၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ပထဆုံးအကြိမ် ဆန့်ကျင်ကန့်ကွက်ခြင်းအတွက် အဖမ်းခံရပြီး ငါးလ အကြာတွင် ကိုသိုက်ထွန်းဦးသည် မန္တလေးဗဟိုအကျဉ်းထောင် သို့မဟုတ် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့မှ အိုးဘိုဘူတာနှင့် နီးသောကြောင့် အိုးဘိုထောင်ဟုလည်းခေါ်သည့် ထောင်အတွင်းတွင် နောက်ထပ် ဆန္ဒပြပွဲတခုကို ဦးဆောင်သည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ပထမဆန္ဒပြပွဲတွင် ကိုသိုက်ထွန်းဦးကို ရာဘာကျည်ဆန် ၉ ချက် ထိမှန်ပြီးနောက် စစ်သားများက သူ့ကို လူအုပ်အတွင်းမှ ဆွဲခေါ်သွားသည်။ ၈၈ အရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ် သြဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယဆန္ဒပြပွဲတွင် သူ့ကို ထောင်ခန်းအတွင်းမှ ဆွဲထုတ်ပြီး အခြား အကျဉ်းသားများရှေ့တွင် နှစ်နာရီကြာ ညှဉ်းပန်းနှိပ်စက်သည်။
သစ်သားတုတ်များ၊ ရာဘာနံပါတ်တုတ်များ၊ လျှပ်စစ်ရှော့တိုက်တုတ်များဖြင့် ရိုက်နှက်မှုများ ရပ်သွားသောအခါ သူ၏ ဦးခေါင်းကို အဝတ်အိတ်ဖြင့် စွပ်သည်။
သစ်သားတုတ်များ၊ ရာဘာနံပါတ်တုတ်များ၊ လျှပ်စစ်ရှော့တိုက်တုတ်များဖြင့် ရိုက်နှက်မှုများ ရပ်သွားသောအခါ သူ၏ ဦးခေါင်းကို အဝတ်အိတ်ဖြင့် စွပ်သည်။
“သူ့ကို သတ်လိုက်တော့” ဟု ထောင်အရာရှိက ထောင်ဝါဒါများကို ပြောသည်။ သူ၏အသက်သည် သူသေဆုံးကြောင်း မိဘများကို အကြောင်းကြားရာတွင် သုံးမည့် A4 စက္ကူတရွက်၏ တန်ဖိုးမျှသာ ရှိသည်ဟု ထိုထောင်အရာရှိကပင် မိနစ်အတန်ကြာက သူ့ကိုပြောခဲ့ကြောင်း အသံကြောင့် မှတ်မိနေသည်။
“ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ လာမပြောနဲ့။ ဒါ မင်းတို့အမေခေတ် မဟုတ်ဘူး” ဟု ထို ထောင်အရာရှိက ၂၀၂၀ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်ပြီးနောက် ဖြုတ်ချခံရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြောဆိုသည်။
“ဒါ မင်းအောင်လှိုင်ခေတ်ကွ” ဟုလည်း အာဏာသိမ်းခေါင်းဆောင်ကို ထည့်ပြောသည်။
“အဲဒီထက် ဆိုးတာ ဘာရှိသေးလဲ ကျနော် မသိတော့ဘူး။ နောက်ထပ် ညှဉ်းပန်းနှိပ်စက်မှုတွေလား၊ သတ်ပစ်မလားပဲ” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ထိုစဉ်က သူသည် အသက် ၂၀ သာရှိသေးပြီး မန္တလေးတက္ကသိုလ် ရူပဗေဒ ဒုတိယနှစ် ကျောင်းသားဖြစ်သည်။
မဇူးဇူးမေယွန်းသည် စစ်အာဏာသိမ်းမှုကို ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ဆန့်ကျင်ကန့်ကွက်သောကြောင့် အဖမ်းမခံရမီက ခန္ဓာကိုယ်အလေးချိန် လျှော့ချသည့်ဆေးများနှင့် အလှကုန်များ ရောင်းချသည်။ သူသည် ၂ နှစ်နှင့် ၂၇ ရက် ထောင်ချခံရပြီး အချိန်အများစုမှာ တရားခွင်မတိုင်မီ ချုပ်နှောင်ခံရခြင်း ဖြစ်သည်။
