ဆောင်းပါး

စစ်အာဏာသိမ်းမှုနှင့် ကြားကာလ တိုင်းရင်းသားအဖွဲ့အစည်းများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ပယ်ဖျက်ခြင်းခံရသော လွှတ်တော်၏ ကိုယ်စားလှယ်များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီတရပ် CRPH ကို ဖွဲ့စည်းခဲ့၏။ ထို့အတူ လူထုလှုပ်ရှားမှု ပေါက်ကွဲပေါ်ထွက်လာပြီး တိုင်းပြည်၏ နိုင်ငံရေးအခြေအနေသည် ပြီးခဲ့သော ဆယ်နှစ်တာကာလနှင့် ကွဲပြားခြားနားသွားသည်။ ပြောင်းလဲသွားသော အခြေအနေနှင့်အညီ လိုအပ်သည့် နိုင်ငံရေးခြေလှမ်းများ လှမ်းနိုင်ရန် ပြည်နယ်များ၊ တိုင်းရင်းသားလူမျိုးများ၏ ကြားကာလအဖွဲ့အစည်းများ ထွက်ပေါ်လာသည်ကိုတွေ့ရ၏။

အင်္ဂလိပ်ဘာသာစကားဖြင့် Interim ဟု ခေါ်ဆိုသော ကြားကာလဆိုသည့် ဝေါဟာရ တိုင်းရင်းသား ပြည်နယ်များ၊ လူမျိုးများအကြားတွင် ပျံ့နှံ့သွားခြင်းသည် နိုင်ငံရေး အဓိပ္ပာယ်လည်းဆောင်သည်။ ၎င်းတို့ဆိုလိုသည့် ကြားကာလဆိုသည်မှာ လက်ရှိအချိန်မှသည် ဖက်ဒရယ်ပြည်ထောင်စုတရပ် ထူထောင်ချိန်အထိ ကာလကိုဆိုလို၏။ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်လာရန် မဝေးတော့ဟု တိုင်းရင်းသား လူမျိုးများ ရှုမြင်ထားကြပြီး ထိုရည်မှန်းချက်အတွက် အားထည့်ရန် ကြားကာလ အဖွဲ့အစည်းများ ဖွဲ့စည်းလာကြခြင်း ဖြစ်၏။

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်လာရန် မဝေးတော့ဟု တိုင်းရင်းသား လူမျိုးများ ရှုမြင်ထားကြပြီး ထိုရည်မှန်းချက်အတွက် အားထည့်ရန် ကြားကာလ အဖွဲ့အစည်းများ ဖွဲ့စည်းလာကြခြင်း ဖြစ်၏။

ကြားကာလအဖွဲ့အစည်းများသည် တိုင်းရင်းသားလူမျိုးများနှင့် ပြည်များအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ စသည့် အသင်းအဖွဲ့အသီးသီးအား နိုင်ငံရေးအရ တစုတစည်းတည်း ဖြစ်အောင် ကြိုးပမ်းခြင်းဖြစ်သကဲ့သို့ တိုင်းရင်းသား လူမျိုးများ စုစည်းပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်မဒီမိုကရေစီ အင်အားစုများနှင့် ပေါင်းစပ်လုပ်ကိုင်ရန် အခင်းအကျင်းတခု ဖန်တီးခြင်း ဖြစ်၏။

၁။ KPICT

ကြားကာလ ကချင်အမျိုးသားနိုင်ငံရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဟု အဓိပ္ပာယ်ရသည့် Kachin Political Interim Coordination Team -KPICT အား ပြည်တွင်းပြည်ပ ကချင်အဖွဲ့အစည်း (၅) ဖွဲ့မှ ကိုယ်စားလှယ်သုံး ဦးစီ ပါဝင်သည့် (၁၅) ဦး ကော်မတီဖြင့် မတ်လ ၉၊ ၁၀၊ ၁၁ ရက်နေ့များတွင် ဆွေးနွေးဖွဲ့စည်းခဲ့၏။ တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း ကေအိုင်အေ၏ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းဖြစ်ပုံရ၏။ KPICT ၏ နိုင်ငံရေးရည်ရွယ်ချက် သုံးရပ်မှာ ပထမအချက်အနေနှင့် လက်ရှိ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းအပေါ် အခြေခံ၍ အချုပ်အခြာအာဏာသည် ပြည်သူထံမှဆင်းသက်သည်ကို ခိုင်မာစေရန်၊ ဒုတိယအချက် စစ်အာဏာရှင်စနစ်အား အပြီးတိုင် တိုက်ဖျက်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန်၊ တတိယအချက်အနေနှင့် နိုင်ငံရေးရည်မှန်းချက်တူညီသော ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဟူ၍ ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့စွဲဖြင့် KPICT ကထုတ်ပြန်ခဲ့သည်။

