ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို အာဏာသိမ်း စစ်ကောင်စီက ဖျက်သိမ်းလိုက်ခြင်းအပေါ် ကန့်ကွက်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ထုတ်ဖော်ပြော ဆိုကြသော်လည်း တရုတ်နှင့်အာဆီယံမှာမူ နှုတ်ဆိတ်လျက်ရှိသည်။
မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၈၂ ဒသမ ၄ ရာခိုင်နှုန်းထိ မဲအနိုင်ရရှိခဲ့သော NLD ပါတီကို ၎င်းတို့လက်အောက်တွင် သတ်မှတ်ရက်အတွင်း ပါတီမှတ်ပုံ ပြန်မတင်သည့် အကြောင်းပြချက်ဖြင့် မတ် ၂၈ ရက်ညပိုင်း၌ ပါတီဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
NLD ပါတီကို ဖျက်သိမ်းပြီး နိုင်ငံရေးမှ ဖယ်ထုတ်လိုက်သည့်လုပ်ရပ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အကောင်အထည် ဖော်ရန် အစဉ်တစိုက် တောင်းဆိုတိုက်တွန်းနေသည့် အာဆီယံဘုံသဘောတူညီချက်များအပေါ် ထပ်မံ၍ ဆန့်ကျင်ကြောင်း ပြသလိုက်ခြင်း ဖြစ်သော်လည်း ဘုံသဘောတူညီချက်များအား ထောက်ခံကြောင်းပြောဆိုထားသည့် တရုတ်နှင့်အာဆီယံ အဖွဲ့တို့၏ နှုတ်ဆိတ်နေမှုအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “NLD အပါအဝင် ပါတီ ၄၀ လောက် ဖျက်သိမ်းလိုက်တာကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဝိုင်းဝန်းကန့်ကွက်ကြပေမယ့် အာဏာရှင်လမ်းကြောင်းကိုလျှောက်နေတဲ့ တရုတ်နဲ့ရုရှားတို့ကတော့ ရေငုံနှုတ်ပိတ်နေနေကြတာ ဖြစ်ပါတယ်။ ဒီနေ့ကာလမှာ NLD မပါလည်း သူတို့အနေနဲ့ အရေးမကြီးပါဘူး။ ရွေးကောက်ပွဲ ဟာ တရားမျှတမှုမရှိဘူး၊ လွတ်လပ်မှုမရှိဘူးဆိုရင်လည်း အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ စစ်ကောင်စီက တဆင့် ဖြစ်လာတဲ့အစိုးရတရပ် ပေါ်ထွက်လာရေးကိုသာ လိုလားတဲ့အင်အားစုတွေ ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုသည်။
တရုတ်နိုင်ငံသည် စစ်တပ်အာဏာသိမ်းစတွင် NLD အား နိုင်ငံရေးအရထိတွေ့ဆက်ဆံပြီး ပါတီဖျက်သိမ်းရေး မလိုလား ကြောင်း ပြသခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးပါတီများအား ထိတွေ့မှုနည်းပါးလာခဲ့ပြီး လက်နက်ကိုင်အင်အားစုများ ဖြစ်သော စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်သာ ပိုမိုထိတွေ့ဆက်ဆံ ဆောင်ရွက်လာသည်ကို တွေ့ရကြောင်းလည်း စင်ကာပူအမျိုးသားတက္ကသိုလ်မှ နိုင်ငံရေးလေ့လာသူ ကိုကြည်စင်က ဆိုသည်။
၎င်းက “တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရေးပါတီတွေနဲ့စာရင် လက်နက်ကိုင်ထားတဲ့အစုအဖွဲ့တွေနဲ့ အဓိက ထိတွေ့ဆက်ဆံပြီး တော့ ငြိမ်းချမ်းရေးကိုဖော်ဆောင်တာက ပိုပြီးလက်တွေ့ကျတယ်လို့ ယူဆတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပြောတာဖြစ်နိုင်သလို တဖက်ကလည်း စစ်ကောင်စီနဲ့ဆက်ဆံရေး ပျက်စီးသွားမှာစိုးတဲ့အတွက်ကြောင့်မလို့ မပြောသေး တာလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများကြားတွင်လည်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနေသည့်အတွက် တနိုင်ငံချင်းအလိုက် ထုတ်ဖော်ပြောဆိုမှုအား ရှောင်ရှားလိမ့်မည်ဟုယူဆထားပြီး မြန်မာ့အရေးအပေါ် အာဆီယံအနေဖြင့် တူညီသည့်နိုင်ငံခြားရေးမူဝါဒတခု တည်ဆောက်ချင်သောကြောင့် ထုတ်ဖော်ပြောဆိုမှုမရှိခြင်းလည်း ဖြစ်နိုင်ကြောင်း ကိုကြည်စင်က သုံးသပ်သည်။
ဆက်လက်၍ ၎င်းက “NLD ပါတီကို ဖျက်သည်ဖြစ်စေ၊ မဖျက်သည်ဖြစ်စေ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို စပြီးအကောင်အထည်ဖော်တဲ့ ခြေလှမ်းတရပ်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာကို စတင်ဖို့ကိုက အလွန်ခက်ခဲတဲ့ အနေအထားမှာရှိတယ်။ စစ်ကောင်စီရော၊ NUG နဲ့ ဒီမိုကရေစီအင်အားစုရောက တဖက်ကိုတဖက် လက်ခံနိုင်တဲ့ အခြေ အနေတခုကို မဖော်ဆောင်နိုင်ဘူးဆိုရင်တော့ ထူးခြားချက်တစုံတရာရှိမယ်လို့ မထင်ပါဘူး” ဟု ဆိုသည်။
