ရှမ်းမြောက်နှင့် ရခိုင်တွင် စစ်ပွဲကို ရပ်တန့်ရန် တရုတ်တို့ အပြင်းအထန် ကြိုးစားနေသကဲ့သို့ အပစ်ရပ်ရန် စစ်ကောင်စီကလည်း သဘောတူနေသော အခြေအနေများ ရှိနေသည်ကို တွေ့ရ၏။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်သည့် ဟိုင်ဂင်သဘောတူညီချက်ဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်ရပ်သွား၏။ ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်ရပ်သွားခြင်းသည် ပုံမှန်အခြေအနေတွင် ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ဘဲ တရုတ်တို့၏ အတင်းဖိအားပေးသည့် အခြေအနေအောက်တွင် ပေါ်ထွက်လာခြင်း ဖြစ်၏။
တရုတ်တို့သည် မြန်မာပြည်တွင်းရင်းနှီးမြှုပ်နှံမှု များစွာရှိသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ တကောင်း နီကယ်စက်ရုံ၊ ရွှေလီရေအားလျှပ်စစ်၊ တာပိန်ရေအားလျှပ်စစ်၊ တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ အထက်ရှိသော နယ်စပ်ကုန်သွယ်ရေးတို့အပြင် ကျောက်ဖြူမှ တရုတ်သို့ ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့သည် တရုတ်စီးပွားရေးတွင် အရေးပါ၏။
ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှု ရပ်ဆိုင်းသွားပါက တရုတ်၏ အမျိုးသားအကျိုးစီးပွားကို များစွာထိခိုက်နိုင်၏။ တရုတ်ပြည်တွင်း၌ လုပ်ငန်းများစွာ၊ အလုပ်အကိုင်များစွာ ထိခိုက်နိုင်၏။ ထို့ပြင် တရုတ်နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းနေသည်ကလည်း တရုတ်တို့ကို၊ အဓိကအားဖြင့် ယူနန်ပြည်နယ်ကို များစွာထိခိုက်စေ၏။

ထိုအကြောင်းအချက်များအောက်တွင် တရုတ်သည် သူ၏အမျိုးသားအကျိုးစီးပွားအပေါ် အခြေပြု၍ မြန်မာ့ပြည်တွင်းရေး၊ အထူးသဖြင့် သူလက်လှမ်းမှီသည့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအပေါ် ဗြောင်အတိအလင်း ဝင်ရောက်စွက်ဖက်သည်ကို တွေ့ရ၏။
ရှမ်းမြောက်တွင် အပစ်ရပ်ခြင်း
ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ရှေ့တိုး၍ စစ်ကောင်စီစခန်းများ၊ မြို့များကို မတိုက်ရန်၊ စစ်ကောင်စီကလည်း မြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်ထားသောမြို့များ၊ ဒေသများအား ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း မပြုရန် တရုတ်ကိုယ်စားလှယ်၊ မြန်မာစစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံမှုတွင် သဘောတူခဲ့ကြ၏။