KPICT က ကချင်ပြည်နယ်ရှိ နိုင်ငံရေးအင်အားစုများနှင့် ချိတ်ဆက်လှုပ်ရှားခဲ့သည့်အပြင်၊ မတ်လအတွင်းမှစ၍ CRPH ပြည်ထောင်စုလွှတ်‌တော် ကိုယ်စားပြုကော်မတီနှင့် ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် KIPCT ကထုတ်ပြန်သည်ကို တွေ့ရ၏။ ထို့အတူ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ဖွဲ့စည်းသည့် NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင်လည်း ပါဝင်ခဲ့သည်။ လက်ရှိ NUCC တွင် KIPCT မှ ကိုယ်စားလည် ၃ ဦးပါဝင်သည်။

CRPH အနေဖြင့် ကချင်ပြည်နယ်အစိုးရဖွဲ့စည်းရာတွင် KPICT အား အဓိက ဦးဆောင်အခန်းမှ ရှိစေလိုကြောင်း အသိပေးခဲ့ပြီး KPICT သည် ကချင်ပြည်နယ်အစိုးရသစ် ဆွေးနွေးပွဲများ စတင်မည်ဟု ဆိုပါသည်။

၂၀၂၁ ခုနှစ် ‌ဧပြီလ ၇ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ KPICT သည် CRPH က ထုတ်ပြန်သော ချာတာဆွေးနွေးပွဲများတွင် ပါဝင်ပြီး အားလုံးသဘောတူညီမှု မရှိသော်လည်း ဖက်ဒရယ်မူဘောင်များကို Bilateral သဘောဖြင့် ဆက်လက်ဆွေးနွေးသွားရန် ရှိသည်ဟု ဆို၏။ အချိန်အကန့်အသတ်တခုပေါ်တွင် ပေါ်ပေါက်လာရသည့် ကြားဖြတ်အစိုးရ (NUG/ NUCC) တို့သည် ဖက်ဒရယ်ပြည်ထောင်စုအဆင့် အစိုးရ သဘောတရားများဖြစ်ပြီး ဖက်ဒရယ်ပြည်နယ်များနှင့် ဆက်နွယ်မှုအပိုင်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် လိုသည်ဟုဆိုသည်။ CRPH အနေဖြင့် ကချင်ပြည်နယ်အစိုးရဖွဲ့စည်းရာတွင် KPICT အား အဓိက ဦးဆောင်အခန်းမှ ရှိစေလိုကြောင်း အသိပေးခဲ့ပြီး KPICT သည် ကချင်ပြည်နယ်အစိုးရသစ် ဆွေးနွေးပွဲများ စတင်မည်ဟု ဆိုပါသည်။

၂၀၂၁ ဧပြီလ ၁၇ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းသောအခါ KPICT မှ အဖွဲ့ဝင် ၄ ဦး အစိုးရအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ KIPCT ဥက္ကဋ္ဌသည် NUG ဒုသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိ ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့၏။ ထို့အပြင် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့ KPICT နှင့် CRPH အကြား နိုင်ငံရေးအရ ပိုမိုညှိနှိုင်းနိုင်ရေးအတွက် ထိရောက်အောင် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့၏။ ယခင် နှုတ်အားဖြင့်သဘောတူညီချက်များအား ဆက်လက်လက်အကောင်အထည် ဖော်ခြင်းဖြစ်ပြီး ဤသဘောတူညီချက်သည် ကြားကာလ ကချင်ဒေသ အစိုးရဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်ရာတွင် နှစ်ဖက် ညှိနှိုင်း‌ဆောင်ရွက်ကြမည့် မူများအဖြစ် နှစ်ဖက် လက်မှတ်ရေးထိုး သဘောတူကြသည်ဟု ဆို၏။ KIPCT ၏ ရည်ရွယ်ချက်မှာ ကချင်ပြည်နယ်အစိုးရသစ်တရပ်‌ ပေါ်ထွန်းရေးကို ရှေ့ရှုသည်ဟု ဆိုရပါမည်။