အာဆီယံသည် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပြဿနာများနှင့်ပတ်သက်ပြီး အကြမ်း ဖက်မှုများရပ်တန့်ရန်၊ သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန်၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် လူ သားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရန် စသည့် ဘုံသဘောတူညီချက် ၅ ရပ်အားချမှတ်ထားပြီး အကောင် အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းလျက်ရှိသည့်အပြင် တရုတ်နိုင်ငံကလည်း အာဆီယံ၏ဆောင်ရွက်မှုနှင့် ဘုံသဘော တူညီချက်များအား ထောက်ခံကြောင်း ပြောဆိုထားသည်။
သို့သော် အဆိုပါဘုံသဘောတူညီချက်များအား အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် NLD ပါတီအား နိုင်ငံရေးမှဖယ်ထုတ်လိုက်ခြင်းသည် အခြေအနေများတိုးတက်လာစေရန် ပိုမိုခက်ခဲစေနိုင် ကြောင်းနှင့် စိုးရိမ်ပူပန်မိကြောင်း အမေရိကန်၊ ဗြိတိန်၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံတို့က ထုတ်ဖော်ပြောဆိုကာ ကန့်ကွက် ခဲ့ကြသည်။
ဗြိတိန်အစိုးရက “ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးပါတီအဖွဲ့ ၄၀ ကို ဖျက်သိမ်းရန် မြန်မာစစ်အာဏာရှင်အနေဖြင့် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ် ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်းပင် ဖြစ်သည်” ဟု ပြောထားသည်။
ထို့ပြင် စစ်အာဏာရှင်အနေဖြင့် ၎င်းတို့ဖန်တီးထားသော ကျပ်တည်းသည့်အခြေအနေအား ပြည်သူလူထု၏ ဒီမိုကရေစီဝါဒ အခြေခံသောဆန္ဒများကို လေးစားသည့် လေးနက်ပြီးအားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများမလုပ်ဆောင်ဘဲ ဖြေရှင်း ၍မရနိုင်ကြောင်း၊ စစ်အာဏာရှင်၏ နိုင်ငံရေးအရလှုံ့ဆော်သည့် လုပ်ဆောင်ချက်များနှင့် အကြောက်တရားသွင်းပြီး ဆန့်ကျင်မှုများအားဖိနှိပ်ရန် ပိုမိုရက်စက်သောနည်းဗျူဟာများ အသုံးပြုခြင်းအား ပြစ်တင်ရှုတ်ချကြောင်းလည်း ဗြိတိန် နိုင်ငံက ဆိုထားသည်။
ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်ကလည်း “ဤဆုံးဖြတ်ချက်သည် ဒီမိုကရေစီနှင့် မြန်မာပြည်သူလူထု၏ ရပိုင်ခွင့် များနှင့်ဆန္ဒများကို စစ်အာဏာရှင်အစိုးရမှ ပြောင်ပြောင်တင်းတင်း မလေးစားခြင်း၏ နောက်ထပ်သရုပ်သကန်ဖြစ်ပြီး ယင်း တို့၏အုပ်ချုပ်မှုကို ဒီမိုကရေစီနည်းလမ်းကျ ငြိမ်းချမ်းသည့် ဆန့်ကျင်မှုမှန်သမျှကို အမြစ်ပြတ်ချေမှုန်းမည့် စစ်အာဏာရှင်၏ သန္နိဋ္ဌာန်ကို ပြသနေပါသည်” ဟု ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် မြန်မာပြည်၏အကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရေးအတွက် အကြမ်းဖက်မှုများရပ်တန့်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း သားများအားလွှတ်ပေးရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးအဖြေရှာရေးလုပ်ဆောင်ရန် နိုင်ငံတကာက တိုက်တွန်း တောင်းဆိုလျက်ရှိသည်။
You may also like these stories:
NLD ပါတီတွင်းသပ်လျှိုရန် စစ်ကောင်စီကြိုးစားနေ
စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ဥပဒေသစ် NLD ဖယ်ထုတ်ရေးလား
NLD ပါတီ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရဖွယ်ရှိ
စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