စတုတ္ထအကြိမ်တွေ့ဆုံရာတွင် တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ရန် သဘောတူခဲ့ပြီး အခွန် ၇၀ ရာခိုင်နှုန်းကို ကိုးကန့်နှင့် မြောက်ပိုင်းသုံးဖွဲ့က ယူရန်၊ ၃၀ ရာခိုင်နှုန်းကို စစ်ကောင်စီက ယူရန် သဘောတူခဲ့သည်ဟုသိရ၏။ တရုတ်အနေဖြင့် နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်နိုင်ခဲ့၏။ စစ်ကောင်စီက သဘောတူခဲ့ခြင်းမှာ ရှမ်းမြောက် အပစ်ရပ်ရေးကို ခိုင်မာစေပြီး တရုတ်၏ အာမခံမှုကို ရယူလို၍ ဖြစ်ပုံရ၏။
မူဆယ်တွင် ၎င်း၏တပ်နှင့် အုပ်ချုပ်ရေးယန္တယား ထားရှိပြီး တရုတ်နယ်စပ်တွင် နေပြည်တော်အစိုးရ ဩဇာအာဏာကို ဆက်လက်ပြသခွင့်ရ၏။ ချင်းရွှေဟော် ကုန်သွယ်ရေးဂိတ်တွင် နယ်စပ်ကုန်သွယ်ရေးနှင့် ဆိုင်သည့် စစ်ကောင်စီဝန်ထမ်းများ ပြန်လည်စေလွှတ်၍ ရ၏။
စတုတ္ထအကြိမ်တွေ့ဆုံရာတွင် တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ရန် သဘောတူခဲ့ပြီး အခွန် ၇၀ ရာခိုင်နှုန်းကို ကိုးကန့်နှင့် မြောက်ပိုင်းသုံးဖွဲ့က ယူရန်၊ ၃၀ ရာခိုင်နှုန်းကို စစ်ကောင်စီက ယူရန် သဘောတူခဲ့သည်ဟုသိရ၏။
ရိုးရိုးစဉ်းစားလျှင် လက်ရှိ အပစ်အခတ်ရပ်စဲရေးမှသည် မြန်မာစစ်တပ်အနေဖြင့် ထိုဒေသများအား အပြီးအပိုင် စွန့်လွှတ်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်မှုကို လက်ခံလိမ့်မည်ဆိုသည်မှာ စိတ်ကူးယဉ်ရာရောက်၏။ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ထိန်းချုပ်နယ်မြေနှင့်မတူဘဲ တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ နှင့်အထက် ကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည်။
ထို့အပြင် နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံဒေသကို စွန့်လွှတ်လိုက်ရခြင်းသည် လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင် ကားလမ်းကို ခြိမ်းခြောက်သည်သာမက မိုးကုတ်၊ မိုးမိတ်ဒေသကိုလည်း ခြိမ်းခြောက်နေသည်။ ဤအခြေအနေသည် သံလွင်မြစ်အရှေ့ခြမ်းရှိ UWSA, NDAA ထိန်းချုပ်ရာနယ်မြေများနှင့် ကွာခြားသည်။
လက်ရှိ ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်ရပ်ရန် မြန်မာစစ်တပ် သဘောတူခဲ့သည်မှာ ထိုနယ်မြေများကို လက်လွှတ်ရန် ဆုံးဖြတ်ခဲ့၍ မဟုတ်ပေ။ လားရှိုးအတိုက်ခံရပြီး စစ်တပ်ပြိုဆင်းနိုင်သည့်အခြေအနေကို ကာကွယ်ရန်၊ စစ်အင်အား ပြန်လည်စုစည်းရန်အတွက်သာမက စစ်အင်အား ပြန်လည်ဖြည့်တင်းပြီး ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ထိုးစစ်ဆင်ရန် အချိန်ယူခြင်းဖြစ်၏။
