှောက်သည့် အင်အားကြီးမားလှသော ဖောက်သည်များအကြား ညပ်ပြီး ထိုသတင်းစာသည် စစ်အာဏာသိမ်းမှုကြောင့် ကျဆုံးသွားသည့် ပထမဆုံး လုပ်ငန်းများအနက် တခုဖြစ်သွားသည်။

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့တွင် မွေးဖွားသော ဦးသိန်းထွန်းသည် ၁၉၄၈ ခုနှစ်တွင် ကိုလိုနီအုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက် ဗမာစီးပွားရေး လုပ်ငန်းရှင်များ၏ ပထမမျိုးဆက်တွင် ပါဝင်ပြီး လစ်ဟာသွားသည့် ဘဏ်လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက်နေရာယူသော်လည်း နိုင်ငံတကာ လုပ်ငန်းများနှင့်လည်း တိုးချဲ့လုပ်ကိုင်သည်။

သူ၏ မြန်မာဂိုးလ်ဒင်းစတား (MGS) ကုမ္ပဏီသည် ၁၉၉၀ ပြည့်နှစ်တွင် အမေရိကန် Pepsi နှင့် ပူးတွဲလုပ်ကိုင်သောကြောင့် ဦးသိန်းထွန်းကို မြန်မာစီးပွားရေးလောကတွင် “ပက်ဆီသိန်းထွန်း” ဟု ခေါ်ကြသည်။

သူသည် ဆင်းရဲနွမ်းပါးသော မိသားစုများမှ ကလေးများကို ပညာသင်ဆုများပေးပြီး ပန်းချီနှင့် စာပေဆုများပေးသည့် ပရဟိတလုပ်ငန်း တခုကိုလည်း ထွန်းဖောင်ဒေးရှင်း အမည်ဖြင့် ထူထောင်ခဲ့သည်။

စစ်အုပ်စုနှင့် နီးကပ်သော ဆက်ဆံရေး

သူ့ကိုယ်သူ ခရိုနီမဟုတ်ဟု ဦးသိန်းထွန်းက ပြောသော်လည်း ထိုအချက်ကို သုတေသီများနှင့် စီးပွားရေးသမားက သံသယရှိကြသည်။ ဝါရင့် မြန်မာနိုင်ငံရေးသမားများ၏ အဆိုအရ သူသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဟု ၎င်းတို့ကိုယ် ၎င်းတို့ အမည်ပေးထားသည့်အဖွဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အုပ်စုမှ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်နှင့် ရင်းနှီးသူဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သမ္မတ ဦးသိန်းစိန်၏ သမ္မတရုံးဝန်ကြီးတာဝန် ယူခဲ့သူ ရေတပ်အကြီးအကဲဟောင်း ဦးစိုးသိန်း၏ စာအုပ်တအုပ်ကိုလည်း ထွန်းဖောင်ဒေးရှင်းက ထုတ်ဝေခဲ့သည်။

ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတ ဦးသိန်းစိန် အမည်ရှိ ထိုစာအုပ်သည် သမ္မတဟောင်းကို ချီးကျူးသော စာအုပ်ဖြစ်သည်။ ဦးစိုးသိန်းသည် စစ်အာဏာသိမ်းခြင်းကို ထောက်ခံပြီး လိုအပ်ကြောင်း ရေးသည့် စာအုပ်တအုပ်ကိုလည်း လွန်ခဲ့သောနှစ်က ထုတ်ဝေခဲ့သည်။

တခါက ထွန်း ဖောင်ဒေးရှင်ဘဏ်ဟုခေါ်သည့် Tun Commercial Bank သည် ရပ်တည်နေသည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်သော်လည်း တနိုင်ငံလုံးတွင် ဘဏ်ခွဲ ၂၅ ခုသာရှိပြီး နောက်ပေါ် ဘဏ်သစ်များထက် ပိုမိုသေးငယ်သည်။

ဦးသိန်းထွန်းတွင် သားနှစ်ဦးဖြစ်သည့် ဦးသန့်ဇင်ထွန်းနှင့် ဦးဦးထွန်း၊ သမီးတဦးဖြစ်သည့် ဒေါ်မာမာထွန်းတို့ ရှိကြောင်း သိရသည်။ ဦးသန့်ဇင်ထွန်းသည် MGS ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး ဦးဦးထွန်းသည် စင်ကာပူမှ ကုန်သွယ်ရေး လုပ်ငန်းခွဲတခုကို စီမံသူဖြစ်သည်။

