ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့တွင် လာမည့်လများအတွင်း ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။ ထိုနှစ်နိုင်ငံလုံးသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဒီမိုကရေစီတန်ဖိုးများကို ဖိနှိပ်မှုများကြောင့် မကြာသေးမီ နှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံရသည့်နိုင်ငံများ၊ အထူးသဖြင့် အနောက်နိုင်ငံများ၏ ဝေဖန်ခံရသည့် နိုင်ငံများဖြစ်သည်။
ထိုဖြစ်ရပ်သည် ကောင်းစွာ မှတ်တမ်းတင်ထားသည့် ဇာတ်လမ်းဖြစ်သည်။ ထိုင်းတို့သည် လွန်ခဲ့သော ဆယ်စုနှစ်၏ ထက်ဝက်တွင် စစ်အုပ်ချုပ်ရေးအောက်၌ နေထိုင်ကြရပြီး ကမ္ဘောဒီးယား နိုင်ငံသားများသည် အစိုးရသတင်းမီဒီယာတွင်သာမက လွတ်လပ်သော သတင်းမီဒီယာ လက်ကျန်တွင်ပါ သတင်းခေါင်းစဉ်အဖြစ် လွှမ်းမိုးနေသည့် နိုင်ငံရေးဖိနှိပ်မှုကို ခံစားကြရသည်။
သို့သော် ထိုနှစ်နိုင်ငံတွင် လွန်စွာကွဲပြားခြားနားသည့် ရွေးကောက်ပွဲများ ပုံဖော်နေကြသည်။
ထိုင်းနိုင်ငံတွင် လူထုသဘောထားစစ်တမ်းများက ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်၏ သမီး မစ္စ ပေတောင်တန် ရှင်နာဝပ်သည် ဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာထက် အပြတ်အသတ် ဦးဆောင်နေကြောင်း တစိုက်မတ်မတ် ပြသနေသည်။

မစ္စ ပေတောင်တန် ရှင်နာဝပ်၏ ဖွေထိုင်းပါတီသည် စစ်တမ်းများကို ဖြေကြားသူ ၃၈ ရာခိုင်နှုန်း၏ ထောက်ခံမှု ရနေပြီး ၂၀၁၄ ခုနှစ်က စစ်အာဏာသိမ်းမှုဖြင့် အာဏာရလာသူ မစ္စတာ ပရာယွတ်သည် တုံ့ပြန်ဖြေကြားသူများ၏ ၁၅ ဒသမ ၇ ရာခိုင်နှုန်း ထောက်ခံမှုကိုသာရပြီး တတိယနေရာသို့ ရောက်နေသည်။
ထိုင်းနိုင်ငံတွင် လူထုသဘောထားစစ်တမ်းများရှိပြီး ဗိုလ်ချုပ်ဟောင်း ပရာယွတ်သည် ရလဒ်များကို လက်ခံပုံရသည်ဆိုသည့် အချက်ကြောင့် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲပြီးလျှင် “ဒီမိုကရက်တစ်” ပုံမှန် အခြေအနေတမျိုးမျိုးသို့ ပြန်လည် ရောက်ရှိမည်ဆိုသည့် မျှော်လင့်ချက်ကို ဖြစ်စေသည်။
ကမ္ဘောဒီးယားတွင် လူထုသဘောထားစစ်တမ်းများ မရှိသော်လည်း လာမည့်ရွေးကောက်ပွဲရလဒ်သည် ကြိုတင် မျှော်လင့်ထားသည့်အတိုင်း ရှောင်လွှဲမရသော ရလဒ်ဖြစ်သည်။ အတိုက်အခံ နိုင်ငံရေးသမားများကို တရားရုံးများက အပြင်းအထန် ချေမှုန်းနေသောကြောင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) သာ အနိုင်ရမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ်က ကျင်းပသည့် နောက်ဆုံး ရွေးကောက်ပွဲများ မတိုင်မီကလည်း ထိုအတိုင်းသာ လုပ်ဆောင်ခဲ့သည်။