လတ်တလော အခြားဒေသများတွင် စစ်ရေးအရ ရင်ဆိုင်ရသည်များကို အာရုံစိုက်ရန် ရှမ်းမြောက်တွင် တရုတ်ပြောသမျှ လိုက်လျောပေးပြီး တရုတ်အကူအညီဖြင့် ရှမ်းမြောက်နှင့် လားရှိုးကို ကာကွယ်ထိန်းချုပ်ထားရန် ရည်ရွယ်ပုံရ၏။
ထို့ပြင် ရှမ်းမြောက်အဖို့ဆိုလျှင် လားရှိုးသည် စစ်ရေးအရ အရေးပါသည်။ လားရှိုးကို သိမ်းပိုက်ထိန်းချုပ်နိုင်ပါက သီပေါ၊ ကျောက်မဲကိုပါ ထိန်းချုပ်နိုင်မည် ဖြစ်သကဲ့သို့ တန့်ယန်းဒေသကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်၏။ ရှမ်းမြောက်၏ တခုတည်းသော လေယာဉ်ကွင်းသည် လားရှိုး၌သာရှိသဖြင့် ရှမ်းမြောက် ထောက်ပို့အတွက် လားရှိုးသည် အရေးပါ၏။ ရှမ်းမြောက် လုံခြုံရေးအတွက် လားရှိုးကို ဗဟိုပြု ခံစစ်ဆင်ပါက ခံစစ်ဆင်ရမည့် နယ်မြေကျဉ်းပြီး ရှမ်းမြောက်ကို ကာကွယ်နိုင်မည်ဖြစ်၏။ ယခုကဲ့သို့ လားရှိုးကို ချန်ထားခဲ့ရခြင်းတွက် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ရာနယ်မြေများကို စစ်တပ်က ပြန်လည် ထိုးစစ်ဆင်ရန် ခြေကုပ်တခု ရစေခဲ့၏။
သို့သော်လည်း မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် စစ်ပွဲမရပ်ပါက တရုတ်တို့က နယ်စပ်တလျှောက် ပိတ်ဆို့ပြီး ရိက္ခာ၊ လူသုံးကုန်၊ ဆေးဝါး၊ လောင်စာဆီ စသည့်အားလုံး တရုတ်မှ မြန်မာသို့ တင်သွင်းခွင့် ပိတ်ဆို့မည်ဟု ခြိမ်းခြောက်ထား၏။
အောက်ဘက်က မြန်မာစစ်တပ်ကလည်း ပိတ်ဆို့၊ အထက်ဘက် တရုတ်ပြည်ကလည်း ပိတ်ဆို့ပါက မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့သာမက ၎င်းတို့ ထိန်းချုပ်နိုင်သည့် ဒေသအတွင်းရှိ ရှမ်းမြောက်လူထုပါ အကျပ်အတည်း တွေ့မည်ဖြစ်ရာ ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ရှမ်းမြောက်တွင် စစ်ပွဲမရပ်၍ မရတော့ပေ။
တရုတ်၏သဘောထားကို ဆန့်ကျင်ပြီး ဆက်လက်တိုက်ခိုက်ပါက တရုတ်တို့က ထို့ထက်ပို၍ ဖိအားပေးစွက်ဖက်မည့် အလားအလာရှိ၏။ တဖက်ကလည်း ၎င်းတို့ ထိန်းချုပ်သွားနိုင်ပြီဖြစ်သည့် နယ်မြေများကို ဒေသအုပ်ချုပ်ရေး ထူထောင်နိုင်ပြီး အကျိုးရှိမည်ဖြစ်ရာ ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာ၏။
သို့ဖြစ်ရာ မြောက်ပိုင်းသုံးဖွဲ့လည်း ရှမ်းမြောက်တွင် ရသလောက်နှင့် တင်းတိမ်လိုက်ရ၏။ စစ်အစိုးရကို အပြုတ်တိုက်သွားမည်ဆိုသည့် MNDAA နှင့် TNLA တို့ လေသံလျှော့လိုက်ရသည်။ သို့သော်လည်း MNDAA နှင့် TNLA အတွက်မူ ၎င်းတို့ရည်မှန်းထားသည့် နယ်မြေအားလုံးနီးပါး ထိန်းချုပ်နိုင်ပြီး စစ်ကောင်စီ၏ အနှောက်အယှက်မရှိဘဲ အုပ်ချုပ်ရေး ထူထောင်ခွင့်ရသွား၏။