ဒေါ်မာမာထွန်းသည် ခင်ပွန်း ဦးအောင်မိုးကျော်၏ ကျော်ကြားသော ပြည်တွင်း ဝီစကီလုပ်ငန်း IBTC Group တွင် လုပ်ကိုင်သည်။ ဦးသိန်းထွန်း၏ သားနှစ်ဦးနှင့် မြေး သုံးဦးတို့သည် အနောက်နိုင်ငံများတွင် ပညာသင်ကြားခဲ့သူများ ဖြစ်သည်။

အသက် ၂၀ ကျော်များဖြစ်သော ထိုမြေးများသည် မိသားစု စီးပွားရေးလုပ်ငန်းများတွင် အငယ်တန်း အမှုဆောင်များအဖြစ် လုပ်ကိုင်ကြသည်။ အဲလိဇဘတ်ထွန်းက ဘဏ်တွင်လုပ်သည်။ ဒန်နီယယ်ထွန်းက Carlsberg Myanmar တွင်လုပ်ပြီး ဖီယိုနာထွန်းက မြန်မာတိုင်းမ်တွင် လုပ်သည်။ ၎င်းတို့သည် ရန်ကုန်တွင် Hard Rock café ကို ထူထောင်ခဲ့သော်လည်း ထိုလုပ်ငန်းသည် မအောင်မြင်ဘဲ ၂၀၁၉ တွင် ရုတ်သိမ်းလိုက်ရသည်။

လက်ဖြစ် စီးပွားရေးသမား

၎င်းတို့၏အဘိုး ဦးသိန်းထွန်းသည် စီးပွားရေးနှင့် ဘဏ္ဍာရေး အသေးစိတ်များတွင် လက်ဖြစ် လုပ်သူဖြစ်ကြောင်း ဦးသိန်းထွန်း၏ ကလေးများက Forbes မဂ္ဂဇင်းသို့ ၂၀၁၈ ခုနှစ်တွင် ပြောသည်။ ယင်းကြောင့် သူသည် မစ္စတာ ဆာ့ဂျ်ပန်း ဦးဆောင်သော Serge Pun & Associate နှင့် ဦးအိုက်ထွန်း ဦးဆောင်သည့် ရွှေတောင်အုပ်စုတို့လို နောက်မျိုးဆက်သို့ ဦးဆောင်မှု ပေးလိုက်ရသော အခြားလုပ်ငန်းရှင်ကြီးများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ဦးသိန်းထွန်းသည် ချမ်းသာကြွယ်ဝလာသော်လည်း သူ၏စီးပွားရေး ကြီးထွားလာအောင် မလုပ်တတ်သည့် “မူလလက်ဟောင်း ခရိုနီ” ဖြစ်ကြောင်း သူနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံခဲ့သည့် ရန်ကုန်မှ လုပ်ငန်းအမှုဆောင် တဦးက ပြောသည်။

“သူ့ကြောင့် ကုမ္ပဏီတွေ တန်ဖိုးတက်လာတာ မတွေ့ခဲ့ဘူး။ သူက ပိုင်ဆိုင်မှုတွေ စုပုံရှိပေမယ့် အဲဒါတွေ တိုးတက်လာအောင် သိပ်မလုပ်ဘူး။ သူက ၁၉၉၀ ပြည့်နှစ်တွေက ပုံစံအတိုင်းပဲ ဖြစ်နေတယ်။ ဦးသိန်းထွန်းက ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တွေမှာ ပထမတန်းခရိုနီ ဖြစ်တယ်။ ၂၀၁၀ ပြည့်နှစ်တွေကို ရောက်တဲ့အခါကျတော့ သူက ဒုတိယတန်းကို ကျဆင်းသွားတယ်” ဟု ထိုအမှုဆောင်က Asia Times သို့ ပြောသည်။