ဆန္ဒပြသူများ ပထမဆုံး ခေါ်ဆောင်သွားခံရသည့်နေရာမှာ စစ်ထောက်လှမ်းရေးဌာနများဖြစ်ပြီး အမျိုးသမီးများအတွက် အန္တရာယ်အများဆုံး နေရာဖြစ်ကြောင်း ၎င်းကပြောသည်။ ရန်ကုန်ရှိ ရွှေပြည်သာစစ်ကြောရေးစခန်းတွင် အမျိုးသမီးအကျဉ်းသူတဦး အဓမ္မပြုကျင့် ခံရသည်ကို သူသိခဲ့သည်။
မေးခွန်းတခုနှင့်တခု အကြားတွင် ထိုးနှက်မှုများကြောင့် ၎င်းတို့မျက်နှာများတွင် ဖူးရောင် ကွဲပြဲမှုများ၊ နှုတ်ခမ်း ရောင်ကိုင်းမှုများ၊ မျက်လုံးညိုမည်းမှုများ၊ နှုတ်ခမ်းများနှင့် နှာခေါင်းများတွင် ခြောက်ကပ်နေသည့် သွေးများနှင့် သွားဖုံး၊ နှုတ်ခမ်း၊ နားနှင့် မျက်လုံးများတွင် သွေးယိုစိမ့်မှုများ ခံစားရသည်။
စစ်ကြောရေးဆိုသည်မှာ ညှဉ်းပန်းနှိပ်စက်ခြင်းပင်ဖြစ်ကြောင်း သူနှင့် အခြား အမျိုးသမီးနိုင်ငံရေး အကျဉ်းသူများက ပြောသည်။ မေးခွန်းတခုနှင့်တခု အကြားတွင် ထိုးနှက်မှုများကြောင့် ၎င်းတို့မျက်နှာများတွင် ဖူးရောင် ကွဲပြဲမှုများ၊ နှုတ်ခမ်း ရောင်ကိုင်းမှုများ၊ မျက်လုံးညိုမည်းမှုများ၊ နှုတ်ခမ်းများနှင့် နှာခေါင်းများတွင် ခြောက်ကပ်နေသည့် သွေးများနှင့် သွားဖုံး၊ နှုတ်ခမ်း၊ နားနှင့် မျက်လုံးများတွင် သွေးယိုစိမ့်မှုများ ခံစားရသည်။
မျက်နှာကို ပစ်မှတ်ထားခြင်းသည် ညှဉ်းပန်းနှိပ်စက်မှု အစသာဖြစ်ကြောင်း အမျိုးသမီးနိုင်ငံရေး အကျဉ်းသူဟောင်းများက ပြောသည်။
မဇူးဇူးမေယွန်းသည် အဖမ်းခံရချိန်တွင် ကလေး နှစ်ဦးရှိပြီး တဦးမှာ အသက် ကိုးလသာရှိသေးပြီး ခင်ပွန်းလည်း ရှိသည်။ သူ၏ခင်ပွန်းသည် နိုင်ငံရေးကို အမြဲတစေ ရှောင်ရှားသောကြောင့် မဇူးဇူးမေယွန်း ဆန္ဒပြပွဲများတွင် စတင်ပါဝင်သောအခါ သူ့ကို အဆက်အသွယ်ဖြတ်သည်။
သူ့ကို အင်းစိန်ထောင်တွင် ထောင်ချထားစဉ် ခင်ပွန်းက သူ့ကို ကွာရှင်းပြီး ကလေးများကို သူ၏မိခင်ထံ ပို့လိုက်သည်ဟု ရှင်းပြသည်။ နောက်တကြိမ် ဖမ်းဆီးထောင်ချမခံရရေးအတွက် ယခုနှစ်အစောပိုင်းက ထွက်ပြေးလာပြီး ထိုင်းနိုင်ငံ၊ မဲဆောက်တွင် အမျိုးသမီးနိုင်ငံရေး အကျဉ်းသူဟောင်းတဦးနှင့် အတူနေထိုင်နေသည်။ မည်သည့် အိမ်ထောင်ပရိဘောဂမှ မရှိသည့် အခန်းအတွင်းမှ သူ ထိုသို့ ရှင်းပြနေခြင်းဖြစ်သည်။
ဖမ်းဆီးခံရချိန်တွင် သူ့အသက် ၂၉ နှစ်ရှိပြီဖြစ်သည်။ အချုပ်အနှောင်တွင် နေထိုင်ခဲ့သည့် ၂ နှစ်နှင့် ၂၇ ရက်သည် သူ၏ အစိုးရဆန့်ကျင်မှုကို ပိုမိုကြံ့ခိုင်စေသည်။ “ထောင်ထဲမှာနေတုန်းက ကျမ လုပ်ချင်တဲ့ တခုတည်းသောအရာက ဆက်လက် ဆန့်ကျင်ဖို့အတွက် ထောင်ကနေ လွတ်မြောက်ရေးပဲ” ဟု ၎င်းကပြောသည်။