စစ်တပ်သဘောထား
ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်သည့်နယ်မြေများနှင့် ပတ်သက်၍ ဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးတွင် အခွန်ခွဲဝေမှုနှင့် ပတ်သက်၍ ဖြစ်စေ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးသည်ဟု စစ်တပ်ထောက်ခံသူများက ယူဆနေသော်လည်း လက်ရှိအခြေအနေတွင် စစ်တပ်သည် တရုတ်ပြောသမျှ၊ ညှိနှိုင်းသမျှကို လက်ခံရန် ဆုံးဖြတ်ထားပုံရ၏။
ယခုရက်ပိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် စစ်ကောင်စီဝန်ထမ်းများကို ချင်းရွှေဟော်သို့ စေလွှတ်ပြီး သီပေါ၊ လားရှိုးလမ်းတွင် ကုန်ကားကြီးများ သွားလာခွင့်ပြုလာသည်ကို တွေ့ရ၏။
ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်သည့်နယ်မြေများနှင့် ပတ်သက်၍ ဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးတွင် အခွန်ခွဲဝေမှုနှင့် ပတ်သက်၍ ဖြစ်စေ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးသည်ဟု စစ်တပ်ထောက်ခံသူများက ယူဆနေသော်လည်း လက်ရှိအခြေအနေတွင် စစ်တပ်သည် တရုတ်ပြောသမျှ၊ ညှိနှိုင်းသမျှကို လက်ခံရန် ဆုံးဖြတ်ထားပုံရ၏။
ထို့ပြင် စစ်ရေးအရဆိုလျှင် မူဆယ်တွင် တပ်မ ၉၉ မှ တပ်ရင်း ခြောက်ရင်း၊ ခုနစ်ရင်းခန့်နှင့် တိုင်းတပ်အချို့၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၇ မှ ဆုတ်လာသော တပ်အချို့ရှိရာမှ တပ်အချို့အား ပြန်လည် ထုတ်နုတ်သည်ကိုတွေ့ရ၏။
လားရှိုး၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တပ်၊ စကခ ၁ နှင့် စကခ ၁၆ တပ်များ၊ နောင်ချိုတွင် တပ်မ ၁၀၁ မှ တပ်အချို့ အားဖြည့်သည်မှလွဲ၍ ယခင်ဖြည့်တင်းထားသည့် စကခ ၂၊ စကခ ၇၊ စကခ ၁၀၊ စကခ ၁၂၊ စကခ ၁၄၊ စကခ ၁၇ နှင့် တပ်မ ၅၅ မှ တပ်များအားလုံးကို ပြန်ထုတ်သည်ကိုတွေ့ရ၏။
တပ်ပျက်ပြီး ဖရိုဖရဲဖြစ်သွားသည့် စကခ ၇၊ စကခ ၁၂ မှတပ်များကို နောက်တန်း ဌာနချုပ်များသို့ ပြန်ပို့၏။ စကခ ၂ ကို ကရင်နီဒေသ၊ စကခ ၁၀ ကို စစ်ကိုင်း၊ တပ်မ ၅၅ ကို ရခိုင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အမ်း၊ စကခ ၁၄ နှင့် စကခ ၁၇ မှ လက်ကျန်တပ်များကို ပင်လောင်းနှင့် ကရင်နီဒေသတို့သို့ စစ်ဆင်ရေးလွှတ်သည်ကို တွေ့ရ၏။
သို့ဖြစ်ရာ လားရှိုးဒေသတွင် တိုင်းတပ်နှင့် စကခ ၁၊ စကခ ၁၆ တို့သာ ကျန်၏။ စကခ ၁၆ တပ် အများစုမှာ အထိနာထား၏။ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ လက်နက်ချပြန်လာသော တပ်ရင်းများအား စကခ ၁၊ ၁၆ နှင့် တိုင်းတပ်များတွင် ပြန်ပေါင်းထား၏။