၂။ ကရင်နီပြည်နယ် – KSCC

ကရင်နီ အတိုင်ပင်ခံကောင်စီအနေဖြင့် မကြာခင် ကရင်နီပြည်နယ်ညီညွတ်‌ရေးအစိုးရ ဖွဲ့စည်းပြီး ကရင်နီ ပြည်နယ်အတွင်းရှိ စစ်အုပ်ချုပ်မှုကို မိမိအုပ်ချုပ်ရေးဖြင့် အစားထိုးရန် ပြင်ဆင်လျှက်ရှိသည်။

ကရင်နီပြည်နယ်တွင် ကြားကာလ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ Karenni State Consultative Council (KSCC)ကို ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ KSCC အား ကရင်နီ ပြည်နယ်အတွင်းရှိ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ အားလုံးစုစည်း၍ ဖွဲ့စည်းခဲ့သည်ဟု ဆိုပါသည်။ ကောင်စီတွင် အစုအဖွဲ့ အသီးသီး၏ ကိုယ်စားလှယ် (၃၇) ဦး ပါဝင်ပြီး အတွင်းရေးမှူး အဖွဲ့ (၇) ဦး ထားရှိသည်။ ကရင်နီ အတိုင်ပင်ခံကောင်စီအနေဖြင့် မကြာခင် ကရင်နီပြည်နယ်ညီညွတ်‌ရေးအစိုးရ ဖွဲ့စည်းပြီး ကရင်နီ ပြည်နယ်အတွင်းရှိ စစ်အုပ်ချုပ်မှုကို မိမိအုပ်ချုပ်ရေးဖြင့် အစားထိုးရန် ပြင်ဆင်လျှက်ရှိသည်။
ထို့ပြင် ကရင်နီပြည်နယ်အတွင်း ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာသုံးရပ်ခွဲဝေရေးအတွက် လမ်းညွှန်မှုများ ချမှတ်သွားမည်ဟုဆိုပါသည်။

KSCC သည် CRPH နှင့် ဆွေးနွေးညှိနိုင်းမှုပြုလုပ်ပြီး NUCC နှင့် NUG တွင် ပါဝင်လျှက်ရှိ၏။ KSCC မှ အဖွဲ့ဝင် ၄ ဦးသည် NUCC တွင်ပါဝင်ပြီး အဖွဲ့ဝင် ၃ ဦးမှာ NUG တွင် ဒုဝန်ကြီးများအဖြစ် တာဝန်ယူလျှက်ရှိသည်။ ကာကွယ်ရေး ဆိုင်ရာအတွက် KSCC ခေါင်းဆောင်မှုအောက်တွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) အား ပြည်နယ်လုံခြုံရေးတပ် အနေဖြင့် စတင်ဖွဲ့စည်းနိုင်ရန် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ/ ကရင်နီ တပ်မတော် (KNPP/KA) တို့အား ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးစား ပြင်ဆင်မှုရှိကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ် မေလလယ်အထိ KNDF တပ်ရင်း ၂၁ ရင်း ဖွဲ့စည်းနိုင်ခဲ့ပြီဟု သိရ၏။

လက်ရှိတွင် KSCC သည် ကရင်နီ ပြည်သူ့ရဲတပ်ဖွဲ့ (KSP- Karenni State Police) ကို CDM ရဲ အင်အား ၂၅၀ အား အခြေပြု ဖွဲ့စည်းပြီး ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကော်မတီ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကော်မတီ၊ ပညာရေးကော်မတီ၊ ကျန်းမာရေးကော်မတီနှင့် နိုင်ငံရေး အထောက်အကူပြု ကော်မတီများကို ဖွဲ့စည်းပြီး ဖြစ်ကြောင်းသိရ၏။

၃။ ချင်းပြည်နယ် – ICNCC

ချင်းပြည်နယ်တွင် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နိုင်ရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ Interim Chin National Consultative Council (ICNCC) ကို ၂၀၂၁ ခုနှစ် ဧပြီ (၁၃) ရက်နေ့က ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ချင်းအမျိုးသားတပ်ဦး – CNF (ချင်းလက်နက်ကိုင်အဖွဲ့အစည်း)၊ ချင်းလွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ (CNLD-LA ပါတီနှင့် NLD) များနှင့် အရေးတော်ပုံတွင် ပါဝင်သော ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်း (CDM, Youth, Women) များ စသည့် အစုအဖွဲ့များတို့က အချိုးတူ ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။