စစ်တပ်က နောက်ထပ် မျိုးဆက်တခုကို ဖျက်ဆီးခြင်းအား ခွင့်မပြုနိုင်ကြောင်း မဇူးဇူးမေယွန်းက ရှင်းပြသည်။
မြန်မာတွင် ကျန်ရစ်သည့် မိသားစုကို အန္တရာယ်ကျရောက်စေနိုင်သောကြောင့် အမည်ရင်းမသုံးသည့် အသက် ၂၅ နှစ်အရွယ် ကိုဗညားက “ဖမ်းဆီးခံရသူတိုင်း ညှဉ်းပန်းနှိပ်စက်ခံရတယ်” ဟု ပြောသည်။
“ပထမဆုံးသူတို့က ကျနော့်ကို လက်ထိပ်ခတ်တယ်။ ရဲ နှစ်ယောက်က ကျနော့်ကို တယောက်တလှည့် ထိုးတယ်။ တယောက်က ရင်ဘတ်ကိုထိုးပြီး တယောက်က မျက်နှာကို ထိုးတယ်။ ကျနော့်မျက်နှာကို ကာကွယ်ဖို့ ကျနော့်လက်ကို သုံးလို့မရဘူး။ နောက်တော့ ကျနော့်ကို ငရဲပို့လိုက်တယ်” ဟု ထိုညတွင် ညှဉ်းပန်းနှိပ်စက်ခံရပုံများကို ကိုဗညားက ရှင်းပြသည်။
သူသည် မိသားစုတွင် တက္ကသိုလ် ပထမဆုံးတက်သည့် သားဖြစ်သည်။ စက်မှုအင်ဂျင်နီယာပညာ သင်ယူနိုင်ရေးအတွက် လုံလောက်အောင် သူ့မိသားစုသည် ၁၈ နှစ်ကြာ ငွေစုဆောင်းခဲ့ရသည်။ စစ်တပ်က အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြုတ်ချလိုက်ချိန်တွင် သူသည် မှော်ဘီနည်းပညာတက္ကသိုလ်၌ စတုတ္ထနှစ် တက်ရောက်နေသည်။
ကိုဗညားသည် မြန်မာ၏ မျှော်လင့်ချက် ဆယ်စုနှစ်အတွင်း လူလားမြောက်လာသူ ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် မြန်မာကို ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ဆို့ထားသည့် စစ်တပ်ကို ဖယ်ထုတ်ရန် ကြိုးစားနေစဉ် ဖြစ်သည်။
အာဏာသိမ်းပြီးနောက်တွင် သူသည် ရန်ကုန်မှဆန္ဒပြပွဲများတွင် အခြားကျောင်းသားများနှင့် ပူးပေါင်းသည်။ သို့သော် စစ်တပ်က ကျည်ဆန်များဖြင့် တုံ့ပြန်သောအခါ သူသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ပြီး မည်သို့ ပြန်လည် တိုက်ခိုက်ရမည်ကို လေ့လာရန် အာရက္ခတပ်တော် (AA) သို့ ဝင်ရောက်သည်။
သူပြန်လာသောအခါ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင် ပဲခူးတိုင်းမှ စစ်ဆေးရေးစခန်းတခုတွင် အဖမ်းခံရသည်။ ရဲများက သူ၏ ဆိုင်ကယ်ကို လုယူပြီး သူ့ကိုဖမ်းသည်။
သာယာဝတီထောင်သို့ မပို့မီ ပဲခူးတိုင်း၊ မင်းလှရဲစခန်းတွင် နှစ်လကြာ စစ်မေးခံရပြီး သာယာဝတီထောင်တွင် ၁ နှစ်နှင့် ၇ လ ဖမ်းဆီးခံရသည်။ သူ့ကို လူအလွန်ကျပ်သည့် အချုပ်ခန်းတွင် ချုပ်ထားသောကြောင့် ဘေးစောင်းအိပ်ရသည်။
သူ့ကို မည်သူနှင့်မှ ဆက်သွယ်ခွင့်မပေးပေ။ အခြား အကျဉ်းသားတဦးက ကိုဗညား၏မိခင်ထံ သတင်းစကား မပေးပို့မီအထိ မိခင်ဖြစ်သူက သူအသတ်ခံရသည်ဟု ယူဆနေသည်။