ရှမ်းမြောက် လားရှိုးခံစစ်တွင် တိုင်းတပ်နှင့် စကခ ၁၊ စကခ ၁၆ သာကျန်ရာ စစ်ရေးသက်သက်အရ ထိုတပ်များသည် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်ကို မခံနိုင်ပေ။ သို့သော် စစ်ကောင်စီက ကျန်တပ် အားလုံးကို ရဲရဲတင်းတင်း ထုတ်နုတ်သွားခြင်းသည် တရုတ်နှင့် အပေးအယူလုပ်ကာ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး တရုတ်တောင်းဆိုသည်ကို လိုက်လျော၍ ရှမ်းမြောက်တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ အပစ်ရပ်ထားရေး၊ လားရှိုးလုံခြုံရေးကို အပေးအယူ ပြုလုပ်ခဲ့သည်ဟု ဆိုရမည်။ တရုတ်တို့ကလည်း မြောက်ပိုင်းအဖွဲ့ အပစ်ရပ်ရန် အပြည့်အဝ တာဝန်ယူခဲ့ပုံရ၏။
စစ်တပ်သည် စစ်ရေးအကျပ်အတည်း ကြီး၏။ ယခု ရှမ်းမြောက်တွင် ပို့ထားသောတပ်များကို ပြန်ထုတ်နုတ်ပြီး တပ်ဖြန့်ခွဲနိုင်သည်မှာ စစ်ကိုင်းတိုင်း၊ ကရင်နီနှင့် ပင်လောင်းဒေသသာမက ရခိုင်စစ်မျက်နှာသို့ပင် တပ်မတခု စေလွှတ်နိုင်ခဲ့၏။ လက်ရှိ စစ်ရေးအခြေအနေ ပြင်းထန်နေသည့် ကချင်၊ ကရင်ဒေသများကို တပ်ကူစေလွှတ် ဖြည့်တင်းနိုင်ခြင်း မရှိသေးပေ။
သို့ဖြစ်ရာ ရှမ်းမြောက်တွင်လည်းကောင်း၊ အခြားအကြောင်းအချက်များတွင်လည်းကောင်း မြန်မာစစ်တပ်သည် တရုတ်ပြောသမျှ လိုက်လျောပြီး ၎င်းတို့ အသက်ဆက်ရှင်နိုင်ရေးအတွက် စစ်ပွဲရပ်ရသည့်အခြေသို့ ဆိုက်သွား၏။
ချုပ်၍ဆိုရလျှင် ဟိုင်ဂင်သဘောတူညီချက်နှင့် ရှမ်းမြောက်တွင် အပစ်ရပ်ခဲ့ခြင်းမှာ တဖက်က အမေရိကန်ဒေါ်လာ သန်းထောင်ချီ လက်လွှတ်ဆုံးရှုံးနေသော နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်လိုသည့် တရုတ်၊ ပြည်တွင်းရှိ တရုတ်အကျိုးစီးပွားများကို ကာကွယ်လိုသည့် တရုတ်ဖြစ်သည်။ ဒုတိယတဖက်က ဘက်စုံမှ စစ်ရေးအကျပ်အတည်း ဆိုက်နေ၍ ရှမ်းမြောက်တွင် အပစ်ရပ်သည့်အပြင် တရုတ်အကူအညီနှင့် ရှမ်းမြောက်လုံခြုံရေးကို ရယူပြီးနောက် ကျန်သည့် စစ်မျက်နှာများတွင် အာရုံစိုက်နိုင်ရန် တရုတ်ပြောသမျှ ခေါင်းညိတ်လိုက်သော မြန်မာစစ်ကောင်စီ ဖြစ်သည်။ နောက်ဆုံးတဖက်မှာ တရုတ်ဖိအားကို တင်းမခံနိုင်ဘဲ ရသလောက်နှင့် တင်းတိမ်လိုက်ရသည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ (အဓိက MNDAA နှင့် TNLA) ဟူသော သုံးပွင့်ဆိုင် အကြောင်းအချက်များအောက်၌ ရှမ်းမြောက်တွင် အပစ်ရပ်သွားခဲ့၏။
၁၀၂၇ စစ်ဆင်ရေး၊ ရခိုင်စစ်မျက်နှာနှင့် တရုတ်
