ပြည်တွင်းဆန်စပါးဈေးနှုန်း မြင့်လာမှုကြောင့် နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ဆန်တင်ပို့မှုကို လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လျှော့ချရန် စီစဉ်နေကြောင်း ဆန်၊ စပါးကုန်သည်များထံမှ သိရသည်။
ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး နှစ်ခုပေါင်းမှ တလလျှင် တန်ချိန် ၂ သိန်းဝန်းကျင် တင်ပို့နေရာမှ လာမည့် ဘဏ္ဍာနှစ်မှ စ၍ တလလျှင် တန်ချိန် ၁ သိန်း သို့မဟုတ် ၁ သိန်း ၅ သောင်းဝန်းကျင် သာ တင်ပို့ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မူဆယ်ဒေသခံ ဆန်ကုန်သည်တဦးက “တရားဝင်တော့ မထုတ်ပြန်သေးဘူး။ ဒါပေမယ့် နယ်စပ် ဒေသကတော့ ကန့်သတ် ချက်နဲ့ တင်ပို့ဖို့ လုပ်မှာ ဖြစ်နိုင်တယ်။ အရင်တုန်းက ဆန်တန်ချိန် ၅ သောင်း လျှောက်ရင် ခွင့်ပြုတယ်။ အခု နယ်စပ်မှာ အဲ့လောက်ထိ ခွင့်မပြုတော့ဘူး။ လျှော့ဖို့ သေချာတယ်။ ဒါကြောင့် နယ်စပ်ကတော့ ဖြစ်နိုင်တယ်။ ပင်လယ်ရေကြောင်း ကတော့ မသိသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်းဆန်ကုန်သည်ကြီးတဦးက နယ်စပ်ကုန်သွယ်ရေးမှ ဆန်တင်ပို့မှုလျှော့ချမည်ဆိုပါက လတ်တလောတွင် ကုန်သည်များအတွက် အကျပ်ရိုက်နိုင်ပြီး နွေစပါးပေါ်ချိန်ဖြစ်နေသဖြင့် ပြည်တွင်းဆန်ဈေးနှုန်းမှာ ခဏတာ ဈေးကျနိုင် သော်လည်း စိုက်ပျိုးရေးသုံး သွင်းအားစု စရိတ်များ မြင့်နေခြင်းနှင့် အညာဒေသ အပါအဝင် ဆန်၊ စပါး စိုက်ပျိုးနိုင်သည့် နေရာများရှိ တောင်သူများမှာ စစ်ဘေးရှောင်နေရခြင်းတို့ကြောင့် ရေရှည်တွင် ဆန်ဈေးကျနိုင် မကျနိုင်ကိုမူ စောင့်ကြည့်ရ မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
ထိုသို့ ပြည်ပဆန်တင်ပို့ခွင့်ကို တလလျှင် တန်ချိန် ၅ သောင်းမှ ၁ သိန်းဝန်းကျင်အထိ လျှော့ချရန် စီစဉ်နေသော သတင်း များကြောင့် လက်ရှိတွင်လည်း နယ်စပ်ဒေသမှ ဆန်တင်ပို့ခွင့် လိုင်စင်သစ်များရဖို့ ခက်နေသလို လိုင်စင်အဟောင်းများ ကိုလည်း စိစစ်နေကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
ထို့ပြင် ဆန်နှင့် ဆန်ကွဲ အများဆုံးတင်ပို့နေသော မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ယခုလ ၁ ရက်နေ့က သတ်မှတ်ခဲ့ သည့် ပို့ကုန်မူဝါဒကြောင့် ပို့ကုန်သမားများအတွက် အကျိုးအမြတ် နည်းသဖြင့် တင်ပို့မှု နည်းလာသည့် အခြေအနေ ရှိနေကြောင်း ဆန်ကုန်သည်များက ပြောသည်။
ပို့ကုန် မူဝါဒသစ်အရ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှရရှိငွေ ၆၅ ရာခိုင်နှုန်းကို ၎င်းတို့ သတ်မှတ်သည့် ဒေါ်လာ/ယွမ် ငွေဈေးနှင့် လဲလှယ်ရမည် ဖြစ်သလို ကျန်သည့် ၃၅ ရာခိုင်နှုန်းကို တလအတွင်း ပြင်ပဈေးနှင့် လဲလှယ်ရမည်ဖြစ်သည်။
ဆန်တင်ပို့သည့် လုပ်ငန်းရှင် တဦးက “ဒီလ ၁ ရက်နေ့က စပြီး ဆန်နဲ့ ဆန်ကွဲ တင်ပို့တာက တရုတ်-မြန်မာ နယ်စပ်မှာ တော်တော်လေးနည်းသွားတယ်။ ဒါကတော့ ငွေကြေးမူဝါဒပြောင်းလဲ မှုကြောင့် အကျိုးအမြတ်နည်းလို့ ကုန်သည်တွေ မတင်နိုင်ကြဘူး။ ကျန်တဲ့ ကြံတို့ ဖရဲ၊ သခွား တို့ ပဲမျိုးစုံပဲ တင်ပို့တာ များနေတယ်။ ဆန်နဲ့ ဆန်ကွဲကတော့ ကားစီးရေ ဆယ်ဂဏန်း လောက် ပဲရှိတယ်”ဟု လက်ရှိ အခြေအနေကို ဧရာဝတီ သို့ ပြောသည်။
မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံဘက်သို့ ယခင်က နေ့စဉ် ဆန်နှင့် ဆန်ကွဲ ကုန်ကား အစီးရေ ၅၀ မှ ၆၀ ဝန်းကျင်ခန့် တင်ပို့မှုများ ရှိနေသော်လည်း လက်ရှိတွင် ကုန်ကားအစီးရေမှာ မရှိသလောက် နည်းပါးသွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင်လည်း ပြည်တွင်းဆန်ဈေးမှာ သင်္ကြန်ကာလနီးခြင်းနှင့် ဈေးကွက်အတွင်း ဆန်အဝင် နည်းပါးလာခြင်းတို့ ကြောင့် တပတ်အတွင်း ဆန်ချော တအိတ်လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၃၀၀၀ နှင့် ဆန်ကြမ်း တအိတ်လျှင် ကျပ် ၁၀၀၀ ခန့် ထပ်မံမြင့်တက်လာကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်း ရွေဘိုပေါ်ဆန်းစပါးထွက်ရှိရာ ရွှေဘိုဒေသတွင် စစ်တပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် စစ်တပ်၏ စစ်ကြောင်း ထိုးခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း အစရှိသည်တို့ကြောင့် ထုတ်လုပ်နိုင်မှု နည်းသွားခဲ့ပြီး ဈေးနှုန်းများ မြင့်တက်ခဲ့သည်။
စစ်ဖြစ်ပွားခြင်း မရှိသည့် ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ရာ ဒေသများတွင်လည်း စစ်တပ်အာဏာ သိမ်းပြီးနောက် ကျပ်ငွေ တန်ဖိုးကျဆင်းပြီး ဒေါ်လာငွေဈေးမြင့်တက်မှုကြောင့် စိုက်ပျိုးရေးသုံး သွင်းကုန်ပစ္စည်းများမှာ ယခင်ကထက် အဆများစွာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး စပါး စိုက်ဧက နည်းပါးခဲ့သလို စိုက်ပျိုးသောနေရာများတွင်လည်း ဓာတ်မြေဩဇာအပြည့်အဝ မကြွေးနိုင်သဖြင့် အတွက်နှုန်း လျော့ကျမှုများ ဖြစ်ပေါ်ခဲ့ရသည်။
စစ်တပ်အာဏာမသိမ်းခင်ကမူ ဆန်ကြမ်း ၁ အိတ်လျှင် ကျပ် ၄ သောင်းကျော်သာရှိသော်လည်း လက်ရှိအချိန်တွင် အနိမ့်ဆုံးဆန်ကြမ်း တအိတ်ပင်လျှင် ကျပ် ၆ သောင်းဝန်းကျင်ထိ တက်နေပြီး စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာ မြေဆီတအိတ်လျှင် ကျပ် ၆ သောင်းကျော်ရှိရာမှ ယခုအချိန်တွင် တအိတ်လျှင် ၁၂၀၀၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လျက် ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၅မတ်တန် ဆန်ကြမ်းအား တရုတ်နိုင်ငံ သို့ အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဥရောပနှင့် အာဖရိက နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့လျက်ရှိသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် စာရင်းများ အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် စုစုပေါင်း ၂ ဒသမ ၀၉၉ သန်း တင်ပို့ထားရာမှ အမေရိကန် ဒေါ်လာ ၇၈၃ သန်း ရရှိထားကြောင်း၊ယင်းအနက်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁ သောင်း ၆ ထောင်ကျော်ကို တင်ပို့ထားကြောင်း သိရသည်။
You may also like these stories:
တရုတ်သွင်းကုန်ပစ္စည်းများကို စစ်ဆေးရေး တင်းကျပ်
မြန်မာ့ဆန်တင်ပို့မှု ဘယ်သူတွေ အကျိုးအမြတ်ရနေလဲ
နိုင်ငံရေး မတည်ငြိမ်မှုက ဆန်စပါးဈေးကွက်ကိုပါ ရိုက်ခတ်