ယခုနှစ်အစောပိုင်းတွင် စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းသောအခါ သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော စစ်တပ်တွင် စစ်မှု မထမ်းဆောင်ရရေးအတွက် မြန်မာမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးရန် စတင်စီစဉ်သည်။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် သူ့ကို ပြန်လွှတ်ပေးပြီးနောက် ဆက်လက် ဆန္ဒပြကန့်ကွက်လိုသော်လည်း အသက်အရွယ်ကြီးရင့်ပြီး အားအင်ချိနဲ့နေသည့် မိဘများနှင့် သူ၏ ညီငယ်အတွက် ဖြစ်လာမည့် အကျိုးဆက်များကို စိုးရိမ်သည်။ ယခုနှစ်အစောပိုင်းတွင် စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းသောအခါ သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော စစ်တပ်တွင် စစ်မှု မထမ်းဆောင်ရရေးအတွက် မြန်မာမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးရန် စတင်စီစဉ်သည်။
ထိုင်းနိုင်ငံ၊ မဲဆောက်သို့ ဧပြီလအစောပိုင်းတွင် သူရောက်လာသည်။ ယခုအခါ သူသည် ထိုင်းနယ်စပ်မြို့မှ စားသောက်ဆိုင်တဆိုင်တွင် တပတ်လျှင် ခုနစ်ရက် အလုပ်လုပ်သည်။ တလလျှင် တရက်ပင် အနားမရပေ။ လခမှာ တလလျှင် ၄,၅၀၀ ဘတ် (ဒေါ်လာ ၁၃၀ ခန့်) သာရသည်။
သင်္ဘောအင်ဂျင်နီယာဖြစ်လိုသည့် သူ၏လူငယ်ဘဝအိပ်မက် ပြီးဆုံးသွားသည်။ လူဝင်မှုကြီးကြပ်ရေးရဲများ၏ ဖမ်းဆီးမခံရအောင် လစဉ် လာဘ်ထိုးရသည့် မြို့တွင် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။
ရဲများကို တွေ့သောအခါ တုန်လှုပ်နေရသည်။ စိုးရိမ်ပူပန်လွန်နေသည်။ အချို့ညများတွင် အိပ်မပျော်နိုင်ပေ။ နေ့တနေ့၏ ပထမဆုံးအလင်းရောင်များကို စောင့်ဆိုင်းကာ တနာရီခန့် အိပ်နိုင်အောင် ကြိုးစားရင်း သူ့မျက်လုံးများသည် ပင်ပန်းမှုကြောင့် ပူလောင်နေသည်။
သူ၏အနာဂတ်ကိုပင် ကန့်သတ်ခံရသလိုဖြစ်သည်။ ပင်လယ်ပြင်တွင် အလုပ်ရရေးသည် သူ၏ အိပ်မက်ထဲကအလုပ် မဟုတ်တော့ပေ။ “ကျနော့်ကို ထောင်ထဲမှာ တယောက်တည်း ဖမ်းထားတာ။ သင်္ဘောပေါ်မှာလည်း အထီးကျန် မနေချင်တော့ဘူး” ဟု ပြောသည်။
နိုင်ငံရေး အကျဉ်းသား အလွန်များပြား
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထောင်ချသည့် အတိုင်းအတာ လွန်စွာမြင့်မားကြောင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) မှ ပြောခွင့်ရသူတဦးက ပြောသည်။
“အာရှဒေသ ဘယ်နေရာမှာမှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံလောက် နိုင်ငံရေးအကျဉ်းသား အများအပြား မတွေ့ဖူးဘူး” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီးနောက် သုံးနှစ်ခွဲအတွင်း ဖမ်းဆီးသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် ယခင် ဆယ်စုနှစ် လေးခုအတွင်း ဖမ်းဆီးသည့် အရေအတွက်ထက် ပိုမိုများပြားကြောင်း ဖမ်းဆီးမှုများကို လေ့လာစောင့်ကြည့်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဦးကျော်စိုးဝင်း က ပြောသည်။