ဦးသိန်းထွန်း၏ အကျော်ကြားဆုံး အောင်မြင်မှုမှာ Pepsi ကို မြန်မာဈေးကွက်အတွင်း ဆောင်ယူခဲ့ခြင်းပင် ဖြစ်သည်။ အမေရိကန် အဖျော်ယမကာ လုပ်ငန်းကြီးဖြစ်သော PepsiCo သည် MGS နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး MGS က လုပ်ငန်း၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ ၎င်းတို့သည် Pepsi Cola, 7 Up နှင့် Miranda အချိုရည်များ အပါအဝင် Pepsi အမှတ်တံဆိပ် အချိုရည်များကို ပုလင်းသွင်း ဖြန့်ချိရန် လိုင်စင်သက်တမ်း ၁၀ နှစ်ရှိသည့် စက်ရုံတခု ထူထောင်ကြသည်။

အမေရိကန်အစိုးရက မြန်မာစစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်သောအခါ ၁၉၉၇ ခုနှစ်တွင် PepsiCo သည် ၎င်း၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို MGS သို့ရောင်းပြီး နိုင်ငံမှထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

Pepsi ထွက်ခွာသွားခြင်းကြောင့် ထိုလုပ်ငန်းနှင့် ဒေါ်လာ ၁၅ သန်း ဦးသိန်းထွန်းအတွက် ကျန်ခဲ့ပြီး သူ၏ကိုယ်ပိုင် အချိုရည်အမှတ်တံဆိပ်များဖြစ်သည့် Star Cola, Quench နှင့် Crusher တို့ကို ဆက်လက် ထုတ်လုပ်သည်။ ထိုအချိုရည်များသည် ပြည်ပမှ တင်သွင်းရသည့် နိုင်ငံတကာ အချိုရည်များကို မတတ်နိုင်သော ပုံမှန် မြန်မာစားသုံးသူများ ဝယ်ယူသောက်သုံးရန် တတ်နိုင်သော အချိုရည်များဖြစ်သည်။

“သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေက တီထွင်ဆန်းသစ်မှု မရှိဘူး။ လူ့အဖွဲ့အစည်းမှာဖြစ်နေတဲ့ အပြောင်းအလဲတွေကိုလည်း မသိဘူး။ ၁၉၉၀ ပြည့်နှစ်တွေက ပုံစံကနေ ရုန်းမထွက်နိုင်ဘူး။ မြေတွေ စုဆောင်းထားပြီး ဝယ်ယူသူတွေကို တွန်းအားပေးဖို့ပဲ ကြည့်နေတာ။ ဘဏ်လုပ်ငန်းမှာ သူ တခြားဟာတွေလည်း လုပ်လို့ရတယ်၊ တခြားအချိုရည် ဒါမှမဟုတ် အရောင်းသွက် လူသုံးကုန်လုပ်ငန်း စတာတွေကို ဝယ်လို့ရတယ်ဆိုတာ သူသဘောမပေါက်ဘူး” ဟု ရန်ကုန်မှ အထက်ပါ လုပ်ငန်းအမှုဆောင်က ပြောပြီး Pepsi အောင်မြင်မှု နောက်ပိုင်းတွင် သူ၏အခြားစီးပွားရေး လုပ်ငန်းများသည် မြန်မာနိုင်ငံပြောင်းလဲမှုနှင့် အမီ မလိုက်နိုင်တော့ကြောင်း ထောက်ပြသည်။

Pepsi ၏ ငွေများကို ရရှိခြင်း

၂၀၁၄ ခုနှစ်သို့ ရောက်သောအခါ ဦးသိန်းထွန်းသည် MGS ၏ ၇၀ ရာခိုင်နှုန်းကို တောင်ကိုရီးယားမှ Lotte Chilsung Beverage သို့ရောင်းချပြီး Lotte-MGS Beverages ဖက်စပ်လုပ်ငန်း ထူထောင်သည်။ ထိုလုပ်ငန်းသည် ၁၉၉၇ ခုနှစ်က ထုတ်လုပ်မှု ရပ်သွားသည့် Pepsi ကို ပုလင်းသွင်းရောင်းချသည်။