ICNCC သည် ကြားကာလ ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းရေးနှင့် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမည်၊ NUCC နှင့် NUG သို့ ကိုယ်စားလှယ်များ စေလွှတ်သွားပြီး ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့်တန်းတူရည်တူ ပူးပေါင်းသွားမည်။

ICNCC ၏ ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်နှင့် ချင်းလူမျိုးတို့၏ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများလုပ်ဆောင်ရန် ICNCC အား ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ICNCC သည် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ချင်းပြည်နယ်နှင့် တန်းတူမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆိုသည်။ ICNCC သည် ကြားကာလ ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းရေးနှင့် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမည်၊ NUCC နှင့် NUG သို့ ကိုယ်စားလှယ်များ စေလွှတ်သွားပြီး ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့်တန်းတူရည်တူ ပူးပေါင်းသွားမည်၊ ICNCC သည် ပါဝင်သင့်ပါဝင်ထိုက်သည့် ချင်းအဖွဲ့အစည်းများ ဆက်လက်ပါဝင်အောင် ဆောင်ရွက်သွားမည်၊ ပင်လုံ သဘောတူညီချက်များနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုပါသည်။

ICNCC တွင် အစုအဖွဲ့တခုစီမှ ကိုယ်စားလှယ် ၁၈ ဦးစီ ပါဝင်ပြီး ချင်းပြည်နယ်ပြင်ပနှင့် နိုင်ငံတကာရှိ ချင်းခေါင်းဆောင်များလည်း ပါဝင်မည်ဟု သိရှိရသည်။ ကောင်စီတွင် Humanitarian Assistance Coordination Committee နှင့် Covid-19 Response Coordination Committee တို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ နောက်ပိုင်းတွင် တခြားကော်မတီနှင့် အဖွဲ့များကို လိုအပ်သလို တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်မည်ဟု သိရသည်။

၄။ TPCC

တအာင်း နိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (Ta’ang Political Consultative Committee – TPCC ) ကို ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် TPCC ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ထိုကြေညာချက်တွင် CRPH က ဖွဲ့စည်းသော NUG အား ထောက်ခံကြောင်း ကြေညာပြီး CRPH၊ NUCC တို့နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာခဲ့၏။ TPCC အား ၂၀၂၁ ဧပြီလ ၂၁ ရက်တွင် အမြဲတမ်းကော်မတီဝင် ၁၁ ဦး၊ အရံကော်မတီဝင် ၆ ဦး၊ စုစုပေါင်း ၁၇ ဦးနှင့်ဖွဲ့စည်းခဲ့ပြီး အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးနှင့် ရုံးအဖွဲ့ကို ဖွဲ့စည်းထားခဲ့၏။ တအာင်း နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်ဟု ဆို၏။

TPCC ၏ လက်တွေ့လုပ်ငန်းစဉ်မှာ ကြားကာလ တအာင်းဒေသ အုပ်ချုပ်ရေးလုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်ခြင်း၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ စည်းရုံးလှုံ့ဆော်ရေးတို့ ဆောင်ရွက်ခြင်းဖြစ်၏။

TPCC ၏ ရည်ရွယ်ချက်များမှာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ အဖိနှိပ်ခံ ပြည်သူများ လွတ်မြောက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ တအာင်းပြည်နယ် တည်ဆောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟူ၍ အချက်ငါးချက်ပါဝင်သည်။ TPCC ၏ လက်တွေ့လုပ်ငန်းစဉ်မှာ ကြားကာလ တအာင်းဒေသ အုပ်ချုပ်ရေးလုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်ခြင်း၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ စည်းရုံးလှုံ့ဆော်ရေးတို့ ဆောင်ရွက်ခြင်းဖြစ်၏။