အာဏာမသိမ်းမီက ထိုအသင်း၏စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၃,၅၀၀ သာရှိသည်။ ယခုအခါ ၂၇,၁၈၄ ဦး ထပ်တိုးလာသည်။
“နှိုင်းယှဉ်ပြောကြားရမယ်ဆိုရင် ၁၉၇၅ ခုနှစ်နောက်ပိုင်း ဗီယက်နမ်က ပြန်လည်ပညာပေးရေး စခန်းတွေ၊ တရုတ်က မော်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးအတွင်းက ပညာတတ်တွေ၊ အခြားသူတွေကို ပညာပေးတာနဲ့ ဆူဟာတို အာဏာရပြီးနောက် ၁၉၆၅ ခုနှစ်မှာ သိမ်းကြုံဖမ်းတာတွေနဲ့ တူတယ်”
“နှိုင်းယှဉ်ပြောကြားရမယ်ဆိုရင် ၁၉၇၅ ခုနှစ်နောက်ပိုင်း ဗီယက်နမ်က ပြန်လည်ပညာပေးရေး စခန်းတွေ၊ တရုတ်က မော်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးအတွင်းက ပညာတတ်တွေ၊ အခြားသူတွေကို ပညာပေးတာနဲ့ ဆူဟာတို အာဏာရပြီးနောက် ၁၉၆၅ ခုနှစ်မှာ သိမ်းကြုံဖမ်းတာတွေနဲ့ တူတယ်” ဟု HRW မှ ပြောခွင့်ရသူက ပြောသည်။
“စစ်ကောင်စီဖိနှိပ်မှုက အရမ်းကို ပြင်းထန်တယ်” ဟုလည်း ၎င်းကပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဖော်ပြသည့် အရေအတွက်တွင် ရဲစခန်းများ၊ စစ်စခန်းများ၊ အလုပ်စခန်းများနှင့် စစ်ကြောရေးစခန်းများတွင် ဖမ်းဆီးထားသူများ မပါဝင်ကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။
၎င်းတို့အသင်းသည် အတည်ပြုနိုင်သော နိုင်ငံရေးအကျဉ်းသားအမည်များကို ထည့်သွင်းထားပြီး အတည်ပြုသည့်စနစ်သည် ခိုင်မာကြောင်း ဦးကျော်စိုးဝင်းက ပြောသည်။
အာဏာသိမ်းပြီးနောက်တွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသည့် အရေအတွက်လည်း မြင့်မားလာကြောင်း ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူဟောင်း ဦးကျော်စိုးဝင်းက ပြောသည်။ သူသည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၁၉၉၈ ခုနှစ်တွင် အဖမ်းခံရပြီး ထောင် ၁၀ နှစ် ချခံခဲ့ရသည်။ ထိုသို့ ဖမ်းဆီးထောင်ချခံရချိန်တွင် သူသည် ဓာတုဗေဒဘွဲ့ရရန် တနှစ်သာ လိုတော့ချိန် ဖြစ်သည်။
“ကျနော်တို့ကို စစ်ထောက်လှမ်းရေးတွေက ညှဉ်းပန်းနှိပ်စက်တယ်။ သူတို့က လေ့ကျင့်ထားတာ” ဟု ၎င်းက ရှင်းပြသည်။
“သူတို့က ကျွမ်းကျင်မှု မရှိဘူး။ ဘယ်အချိန် ရပ်ရမလဲဆိုတာ မသိဘူး။ ဒါကြောင့် အကျဉ်းသားအများအပြား အရိုက်ခံရပြီး သေဆုံးကြတယ်။ ထောင်က ရန်ကုန်နဲ့ဝေးလေလေ အကျဉ်းသား သေဆုံးနိုင်ခြေ များလေလေပဲ”