ရခိုင်စစ်မျက်နှာတွင်လည်း တရုတ်တို့ အပစ်ရပ်လိုသည်သာ ဖြစ်၏။ ယခု ရမ်းဗြဲကျွန်းပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ရမ်းဗြဲမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထား၏။ တရုတ်အကျိုးစီးပွားများရှိသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်တွန်းလွှတ်သော ကျောက်ဖြူစက်ရုံရှိရာနှင့် မဝေးလှတော့သည့်အပြင် ရေနံတင်သင်္ဘောများ ဝင်ထွက်ရာ မဒေးကျွန်းအနီးရှိ ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကိုပင်လျှင် AA က ဝင်ရောက်ပစ်ခတ်နိုင်သည်ကို တွေ့ရ၏။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ဟိုင်ဂင်သဘောတူညီချက် အပစ်အခတ်ရပ်စဲရေးသည် ရှမ်းမြောက်တွင် အကျုံးဝင်ခဲ့သော်လည်း ရခိုင်တွင် အပစ်မရပ်ခဲ့ပေ။ တရုတ်တို့သည်လည်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA ကို တင်းတင်းမာမာ ဖိအားပေးနိုင်သည့် အခြေအနေ မရှိပေ။ ရခိုင်ဒေသသည် တရုတ်နယ်စပ်တွင် မရှိသည့်အပြင် ယခုအခါ AA ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အလေးထား ဆက်ဆံနေချိန်တွင် တရုတ်တို့ မတင်းမာနိုင်ပေ။
တရုတ်နယ်စပ်တွင်ရှိသော ကျန်အဖွဲ့များကို ပိတ်ဆို့ ဖိအားပေးနိုင်သော တရုတ်သည် ထိုအဖွဲ့များအား မာရေကျောရေ ဆက်ဆံလေ့၊ ဖိအားပေးလေ့ရှိသော်လည်း AA ခေါင်းဆောင်များကို ခြောက်၍၊ ဖိအားပေး၍ ဆက်ဆံ၍မရပေ။ ထို့ကြောင့် တရုတ်တို့သည် AA ခေါင်းဆောင်များအား ချော့မော့၍ ပျော့ပြောင်းစွာ ဆက်ဆံလေ့ရှိသည်ဟု နယ်စပ်ဒေသ သတင်းများအရ သိရ၏။
သို့သော်လည်း တရုတ်တို့သည် ကျောက်ဖြူရှိ ၎င်းတို့၏ အကျိုးစီးပွားကို ထိပါးနိုင်သည့် ရခိုင်စစ်ပွဲ အပစ်ရပ်ရေးကို အပျော့နည်းဖြင့် ကြိုးစားနေပုံရ၏။ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ရသေ့တောင်တိုက်ပွဲအပြီး AA ခေါင်းဆောင်များကို တရုတ်ပြည်သို့ ဖိတ်၍ ဆွေးနွေးသည်ဟု နယ်စပ်ဒေသသ တင်းအရင်းအမြစ်များအရ သိရ၏။
တရုတ်တို့ ဆွေးနွေးဖွယ်ရှိသည့် အကြောင်းအချက်တခုမှာ စစ်ကောင်စီကလည်း ရခိုင်တွင် အပစ်ရပ်လိုသည်။ ရခိုင်တွင်မှ မဟုတ်ဘဲ တိုင်းရင်းသားဒေသ အားလုံးတွင် အပစ်ရပ်ထားပြီး ပြည်မတွင် ဖိတိုက်လိုသည်မှာ စစ်ကောင်စီ၏ သဘောထားအမှန် ဖြစ်၏။ ရခိုင်တွင်သာ အပစ်ရပ်နိုင်ပါက စစ်တပ်သည် ကချင်နှင့် ကရင်တို့သို့ပါ တပ်အင်အားဖြည့်နိုင်မည် ဖြစ်၏။