Pepsi သည် ၂၀၁၂ ခုနှစ်တွင် မြန်မာသို့ ပြန်လည် ဝင်ရောက်လာပြီး မန္တလေးအခြေစိုက် မြန်မာ-တရုတ် လုပ်ငန်းစုဖြစ်သော Capital Diamond Star Group နှင့်ပူးပေါင်းကာ Pepsi ကို တင်းသွင်းခွင့် သီးသန့်အခွင့်အရေးကို ထိုလုပ်ငန်းအား ပေးအပ်ခဲ့သည်။

Pepsi သည် ၁၉၉၇ ခုနှစ်တွင် မြန်မာမှ ထွက်ခွာစဉ်က ပြည်တွင်း အရောင်းဆိုင်များအတွက် ဦးသိန်းထွန်းကို ဒေါ်လာသန်းပေါင်းများစွာ ပေးခဲ့ရသောကြောင့် ပြန်လည် ဝင်ရောက်လာသောအခါ ဦးသိန်းထွန်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိတော့ပေ။ သို့သော် ဦးသိန်းထွန်းသည် ထိုငွေကိုယူထားပြီး ဆင်းရဲသော အရောင်းဆိုင်များသို့ ပေးခြင်းမရှိသောကြောင့် Pepsi ဘက်က ဒေါသထွက်ခဲ့ကြောင်း သြဇာကြီးမားသော မြန်မာ စီးပွားရေးသမားတဦးက ပြောသည်။

ဦးသိန်းထွန်း၏ အခြားအဓိက ရင်းနှီးမြှုပ်နှံမှုတခုမှာ MGS သည် ဒိန်းမတ် အဖျော်ယမကာ လုပ်ငန်း Carlsberg နှင့် ၂၀၁၃ ခုနှစ်တွင် ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပြီး Carlsberg က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

“သူကသတင်းခန်းမှာ ရင်းနှီးမြှုပ်နှံခြင်း မရှိသလို သူ့လူတွေကလည်း သတင်းခန်ကို ကောင်းကောင်း စီမံနိုင်ခြင်း မရှိဘူး။ သူက သတင်းစာကို အခြားစီးပွားရေးတွေ လုပ်တဲ့ပုံအတိုင်း လုပ်ချင်နေတာ”

“MGS ကို ကျနော်တို့ အရင်ကတည်းက သိပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိတယ်” ဟု ထိုစဉ်က Carlsberg အမှုဆောင်အရာရှိချုပ် မစ္စတာ ဂျော်ဂျန် ဘားလ် ရက်မတ်ဆန်က ၎င်းတို့ ပူးပေါင်းဆောင်ရွက်မှု စတင်သည့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်တွင် ပြောသည်။

မစ္စတာ ရက်မတ်ဆန်၏ အကောင်းမြင်မှုသည် မှန်ကန်မှု မရှိကြောင်း တွေ့လာရသည်။ ထိုဖက်စပ်လုပ်ငန်းတွင် Carlsberg အုပ်စုနှင့် ဦးသိန်းထွန်းကို သစ္စာခံသူများအကြား အားပြိုင်မှုကြောင့် ထိခိုက်ရကြောင်း မြန်မာစီးပွားရေးလောကတွင် လူသိများသည်။ နှစ်ဘက် အဆင်မပြေကြကြောင်း သတင်းရင်းမြစ် အများအပြားက ပြောသည်။

ဦးသိန်းထွန်း၏မြေး ဒန်နီယယ်ထွန်းသည် ကြီးမားသော မှားယွင်းမှုများ အကြိမ်ကြိမ် လုပ်သောကြောင့် ၂၀၂၀ ပြည့်နှစ်တွင် Carlsberg Myanmar ၏ ဒုတိယ မန်နေဂျင်း ဒါရိုက်တာအဖြစ်မှ ဖယ်ရှားလိုက်ကြောင်း ထိုကိစ္စကို သိရှိသည့် လုပ်ငန်းရင်းမြစ် အများအပြားထံမှ သိရသည်။ ယခု ဆောင်းပါးကို ရေးသားချိန်တွင် Carlsberg ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

ဦးသိန်းထွန်းသည် ဟိုတယ်များ၊ အိမ်ခြံမြေများ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ဘဏ်လုပ်ငန်းများတွင် စီးပွားရေး အကျိုးစီးပွားများ ရှိသည်။ ထိုသို့သော လုပ်ငန်းများရှိသော်လည်း ဦးသိန်းထွန်းသည် ပြောင်းလဲနေသော ခေတ်နှင့်အမီ မလိုက်နိုင်သောကြောင့် သူ၏လုပ်ငန်းများသည် ပြိုင်ဘက် လုပ်ငန်းများလောက် လူသိများခြင်း မရှိပေ။