ယခုအခါ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ရိုက်နှက်ခြင်းများကို အစောင့်များ၊ ဝါဒါများ၊ စစ်ကြောရေးစခန်းများနှင့် စစ်သားများက ပြုလုပ်ကြသည်။ “သူတို့က ကျွမ်းကျင်မှု မရှိဘူး။ ဘယ်အချိန် ရပ်ရမလဲဆိုတာ မသိဘူး။ ဒါကြောင့် အကျဉ်းသားအများအပြား အရိုက်ခံရပြီး သေဆုံးကြတယ်။ ထောင်က ရန်ကုန်နဲ့ဝေးလေလေ အကျဉ်းသား သေဆုံးနိုင်ခြေ များလေလေပဲ” ဟု ဦးကျော်စိုးဝင်းက ပြောသည်။
HRW မှ ပြောခွင့်ရသူကကလည်း “အဖမ်းခံရသူတွေ အမှုရင်ဆိုင်ဖို့ ထောင်ကို မရောက်ခင် သူတို့ကို စစ်တပ်ရဲ့ စစ်ကြောရေးစခန်းတွေကို ပို့တယ်။ အဲဒီမှာ ဘာစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းမှ မရှိဘူး။ အမှုတော်တော်များများမှာ အဲဒီစစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးခံထားရသူတွေဟာ စက်ဆုပ်ဖွယ် ညှဉ်းပန်းနှိပ်စက်တဲ့နည်းလမ်းတွေ၊ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ သေတဲ့အထိ ရိုက်သတ်တာတွေကို ရင်ဆိုင်ရတယ်။ ဘယ်လိုပဲ တိုင်းတာတိုင်းတာ အခု မြန်မာ ထောင်တွေထဲက ညှဉ်းပန်းနှိပ်စက်မှုတွေဟာ အရင်စစ်အုပ်စုတွေခေတ်ကထက် အများကြီး ပိုမိုဆိုးရွားတယ်” ဟု ပြောသည်။
ထိုကိစ္စများသည် နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီက ဆေးဝါးမပေးသည့် နည်းလမ်းနှင့်အတူ ရည်ရွယ်ချက်ရှိရှိသုံးသည့် သေနင်္ဂဗျူဟာ ဖြစ်နိုင်သည်ဟု ကိုသိုက်ထွန်းဦး ယုံကြည်သည်။ ထိုနည်းလမ်းသည် နိုင်ငံရေးအကျဉ်းသားအရေအတွက် လျှော့ချသည့် နည်းလမ်းတခု ဖြစ်ပြီး “ထောင်တွေဟာ ကွယ်ဝှက်ထားတဲ့ တော်လှန်ရေး ရှေ့တန်းစစ်မျက်နှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် များပြားလာသည့် နိုင်ငံရေးအကျဉ်းသားများကို ကိုင်တွယ်ရန် ထောင်များကို တိုးချဲ့သည်။ သို့သော် ထိုသို့လုပ်ခြင်းသည် ဆိုးကျိုးဖြစ်စေနိုင်သည်။ မြန်မာနိုင်ငံအတွင်း ပြုလုပ်ခဲ့သည့် သုတေသနများ အပါအဝင် လေ့လာမှုအများအပြားအရ ထောင်များသည် စိတ်ဝိညာဉ်ကို ဖျက်စီးသည့် အသေးစိတ်စွမ်းရည် ရှိသော်လည်း တော်လှန်ရေးနှင့် အခြေခံ စာနာနားလည်မှုကို မွေးဖွားပေးသည့် နေရာလည်းဖြစ်နိုင်ကြောင်း ပြသနေသည်။
ကိုသိုက်ထွန်းဦးသည် သံတိုင်များနောက်ကွယ်မှ ဖုံးကွယ်ထားသည်ကို အများပြည်သူ မြင်နိုင်အောင် သူတတ်သမျှ အရာရာကို လုပ်ဆောင်နေသည်။ ထောင်မှလွတ်လာပြီးနောက် သူသည် တိုင်းရင်းလက်နက်ကိုင်တပ်တခုက ထူထောင်ထားသည့် လွတ်မြောက်နယ်မြေသို့ မန္တလေးမှတဆင့် သွားရောက်သည်။