လွတ်လပ်သော မီဒီယာ၊ လူ့အခွင့်အရေးအဖွဲ့များ၊ ရှေ့နေများနှင့် ပညာရှင်များသည် အစိုးရအပေါ် ထင်မြင်ချက်ပေးရာတွင် အမျိုးမျိုးသော အတိုင်းအတာများဖြင့် ချိုးဖောက်ခံနေကြရပြီး နေရာတကာတွင် ရှိနေသည့် နိုင်ငံပိုင်မီဒီယာ ယန္တရားများအကြား မည်သို့ပြုမူရမည်နှင့် ပတ်သက်၍ ဝါရင့် အစိုးရခေါင်းဆောင်များ၏ အကြံဉာဏ်မပေးသောနေ့ ကလည်း မရှိသလောက်ပင်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်း မရှိပါက တရားစွဲဆိုခံရမည် ဖြစ်သည်။ ကမ္ဘောဒီးယားတွင် တရားလိုရှေ့နေများက အောင်မြင်မှုနှုန်း သိသိသာသာ မြင့်မားသည်။
ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ကို တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းပြီးနောက် ကျင်းပသည့် ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နေရာ ၁၂၅ နေရာလုံးကို CPP က အနိုင်ရသည်။ CNRP သည် ၂၀၁၇ ခုနှစ်က ကျင်းပသည့် ဒေသန္တရရွေးကောက်ပွဲများနှင့် ၂၀၁၃ ခုနှစ် အမျိုးသားရွေးကောက်ပွဲများတွင် ထက်ဝက် အနိုင်ရလုနီးပါး ဖြစ်ခဲ့သည်။
ထိုနောက်ပိုင်းတွင် Candlelight ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်နေရာရနိုင်သည့် တခုတည်းသော အတိုက်အခံပါတီအဖြစ် ထွက်ပေါ်လာသည်။ CNRP လက်ကျန်လူများဖြင့် ဖွဲ့စည်းထားသည် Candlelight ပါတီသည် လွန်ခဲ့သောနှစ်က ကျင်းပသည့် ဒေသန္တရ ရွေးကောက်ပွဲများတွင် စုစုပေါင်းမဲများ၏ ၂၂ ရာခိုင်နှုန်းသာ အနိုင်ရသည်။
ထိုပါတီကို ရွေးကောက်ပွဲတွင် ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်နိုင်ပေ။ မည်သို့ဆိုစေကာမူ CPP သည် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ကြီးမားသောမျှော်မှန်းချက်များ ထားကြောင်း အယ်ဒီတာ ဘန်ဆိုခီးန်က ခမာတိုင်းမ်တွင် အသေးစိတ် ရေးသားထားသည်။
CPP သည် အမျိုးသားလွတ်တော်နေရာ ၁၀၄ နေရာ သို့မဟုတ် ၈၃ ဒသမ ၂ ရာခိုင်နှုန်း အထိ ရနိုင်ကြောင်း မကြာသေးမီက သူရေးသားခဲ့သည်။ ထိုသို့တွက်ချက်ခြင်းမှာ လွန်ခဲ့သောနှစ် ဇွန်လက ကျင်းပသည့် ဒေသန္တရ ရွေးကောက်ပွဲနောက်ပိုင်း သူ၏ လေ့လာစမ်းစစ်မှုကို အခြေခံတွက်ချက်ခြင်း ဖြစ်သည်။
ထိုလေ့လာစမ်းစစ်မှုတွင် Candlelight ပါတီသည် နေရာ ၂၁ နေရာ သို့မဟုတ် ၁၆ ဒသမ ၈ ရာခိုင်နှုန်းရမည်ဟု ဘန်ဆိုခီးန်က ခန့်မှန်းသည်။ သို့သော် ထိုရည်မှန်းချက်များသည် နောက်ပိုင်းတွင် အပြောင်းအလဲများ ရှိလာသည်။