ဦးသိန်းထွန်းက ကုမ္ပဏီများကို စီမံသည့် ပုံစံသည် လွန်စွာ ခေတ်ဟောင်းဆန်သည်ဆိုသည့် အမြင်ကို လုပ်ငန်းအတွင်းလူများ မြင်ကြသည်။

Tun Commercial Bank သည် ဖောက်သည် ၄၀,၀၀၀ ကို ဝန်ဆောင်မှု ပေးနေသော်လည်း ရိုးမဘဏ်ကဲ့သို့သော အခြားပြိုင်ဘက်များနှင့် ယှဉ်ပါက လွန်စွာသေးငယ်နေသည်။ ရိုးမဘဏ်သည် ဖောက်သည်ပေါင်း ၆၉၀,၀၀၀ ရှိပြီး Tun Commercial Bank ထက် ၁၇ ဆ ပိုမိုများပြားသည်။

သတင်းခန်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် သတင်းသမား မည်သည့်အတွက် အရေးပါသည်ဆိုသည်နှင့် သတင်းစာ၏ စီးပွားရေးလုပ်ငန်းကို ဦးသိန်းထွန်း နားမလည်ကြောင်း မြန်မာတိုင်းမ်မှ ဝါရင့်မြန်မာအယ်ဒီတာဟောင်း တဦးကပြောသည်။

“သူကသတင်းခန်းမှာ ရင်းနှီးမြှုပ်နှံခြင်း မရှိသလို သူ့လူတွေကလည်း သတင်းခန်းကို ကောင်းကောင်း စီမံနိုင်ခြင်း မရှိဘူး။ သူက သတင်းစာကို အခြားစီးပွားရေးတွေ လုပ်တဲ့ပုံအတိုင်း လုပ်ချင်နေတာ” ဟု အထက်ပါ မြန်မာပိုင်း အယ်ဒီတာက ပြောသည်။

“မြန်မာဟာ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေလို့ ခရိုနီဟောင်းတွေက သူတို့ပထမဆုံး ချမ်းသာလာပြီးနောက်ပိုင်း ကမ္ဘာကြီးက နေ့တိုင်း ပြောင်းလဲနေတယ်ဆိုတာ သဘောမပေါက်ကြဘူး။ သူတို့က ပိုင်ဆိုင်မှုနဲ့ ငွေအကြောင်းပဲ သိတယ်” ဟုလည်း သူက ရှင်းပြသည်။

“မြန်မာအကျပ်အတည်းအတွင်း မြန်မာမီဒီယာအကျိုးဆောင်တွေဟာ ကျင့်ဝတ်နဲ့ သတင်းလွတ်လပ်ခွင့်ကို ဦးစားပေးပြီး သတင်းသမားတွေ လုံခြုံရေးကို ကာကွယ်ပေးရမယ်။ မြန်မာမှာ လွတ်လပ်ပြီး ပညာရှင် ပီသတဲ့ သတင်းသမားတွေကို အရင်ကထက် ပိုမိုလိုအပ်နေတယ်” ဟု တက်ကြွလှုပ်ရှားသူ မသင်ဇာရွှန်းလဲ့ရည်က ပြောသည်။

(Asia Times မှ Dominic Oo ၏ Godfather’ of Myanmar’s crony capitalists dies ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

NLD နဲ့ ဆက်နွယ်ပြီး ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံရတဲ့ ထိပ်သီးလုပ်ငန်းရှင် ဦးချစ်ခိုင်

တယ်လီနောကို စစ်အုပ်စုနှင့်နီးစပ်သည့် ခရိုနီကုမ္ပဏီများ ဝယ်ယူရန် ကြိုးပမ်းနေ

အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း

အာဏာသိမ်းမြန်မာမှ ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ထွက်ခွာရန် မလွယ်

ပြုပြင်ပြောင်းလဲရေး အရေခြုံ ဦးစိုးသိန်း

Loading