လက်ရှိ ရခိုင်တွင် တိုက်ပွဲမဖြစ်ဘဲ AA သိမ်းပိုက်ထားသည့် နယ်မြေများကို စစ်ကောင်စီက ဗုံးကြဲခြင်း၊ အမြောက်နှင့် ပစ်ခြင်းများ ပြုလုပ်နေသည်က အကြောင်းမဲ့ မဟုတ်ပေ။ အကယ်၍သာ အပစ်ရပ်ပါက AA သိမ်းပိုက်ထားသော မြို့နယ် ကိုးမြို့နယ်ကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ MNDAA နှင့် TNLA သိမ်းထားသည့် မြို့များကဲ့သို့ အေးချမ်းစွာ မအုပ်ချုပ်နိုင်အောင် ဖိအားပေးလို၍ဖြစ်၏။
ထို့ပြင် တရုတ်ကလည်း ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့နှင့် ပတ်သက်သည့် အကျိုးအမြတ် တစုံတရာအား AA သို့ ခွဲပေးပြီး ဆွဲဆောင်နိုင်သည်။ ခြိမ်းခြောက် ဖိအားပေး၍မရသော AA အား မက်လုံးပေးသည့်နည်းကို တရုတ်တို့ သုံးစွဲမည်ဟု မှန်းဆရ၏။
စစ်ကောင်စီကလည်း ရခိုင်တွင် အပစ်ရပ်ပါက ထိုသို့ခွဲဝေပေးရေးကို သဘောမတူစရာ မရှိပေ။ ရှမ်းမြောက် အပစ်ရပ်ရေးခိုင်မာရန် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတွင်ပင် ၇၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း အောက်ဈေးဖြင့် သဘောတူထား၏။ စစ်ကောင်စီအတွက် ၎င်းတို့ အသက်ဆက်ရှင်ရေးက အဓိကဖြစ်၏။
အပစ်ရပ်မလား၊ ဆက်တိုက်ကြမလား
၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ရသေ့တောင် တိုက်ပွဲပြီးကတည်းက ရခိုင်စစ်ပွဲ ငြိမ်သက်နေသည်မှာ တပတ်ခန့်ရှိပြီ ဖြစ်၏။ ယခုအခါ AA ခေါင်းဆောင်များလည်း တရုတ်ပြည်၌ ဆွေးနွေးရာမှ ပြန်လာပြီဟု သိရ၏။ ရခိုင်စစ်ပွဲ အပစ်ရပ်ဦးမည်လား၊ ဆက်တိုက်ကြမည်လား ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။

ရခိုင်ပြည်အတွင်း စစ်စခန်းတခုမကျန် တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြွေးကြော်ထားသော AA ၏ ရည်မှန်းချက်အား တရုတ်တို့ ဆွဲဆောင်နိုင်ခြင်းရှိ၊ မရှိ၊ AA အနေဖြင့် ရခိုင်တွင် စစ်ကောင်စီကို ပြတ်ပြတ်သားသား အနိုင်တိုက်နိုင်သည့် အခွင့်အခါကောင်းကို လက်လွှတ်၊ မလွှတ်၊ တရုတ်တို့အား AA ခေါင်းဆောင်များ သံတမန်ရေးအရ မည်ကဲ့သို့ ရင်ဆိုင်သည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ခဲ့၏။
လက်ရှိ ရခိုင်တွင် တိုင်းတပ်အပြင် စကခ ၅ နှင့် စကခ ၁၅ မှ ၈ ရင်းခန့်၊ တပ်မ ၂၂ မှ တပ်အချို့၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) မှ တပ်ရင်းအချို့သာရှိရာရာ ရှမ်းမြောက်မှ တပ်မ ၅၅ အား ထုတ်နုတ်၍ ရခိုင် နပခ ဌာနချုပ် အမ်းသို့ ပို့သည်ဟုသိရ၏။ မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ MNDAA နှင့် TNLA နှစ်ဖွဲ့ အပစ်ရပ်လိုက်ခြင်းသည် ၎င်းတို့၏ညီနောင်တဖွဲ့အပေါ် ရန်သူများလာစေသည်ကို တွေ့ရ၏။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ရသေ့တောင် တိုက်ပွဲပြီးကတည်းက ရခိုင်စစ်ပွဲ ငြိမ်သက်နေသည်မှာ တပတ်ခန့်ရှိပြီ ဖြစ်၏။ ယခုအခါ AA ခေါင်းဆောင်များလည်း တရုတ်ပြည်၌ ဆွေးနွေးရာမှ ပြန်လာပြီဟု သိရ၏။ ရခိုင်စစ်ပွဲ အပစ်ရပ်ဦးမည်လား၊ ဆက်တိုက်ကြမည်လား ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။