လက်တွေ့တွင် TPCC သည် CRPH နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး NUCC တွင် TPCC မှ ကိုယ်စားလှယ် ၃ ဦး၊ NUG တွင် ၁ ဦး ပါဝင်ဆောင်ရွက်လျှက်ရှိသည်။ ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်တွင် TPCC အား အမြဲတမ်း ကော်မတီဝင် ၁၅ ဦး၊ အရံ ၆ ဦး၊ ပေါင်း ၂၁ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်ကို တွေ့ရ၏။

၅။ MSICC

မွန်ပြည်နယ် ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Mon State Interim Coordination Committee -MSICC) ကို မွန်အမျိုးသားကွန်ရက် (Mon National Network)၊ အာဏာရှင်မှန်သမျှ တော်လှန်သော မွန်လူငယ်အင်အားစု (Mon Against Dictatorship) နှင့် ရာမည ဖက်ဒရယ် ဒီမိုကရက်တစ်ကော်မတီ (Rahmonya Federal Democratic Committee) စသည့် အင်အားစု ၄ စု စုဖွဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့၏။ MSICC သည် မွန်ပြည်နယ်တွင် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ စနစ်အတွက် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ တွင် နိုင်ငံရေးပါတီ၊ ရွေးကောက်ခံ အမတ်များ၊ တိုင်းရင်းသား CSO များနှင့် အမျိုးသမီးနှင့်လူငယ် အဖွဲ့အစည်းများ အကြား ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဖြစ်ကြောင်း သိရှိရ၏။

MSICC ၏ ရည်ရွယ်ချက်မှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု စေလွှတ်ရေး၊ CRPH၊ NUCC၊ NUG တို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး MSICC မှ ကိုယ်စားလှယ်စေလွှတ်ရေး၊ စစ်တပ်အာဏာ သိမ်းပြီးနောက် ပြောင်းလဲလာသော အခြေအနေတွင် မွန်နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဖြစ်သည်ဟု ဆို၏။

MSICC တွင် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် မြေပေါ်ပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီ (MUP) တို့ ပါဝင်ခြင်းမရှိဟု သိရပြီး MUP နှင့် စစ်ကောင်စီပေါင်းသည်ကို လက်မခံသည့် နိုင်ငံရေးအင်အားစုများ စုဖွဲ့ထားသည်

NUG အစိုးရအဖွဲ့တွင်လည်း MSICC ကိုယ်စားပြုဖြင့် ၃ ဦး၊ NUCC တွင် ၃ ဦး ပါဝင်ပါသည်။ MSICC တွင် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် မြေပေါ်ပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီ (MUP) တို့ ပါဝင်ခြင်းမရှိဟု သိရပြီး MUP နှင့် စစ်ကောင်စီပေါင်းသည်ကို လက်မခံသည့် နိုင်ငံရေးအင်အားစုများ စုဖွဲ့ထားသည်ဟု ဆိုပါသည်။

၆။ အထွေထွေ

ကရင်ပြည်နယ်တွင် ကြားကာလ အဖွဲ့အစည်းတရပ် ဖွဲ့စည်းထားခြင်းမရှိပါ။ NUCC တွင် KNU နှင့် အရပ်ဖက် အဖွဲ့အစည်းများ တိုက်ရိုက်ပါဝင်သည်ကို တွေ့ရ၏။ ရှမ်းပြည်နယ်တွင် ရှမ်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများ ဖြစ်သည့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Shan State Joint Action Committee – SSJAC) အား ၂၀၀၅ တွင်လည်းကောင်း၊ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) အား ၂၀၁၃ တွင် လည်းကောင်း အသီးသီး ဖွဲ့စည်းထားရှိသော်လည်း လက်ရှိကာလတွင် ၎င်းတို့၏ လှုပ်ရှားမှုအား ထုတ်ဖော် ပြောဆိုခြင်းမရှိပါ။ ထို့အပြင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့၏ လက်နက်ကိုင်ပဋိပက္ခကလည်း ရှမ်းတို့ ညီညွတ်ရေးအတွက် အတားအဆီး ဖြစ်နေပုံရသည်။

ကချင်ပြည်နယ်ရှိ ‌အခြားနိုင်ငံရေးပူးပေါင်းဆောင်ရွက်သည့် အဖွဲ့တခုမှာ Kachin People’s Political Front (KPPF) ဖြစ်၏။ KPPF သည် ကချင်ပါတီ (KNC) နှင့် အဖွဲ့တချို့က သဘာပတိ (၂) ဦး၊ အကြံပေး (၃) ဦးနှင့် အဖွဲ့ဝင် (၂၁) ဦး တို့ဖြင့် ဖွဲစည်းခြင်းဖြစ်ပြီး ဦးဆောင်သူ ဒေါက်တာ အမ်ကောန်လကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရှိရပြီး လက်ရှိလှုပ်ရှားမှု မတွေ့ရပါ။

