“ဒီဈေးနှုန်းတွေက ဦးကြီးတို့လောကမှာ တခါမှ မကြုံဖူးတဲ့ ဈေးနှုန်းတွေပဲ” ဟု ဧရာဝတီတိုင်းမှ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌ ဦးသိန်း အောင်က ဧရာဝတီသို့ ပြောသည်။
ယခု မိုးစပါးပေါ်ချိန်တွင် ပြည်တွင်း၌ အထွက်နှုန်းလျော့ကျသည့် အခြေအနေနှင့် ပြည်ပ ဈေးကွက်များက ဆန်ဝယ်လိုအားမြင့်တက်လာနိုင်သည့် အခြေအနေတို့ကြောင့် အခြေခံစပါးဈေးနှုန်းသည် တင်း ၁၀၀ ကို ကျပ် ၁၀ သိန်းကျော်မှ ၁၃ သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာလျက်ရှိ သည်။
ပုံမှန်ကာလများတွင် အခြေခံစပါးဈေးနှုန်းများသည် တင်း ၁၀၀ ကို ကျပ် ၅ သိန်းဝန်းကျင်သာရှိပြီး တခါတလေတွင် လယ်သမားများ စပါးရိတ်သိမ်းပြီးချိန်၌ ထိုအခြေခံဈေးနှုန်းထက်နည်းသော ဈေးနှုန်း များသာ ပေါက်ဈေးရှိခဲ့သည်။
ပုံမှန်အားဖြင့် စပါးဈေးမြင့်ခြင်းမှာလယ်သမားတို့အတွက် ကောင်းသောအလားအလာဖြစ်သော်လည်း လက်ရှိအချိန်တွင် ယခုလိုစပါးဈေးမြင့်တက်ခြင်းကို ဝမ်းမသာနိုင်ကြပေ။
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ရုန်းကန်နေရသည့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အာဏာသိမ်းမှုကြောင့် ရေနစ်ရာဝါးကူထိုးခံရသလို ရုန်းကန်နေရသည့် အခြေအနေကို ဖြတ်သန်းနေရသည်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာဈေးမြင့်တက်လာသလို ပြည်ပမှတင်သွင်းရသော စိုက်ပျိုးသွင်းအားစုဈေးနှုန်း အဆမတန်ကြီးမြင့်လာမှုကြောင့် မိုးစပါး စိုက်ပျိုးချိန်က လယ်သမား အများစု သည် စပါးအထွက်နှုန်းတိုးမည့် ဓာတ်မြေဩဇာကို အနည်းငယ်သာ သုံးစွဲနိုင်ခဲ့ကြသည်။
ထို့သို့ ဓာတ်မြေသြဇာ၊ မြေဆီ၊ ပိုးသတ်ဆေး၊ အပင်အားဆေး အစရှိသည့် သွင်းအားစုများကို လျော့ချ သုံးစွဲခဲ့ရသဖြင့် ယခု မိုးစပါးရာသီပေါ်ချိန်တွင် အထွက်နှုန်း ကျဆင်းသည့် အခြေအနေများကို လယ် သမားများက ရင်ဆိုင်နေရသည်။
“အခုက ဝယ်လိုအားနဲ့ ထုတ်လုပ်မှုစွမ်းအားက နှစ်တိုင်းထက်စာရင် ၃၀ ရာခိုင်နှုန်းလျော့သွားတာ ဖြစ်တဲ့အတွက် အခုလို ဈေးနှုန်းတွေ ဖြစ်တာပဲ ” ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌ ဦးသိန်း အောင်က ရှင်းပြသည်။
ထို့သို့ အခြေခံစပါးဈေးနှုန်းသည် ဈေးကောင်းရသည့် အခြေအနေရှိသော်လည်း လယ်သမားအများစု သည် အထွက်နှုန်းကျဆင်းခြင်း နှင့် စိုက်ပျိုးရေးစရိတ်များ ပိုကုန်ကျခဲ့သည့်အတွက် စိုက်ဧကလျော့ထားခြင်းတို့ ကြောင့် အကျိုးအမြတ်အပြည့်အဝ ခံစားရမည်မဟုတ်ကြောင်း ၎င်းကပြောသည်။
စစ်တပ်အာဏာ မသိမ်းခင် ကာလတွင် စပါးအထွက်နှုန်း တိုးစေရန်အတွက် အသုံးပြုသော ယူရီးယား (နိုက်ထရိုဂျင် ၄၆ ရာ ခိုင်နှုန်းပါ) မြေဆီတအိတ်လျှင် ကျပ် ၆ သောင်းကျော်ရှိရာမှ ယခု စစ်တပ်အာဏာ သိမ်းပြီး တနှစ်ခွဲကျော်အကြာတွင် တအိတ် ၁၂၀၀၀၀ ကျပ်အထိ မြင့်တက်လာသလို ပေါင်းမြက် သတ်ဆေး (ပင်လုံးဖြတ်) ၁ ဂါလံလျှင် ယခင် ကျပ် ၂၀၀၀၀ ကျော် ရှိရာမှ ယခုအချိန် တွင် ကျပ် ၇၀၀၀၀ ကျော်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။
ထိုအခြေအနေများကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းရှိ လယ်သမား အများစုမှာ အပင်နှင့် ပတ်သက်သည့် နောက်ဆက်တွဲ သွင်းအားစုများကို အသုံးမပြုနိုင်သဖြင့် အထွက်တိုးစပါး (ငစိန်ဆန်) စိုက်သည့် လယ် ၁ ဧက လျှင် ယခင်က စပါး တင်းရေ ၆၀ ထွက်လျှင် ယခုအခါ တင်း၂၀ မှ ၂၅ တင်းခန့်ထိ အထွက်နှုန်းကျ သွားနိုင်ကြောင်း လယ်သမားများက ဆိုကြသည်။
ထိုသို့ မြန်မာနိုင်ငံတွင် ဆန်စပါးအဓိက စိုက်ပျိုးသော ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ၊ ဧရာဝတီ တိုင်းဘက်တွင် သွင်းအားစု ဓာတ်မြေဩဇာ အပြည့်အဝ မသုံးနိုင်၍ စပါးအထွက်နှုန်း လျော့ကျသည့် အခြေအနေရှိသလို အထက်မြန်မာပြည် စစ်ကိုင်းတိုင်း ရွှေဘိုလွင်ပြင်တွင်လည်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များကြား တိုက်ပွဲများ နှင့် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး၊ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုကြောင့် ထိုဒေသရှိ တောင်သူအများစုသည် မိုးစပါး စိုက်ပျိုးနိုင်ခြင်းမရှိကြပေ။
ပဲခူတိုင်းက တောင်သူတဦးက “လယ်သမား တော်တော်များများကလည်း စားဖို့တောင် အနိုင်နိုင် ဆို တော့ တော်တော်များများက စပါးတော့ စိုက်တယ်။ ဒါပေမယ့် သွင်းအားစု မထည့်နိုင်ဘူး။ အထွက်နှုန်းကကျတော့ ဈေးကောင်းရပေမဲ့လည်း အကျိုးအမြတ်ရသင့်သလောက် ဘယ်ရ တော့မလဲ” ဟု ပြောဆိုသည်။
စပါးအထွက်နှုန်းလျော့ကျခြင်း နှင့် စိုက်ပျိုးစရိတ်များမြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း စပါးဈေး တင်း ၁၀၀ လျှင် ၁၀ သိန်းကျော်ပေါက်သော်လည်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးဆောင်သော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး အဖွဲ့ကမူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ကျပ် ၆ သိန်း ၃ သောင်း သတ်မှတ်ထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။
ယခုဘဏ္ဍာနှစ် ၇ လအတွင်းတွင် မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန် ၁ သန်းဝန်းကျင် တင်ပို့ရောင်းချနိုင်ခဲ့ပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အထိရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ထို့အပြင် လတ်တလော ပြည်ပဈေးကွက်အခြေအနေများအရ လစဉ် တန်ချိန် ၂ သိန်းခန့် တင်ပို့ပြီး ယခုနှစ်အတွင်း တန်ချိန် ၂ သန်း တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဆန်ကုန်သည်တဦးက “အခု မိုးစပါးပေါ်ချိန်မှာ အထွက်နှုန်းကျတာရော၊ ပြည်ပဈေးကွက်မှာ ဆန်ဈေး တက်မယ့် အခြေအနေတွေရှိတော့ ဝယ်လိုအားက အရမ်းထိုးသွားတော့ ဈေးက လိုက်တက်လာတာ” ဟု ပြောဆိုသည်။