ထိုလွတ်မြောက်နယ်မြေတွင် ထောင်မှလွတ်လာသည့် အခြားလူငယ်များနှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကို ထူထောင်သည်။ သူသည် ထိုကွန်ရက်၏ ဆက်သွယ်ရေးတာဝန်ခံ ဖြစ်သည်။ သူသည် မြန်မာနှင့် အခြားနေရာများမှ သတင်းဌာနများ အားလုံးနီးပါးနှင့် နေ့စဉ်လိုလို အဆက်အသွယ် ရှိသည်။ မြန်မာမှ နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်သည့် သတင်းတပုဒ် ဖတ်ရပါက ထိုသတင်းသည် သူ့ထံမှလာသောသတင်း ဖြစ်နိုင်ခြေလည်းရှိသည်။
သူသည် အဓိကဘာသာကို ရူပဗေဒမှ နိုင်ငံရေးသိပ္ပံသို့ ပြောင်းလဲလိုက်ပြီး အွန်လိုင်းမှ လေ့လာနေသည်။ တော်လှန်ရေး အောင်မြင်သောအခါ နိုင်ငံရေးလောကသို့ ဝင်ရောက်လိုသည်။
မဇူးဇူးမေယွန်းသည် တော်လှန်ရေးအဆိုတော်နှင့် သီချင်းရေးသူ ဖြစ်လာသည်။ လွန်ခဲ့သောလတွင် သူသည် “သံတိုင်နောက်က တွဲလက်များ” အမည်ရှိ ဗီဒီယိုကို ထုတ်ဝေသည်။ မြန်မာထောင်များအတွင်းမှ ယုတ်မာ ရိုင်းစိုင်းမှုများကို သရုပ်ဖော်သည့် တေးစာသားများအား လူငယ်များ၏ အသိတရားကို ထိုးဖောက်နိုင်ရန်အတွက် အန်နီမေးရှင်းသရုပ်ဖော် စတိုင်လ်ကို အသုံးပြုသည်။
ကိုဗညားသည် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်နိုင်ရေးအတွက် မှတ်ပုံတင်ကတ်ရရန် စိတ်လှုပ်ရှားစွာ စောင့်နေသည်။
သူသည် လူသားချင်းစာနာမှု အဖွဲ့အစည်းတခုတွင် လုပ်ကိုင်လိုသည်။ “ကျနော် လူတွေကို ကူညီချင်တယ်” ဟု ပြောသည်။
လစာငွေမယူသည့် စေတနာ့ဝန်ထမ်းအဖြစ် သူလုပ်ကိုင်မည်ဖြစ်သည်။
ဦးကျော်စိုးဝင်း က မည်သို့ ဆုံးဖြတ်ထားသနည်း။ သူသည် လွန်ခဲ့သော ၂၅ နှစ်က သူ့ထံမှ လုယူခံခဲ့ရသည့် ဓာတုဗေဒဘွဲ့ ပြီးစီးအောင်မြင်ရေးအတွက် တက္ကသိုလ်သို့ ပြန်မသွားဟု မပြောနိုင်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Vincent MacIsaac ၏ Inside The Hidden Frontline of Myanmar’s Revolution ကို ဘာသာပြန်သည်။)
You may also like these stories:
၂၀၂၄ ခုနှစ် အစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃ ဦး သေဆုံး
အကြမ်းဖက်မှုရပ်ပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ရန် အမေရိကန်က စစ်ကောင်စီကို တောင်းဆို
အိုးဘိုထောင်မှာ ရိုက်နှက်ခံရလို့ နိုင်ငံရေးအကျဉ်းသားတဦးသေဆုံး(ရုပ်/သံ)
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးသည် အပေးအယူကိစ္စ မဟုတ်
ကလေးထောင်မှ နိုင်ငံရေးအကျဉ်းသားများ ၂ နှစ်နီးပါးကြာ တိုက်ပိတ်ခံနေရ
LGBT နိုင်ငံရေးအကျဉ်းသား တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ
နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မှု တရားဥပဒေနှင့် မညီ