ထူးခြားချက်တခုမှာ ရှုပ်ထွေးလှသော နိုင်ငံရေး အခြေအနေများကြောင့် ကြားကာလ ကောင်စီ/ ကော်မတီများတွင် ပါဝင်သော အဖွဲ့အစည်းများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုမှု မတွေ့ရသေးပေ။ အချိန်အခါသင့်မှသာ ထုတ်ဖော်မည့် အခြေအနေရှိသည်။

ဤသည်တို့မှာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွင် တွေ့ရသည့် တိုင်းရင်းသားလူမျိုး ပြည်နယ်များရှိ ကြားကာလ နိုင်ငံရေး အခင်းအကျင်းဖြစ်၏။ ထူးခြားချက်တခုမှာ ရှုပ်ထွေးလှသော နိုင်ငံရေး အခြေအနေများကြောင့် ကြားကာလ ကောင်စီ/ ကော်မတီများတွင် ပါဝင်သော အဖွဲ့အစည်းများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုမှု မတွေ့ရသေးပေ။ အချိန်အခါသင့်မှသာ ထုတ်ဖော်မည့် အခြေအနေရှိသည်။ အဆိုပါ ကြားကာလကောင်စီ/ ကော်မတီများသည် ပြည်နယ်အစိုးရ ဖွဲ့စည်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးအတွက် CRPH/ NUCC တို့နှင့် ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရ၏။

ရခိုင်ပြည်နယ်တွင် ကြားကာလအဖွဲ့အစည်း မတွေ့ရပါ။ AA နှင့် CRPH/ NUCC/ NUG ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးမှု ရှိပြီ‌ဖြစ်သော်လည်း ပူးပေါင်းဆောင်ရွက်မှု မရှိသေးပါ။

အဆိုပါ တိုင်းရင်းသားပြည်နယ်များတွင် တွေ့ရှိရသည့် ကြားကာလအဖွဲ့အစည်းများ၏ တူညီသည့် ရည်ရွယ်ချက်တခုမှာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံတရပ် ရေးဆွဲရေးဖြစ်သည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအား ပယ်ချပြီး အခြေခံဥပဒေသစ် တရပ် ရေးဆွဲရေးဖြစ်၏။ ပြည်နယ်အခြေခံဥပဒေ ရေးဆွဲရေး၊ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးဖြစ်၏။ ထိုကြားကာလအဖွဲ့အစည်း များသည် NLD/ CRPH/ NUCC တို့နှင့် ချိတ်ဆက်၍ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ပေါ်ထွန်းရေးအတွက် လုံးပမ်းလာကြသည်ကို ‌တွေ့ရ၏။

ဤသည်တို့မှာ စစ်အစိုးရက ၂၀၀၈ အခြေခံဥပဒေအောက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပေးမည် ဆိုသည်ကို လက်မခံသည့် လမ်းကြောင်းလည်း ဖြစ်သည်။ ထို့အပြင် လက်ရှိ မြန်မာ့နိုင်ငံရေးတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် စစ်တပ်အာဏာသိမ်းပြီး ကာလ တိုင်းရင်းသားလူမျိုး ပြည်နယ်များတွင် တွေ့ရှိရသည့် နိုင်ငံရေးအခင်းအကျင်း ဖြစ်၏။ ဖက်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ထွက်လာရေး အတွက် အရေးပါသော အခင်းအကျင်းလည်း ဖြစ်ပေသည်။

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီ သတိပေးချက် လိုက်နာမည်မဟုတ်ဟု KNU တုန့်ပြန်

ကေအိုင်အေနှင့် နွေဦးတော်လှန်ရေး

ရခိုင်စစ်မျက်နှာ ပြန်ဖွင့်ရန် စစ်ကောင်စီ ပြင်နေဟု AA ပြော

BGF တပ်တွေ လူထုနဲ့ ဘာကြောင့် တွေ့ဆုံနေသလဲ

Loading