ထိုသို့ ဈေးကွက်အခြေအနေများရှိသော်လည်း ပြည်ပသို့ ဆန်တင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင် များဘက် တွင်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်က သတ်မှတ်ထားသော ပြင်ပပေါက်ဈေးထက်နည်းသည့် ဒေါ်လာ လဲလှယ် နှုန်းဖြင့် လုပ်ကိုင်နေရပြီး ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်း ကိုသာ ပြင်ပပေါက်ဈေးနှုန်းအတိုင်းရောင်းဝယ်ခွင့်ရှိသည့် အခက်အခဲများ ရှိနေကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ စပါးဈေးအပေါ်ချမှတ်ထားသည့် မူဝါဒများသည် တောင်သူလယ်သမားတို့နှင့် အမှန်တကယ် တင်ပို့နေသော ဆန်ကုန်သည်တွေအတွက် အကြပ်ရိုက်ဖို့သာရှိသော်လည်း အခြားတစ်ဘက်တွေ အကျိုးအမြတ်ရရှိနေသူများရှိနေသည်။
ပြည်ပဆန်တင်ပို့မှု လိုင်စင်ကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်ထားပြီး နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ထားသော G to G ဆန်တင်ပို့မှုများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် လက်အောက်ရှိ ကုမ္ပဏီ ၃၀ မှ ၄၀ အတွင်းသို့သာ ခွဲတမ်းချ တင်ပို့ခွင့်ပြုနေကြောင်း ဆန်ကုန်သည်များက ပြောဆိုကြသည်။
ယင်း ခွဲတမ်းပါမစ်ရရှိမှုမှာ စစ်ကောင်စီအတွက် ပြင်ပပေါက်ဈေးထက် နည်းသော နှုန်းထားဖြင့် အရန်ဆန်ရောင်းချပေးမှု နှင့်လည်း သက်ဆိုင်နေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဆန်ကုန်သည် တဦးက “အရန်ဆန်ကို အရှုံးခံ ရောင်းပေးတဲ့ ကုမ္ပဏီတွေကိုပဲ တင်ပို့ခွင့် အနည်း အများ လိုက်ချပေးတာပေါ့။ အရန်ဆန် သွင်းတာ နည်းရင်နည်းသလို၊ များရင် များသလို ပါမစ်ပေးလိုက်တာ။ နိုင်ငံတော်ကို အရန်ဆန် မရောင်းပေးရင် တင်ပို့ခွင့် ခွဲတမ်း မရဘူး” ဟု ဧရာဝတီကို ပြောဆိုသည်။
ပြည်ပသို့ ဆန်တင်ပို့ရာတွင် G to G ပါမစ်ဖြင့် တင်ပို့ပါက ဈေးနှုန်းပိုရသလို အခွန်ကင်းလွတ်ခွင့်ကဲ့သို့သော အခွင့်အရေးများလည်း ရသောကြောင့် ပါမစ်ရသူအများစုက ပါမစ်ပြန်လည်ရောင်းစားမှုများရှိကြောင်း ဆန်ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။
ယခင် အရပ်သားအစိုးရဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီမှုနှင့် တင်ပို့ခွင့် ဆန်လိုင်စင်များကို ချပေးရာတွင် ယခုကဲ့သို့ အရန်ဆန် ရောင်းချပေးခြင်း ရှိမရှိအပေါ် မူတည်ခြင်း မရှိဘဲ အမှန်တကယ် တင်ပို့နိုင်ခြင်း ရှိ/မရှိနှင့် ယခင်က တင်ပို့ခဲ့ပြီးသော ပမာဏအပေါ် ထောက်ချင့်ကာ တင်ပို့ခွင့် လိုင်စင်ချထားပေးခြင်း၊ ပါမစ် ပြန်ရောင်းစားခြင်းမျိုး မဖြစ်စေရန် စိစစ်ချပေးခြင်း ဖြစ်သလို ကုမ္ပဏီတခုတည်းအား တန်ချိန် ပမာဏ အများအပြား ချပေးခြင်းမျိုးလည်း မရှိပေ။
လက်ရှိတွင် စစ်ကောင်စီထံမှ ပြည်ပ ဆန်တင်ပို့ခွင့်ရရှိသူအများစုမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထိပ်ပိုင်းတာဝန်သူများပင် ဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောဆိုကြသည်။
ဧရာဝတီသတင်းဌာနက ရရှိထားသော စာရင်းအရကြည့်ပါကလည်း အာဏာသိမ်းမြန်မာ စစ်တပ်အတွက် ဆန်စပါးရိက္ခာဝယ်ယူရောင်းချပေးသည့် ကုမ္ပဏီတချို့မှာ မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်တာဝန်ရှိသူများ၏ ကုမ္ပဏီများ နှင့် စစ်ကောင်စီနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ၏ ကုမ္ပဏီများပင် ဖြစ်သည်။
ထို့ကုမ္ပဏီတချို့မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင် ပိုင်ဆိုင်သော ရွှေဝါရောင်ကုမ္ပဏီ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင် ဦးဆောင် လုပ်ကိုင်နေသာ MAPCO အများပိုင်ကုမ္ပဏီလီမီတက်၊ ဦးဇော်ဝင်းရှိန်ပိုင်ဆိုင်သော ဧရာဟင်္သာ ကုမ္ပဏီ၊ စက်သုံးဆီ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်၏ သားဖြစ်သူ ဦးဆောင်လုပ်ကိုင်နေသော မြမေတ္တာမွန် ကုမ္ပဏီ၊ ဒေါက်တာစိုးထွန်းပိုင်ဆိုင်သော Wakhema Trading ၊ မန္တလေးနှင့် မူဆယ် အခြေစိုက် ဆန်ကုန်သည်များ ပိုင်သည့် Shan State Northern အများပိုင်ကုမ္ပဏီ နှင့် ဆန်စပါး အသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်များ ပိုင်ဆိုင်သည့်ကုမ္ပဏီများက အများဆုံး ဝယ်ယူပေးနေ ခြင်းဖြစ်သည်။
ယခုအခါ စစ်ကောင်စီက ဆန်တင်ပို့ခွင့် ပါမစ်ကို လက်သင့်ရာ ချထားပေးသည့် စနစ်မျိုး ကျင့်သုံးနေ သည်ဟု ဆန်လုပ်ငန်းရှင်များကြား ဝေဖန်ပြောဆိုမှုများ မြင့်တက်နေလျက်ရှိသလို အမှန်တကယ်တွင် လည်း စစ်ကောင်စီနှင့် နီးစပ်သူတချို့ကသာ ထိုတင်ပို့ခွင့်ပါမစ်များကို လက်ဝါးကြီးအုပ် စီးပွားရှာနေ လျက်ရှိကြသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင် နှင့် ဦးလူမော်မြင့်မောင်တို့သည် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်အတွက် လိုအပ်သော ရိက္ခာများကို အဓိကဝယ်ယူတင်သွင်းနေသူများဖြစ်သလို လက်ရှိ စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင်များ နှင့် နီးစပ်သူများ ဖြစ်ကြသည်။
ဧရာဟင်္သာကုမ္ပဏီပိုင် ဦးဇော်ဝင်းရှိန် သည်လည်း လက်ရှိ စစ်ခေါင်းဆောင်မိသားစု နှင့် ရင်းနှီးသူဖြစ်သလို ယခင်စစ်အစိုးရလက်ထက်တွင် အာဏာရှိခဲ့သူ တဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ လူအရင်းဖြစ်သည်။ သီဟသူရတင်အောင်မြင့်ဦးသည် ဦးသိန်းစိန်လက်ထက်တွင် ဒုသမ္မတ ရာထူးရယူခဲ့သေးသည်။
ထို့အပြင် စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် သည် ယခု စစ်ခေါင်းဆောင်မိသားစုအပြင် စစ်ကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်တချို့ နှင့် နီးစပ်သူဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သည်။
ဆန်ကုန်သည်တဦးက “အခုက သူတို့ပဲ ဝေစားမျှစားလုပ်နေကြတာ၊ ဈေးကွက် အခြေအနေ မကောင်း တော့မှ ပါမစ်ပြန်ရောင်းစားနေကြတာ။ အစ/အဆုံး တင်ပို့တဲ့ သူကမှ မြတ်ချင်မှ မြတ်ပေမယ့် သူက မြတ်ဖို့ သေချာနေပြီးသားဆိုတော့ ရောင်းစားတာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
စစ်တပ်ရိက္ခာ ဆန်စပါးအသင်းချုပ်က ဝယ်ပေးနေ
ဘင်္ဂလားဒေ့ရှ် ဆန်တင်ပို့ခွင့် နိုင်ငံတော် အရန်ဆန် ရောင်းပေးသူများကိုသာ ပါမစ်ပေး
ရန်ကုန်ရှိ လုပ်ငန်းရှင်များ၏ ဘဏ်အချက်လက်များ စစ်ကောင်စီ စာရင်းကောက်
နိုင်ငံရေး မတည်ငြိမ်မှုက ဆန်စပါးဈေးကွက်ကိုပါ ရိုက်ခတ်