ဆိုခီးန်က CPP ပါတီသည် အမျိုးသားလွှတ်တော်နေရာ ၁၁၅ နေရာ သို့မဟုတ် ၉၂ ရာခိုင်နှုန်း အနိုင်ရရေး ရည်မှန်းချက်ကို ထုတ်ဖော်ကြေညာလာသောကြောင့် Candlelight ပါတီသည် ၁၀ ရာခိုင်နှုန်းအောက်သာ အနိုင်ရတော့မည်ဟု ခန့်မှန်းလာသည်။

ထိုမျှအနိုင်ရလျှင် အာဏာရအထက်လွှာမှ သားသမီးများသည် ၎င်းတို့ဖခင်များ၏ ဝန်ကြီးရာထူးများကို ဆက်ခံမည့် အပြောင်းအလဲများကို မစ္စတာ ဟွန်ဆန်က ဆက်လုပ်ရန် တွန်းအားပေးမည်ဖြစ်သည်။ မစ္စတာ ဟွန်ဆန်၏ အကြီးဆုံးသား ဟွန်မန်နက်ကလည်း ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။
ထိုသို့သော ရလဒ်များ ထွက်ပေါ်လာလျှင် ကမ္ဘောဒီးယားနိုင်ငံသည် ၎င်းတို့မလိုချင်သည့် အမည်ဖြစ်သည့် “တပါတီ အာဏာရှင် နိုင်ငံ” ဆိုသည့် တံဆိပ်ကို ဆုံးရှုံးနိုင်ဖွယ် မရှိပေ။ ထို့ကြောင့် မည်သည့်ပုံစံ အတိုက်အခံကိုမဆို ကမ္ဘောဒီးယားလွှတ်တော်တွင် ကြိုဆိုသင့်သည်။
ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်လျှင် ကမ္ဘောဒီးယားနိုင်ငံရေးစနစ်သည် လုံးဝကွဲပြားခြားနားသည်။ စစ်ဖြစ်နေသည့် နှစ်များအတွင်းက ၎င်းတို့အကြား သမိုင်းဆိုင်ရာ ဆက်စပ်မှုအရ ကမ္ဘောဒီးယား နိုင်ငံရေးစနစ်ကို ကွန်မြူနစ် ဗီယက်နမ်၊ လာအိုတို့နှင့် ပိုမိုနှိုင်းယှဉ်ပြောကြားနိုင်သည်။ သို့သော် CPP က ကမ္ဘောဒီးယားသည် “ဒီမိုကရက်တစ် ဗဟုဝါဒ မီးရှူးတန်ဆောင်” ဖြစ်ကြောင်း ပြောသည်။
သို့သော် ဗီယက်နမ် နိုင်ငံသည်ပင် အမျိုးသားလွှတ်တော်နေရာ ၁၄ နေရာကို ကွန်မြူနစ်ပါတီဝင် မဟုတ်သူများအတွက် သီးသန့်ထားပေးပြီး လာအိုက တသီးပုဂ္ဂလများအတွက် ခြောက်နေရာ ချန်ထားပေးသည်။
ထိုအရေအတွက်သည် လွန်ခဲ့သော ငါးနှစ်အတွင်းက ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်မှ အရေအတွက်ထက် များသည်ဟု ဆိုနိုင်သည်။ ဇူလိုင်လ ၂၃ ရက်နေ့ ရောက်သောအခါ ထိုအခြေအနေသည် များများစားစား ပြောင်းလဲဖွယ် မရှိပေ။
(The Diplomat မှ Luke Hunt ၏ Cambodia and Thailand: A Tale of Two Elections ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်
ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်
ထိုင်းဝန်ကြီးချုပ်ရာထူး သက်ဆင်သမီး အပြတ်အသတ် ရေပမ်းစားနေ
အတိုက်အခံခေါင်းဆောင်ကို ကမ္ဘောဒီးယားအစိုးရ ထောင်ဒဏ် ၂၇ နှစ် ချ
လွတ်လပ်သော သတင်းဌာနကို ဟွန်ဆန် ပိတ်ပင်