သို့သော်လည်း မတ်လ ၂၅ ရက်နေ့မှစ၍ ရခိုင်တွင် စစ်သံပြန်၍ ပေးလာခဲ့၏။ ရခိုင်တွင် AA မှအပ မည်သည့် လက်နက်ကိုင်အဖွဲ့မှ မရှိရဟု ထပ်မံအတည်ပြု ကြေညာသည်ကို တွေ့ရ၏။ မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ စစ်တွေတို့တွင် တိုက်ပွဲများ ပြန်ဖြစ်လာသည်ကို တွေ့ရ၏။
ထို့ပြင် ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရှမ်းတောင်၊ ကရင်နီ၊ ကရင်၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန် ဒေသများရှိ စစ်ရေးအခြေအနေများ၊ စစ်ကောင်စီ၏ စီးပွားရေးအခြေအနေများ၊ တပြည်လုံးရှိ လူထု၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အခြေအနေများကြောင့် စစ်တပ်ပြိုကွဲမှုကို တရုတ်တို့ တားဆီး၍ မရနိုင်ပေ။
တရုတ်အကျိုးစီးပွားအတွက် ရခိုင်နှင့်ရှမ်းမြောက်တွင် အပစ်ရပ်ရန် ကြိုးစားနေခြင်းသည် လက်တွေ့တွင် မြန်မာစစ်အာဏာရှင်များ အသက်ဆက်နိုင်အောင် ကူညီနေခြင်းဖြစ်နေ၍ မြန်မာပြည်တွင်း၌ တရုတ်ဆန့်ကျင်ရေး မြင့်တက်လာခြင်းသာ အဖတ်တင်နိုင်ပါသည်။
အမြော်အမြင်ကြီးမား၍ မဟာဗျူဟာ အမြင်များရှိကြသည်ဆိုသည့် တရုတ်တို့သည် တရုတ် အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်လွန်းသဖြင့် မြန်မာပြည် အခြေအနေမှန်ကို မမြင်နိုင်ကြတော့ဘဲ ၎င်းတို့လိုရာ ပုံဖော်ရန်သာ စဥ်းစားနေကြပုံရ၏။ လက်လျှော့မည့်ပုံ မပေါ်သေးပေ။
သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမရှိဘဲ၊ နိုင်ငံရေးအရ ခိုင်မာသည့် သဘောတူညီချက်မရှိဘဲ အပစ်အခတ်ရပ်စဲခြင်းဆိုသည်မှာ လေထဲတွင် တိုက်အိမ်ဆောက်ခြင်းမျှသာ ဖြစ်ပေလိမ့်မည်။
(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
လားရှိုးမြို့အနီး စစ်ကောင်စီတပ် ခံစစ်ပြင်
ရခိုင်မှာ အပစ် မရပ်ဘူးလို့ AA တရားဝင်ထုတ်ပြော(ရုပ်/သံ)
စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ
မြန်မာ့အာဏာသိမ်းမှု ၃ နှစ်အကြာ တရုတ်သာ အမြတ်ထွက်
တရုတ်နှစ်သစ်ကူး၊ နဂါးနှစ်နှင့် မြန်မာ့စစ်ရေးအလားအလာ
ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ














