ရှမ်းပြည်မြောက်ပိုင်းက မြို့ငယ်လေးတမြို့ဖြစ်တဲ့ ဟိုပန်ဟာ အခုနှစ်အစောပိုင်းမှာ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လက်ကို ကျရောက်သွားပြီးနောက် ကြီးမားတဲ့ လူမှုစီးပွား အပြောင်းအလဲတွေ ရင်ဆိုင်နေရပါတယ်။ UWSA အုပ်ချုပ်ရေးအောက်မှာ ကာစီနိုတွေ၊ အနှိပ်ခန်းတွေနဲ့ ပြည့်တန်ဆာအိမ်တွေ များလာပြီး အခွန်မြင့်မားတာ၊ တရုတ်ဇာတ်သွင်းတာတွေကို ဒေသခံတွေ ညည်းညူကြပါတယ်။
တရုတ်နယ်စပ်က အိမ်နီးချင်း ချင်းရွှေဟော်မြို့မှာ တိုင်းရင်းသား ညီနောင်မဟာမိတ်တွေ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နှစ်လအကြာမှာ ဟိုပန်ဟာ ဝ အုပ်ချုပ်ရေးအောက် ကျရောက်သွားပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့မှာ ညီနောင်မဟာမိတ်တွေက ဟိုပန်နဲ့ ပန်လုံကို သိမ်းပိုက်ပြီး ပန်ဆန်း အမာခံ ဒေသက ချီတက်လာတဲ့ ဝ တပ်တွေကို လွှဲပြောင်းပေးလိုက်ပါတယ်။
မြန်မာမှာ အင်အားအကြီးမားဆုံး တိုင်းရင်းသားတပ်ဖြစ်တဲ့ UWSA ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သူတို့မဟာမိတ်တွေနဲ့ကြားက ပဋိပက္ခမှာ ကြားနေတယ်လို့ ကြေညာထားပါတယ်။
စစ်ကောင်စီနဲ့ တရားဝင် သဘောတူညီချက်တွေအရ မြို့တွေမှာ အုပ်ချုပ်ရေး သက်သက်ပဲ ထူထောင်ထားတယ်လို့ UWSA ပြောခွင့်ရသူ ဦးညီရန်းက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။ “အဲဒီလို မလုပ်ရင် အဲဒီမြို့ ဗုံးကြဲခံရမယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီနဲ့ တရားဝင် သဘောတူညီချက်တွေအရ မြို့တွေမှာ အုပ်ချုပ်ရေး သက်သက်ပဲ ထူထောင်ထားတယ်လို့ UWSA ပြောခွင့်ရသူ ဦးညီရန်းက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။ “အဲဒီလို မလုပ်ရင် အဲဒီမြို့ ဗုံးကြဲခံရမယ်” လို့ သူကပြောပါတယ်။
UWSA က ဟိုပန်ကို လွှဲပြောင်းရယူပြီးနောက် ဝ အုပ်ချုပ်ရေးကို ပေးဖို့ငွေ ခက်ခက်ခဲခဲ ရှာရတယ်လို့ ဟိုပန် ဒေသခံတွေက ညည်းညူပါတယ်။ ဟိုပန်မှာနေရတာ တရုတ်အုပ်ချုပ်ရေးအောက်မှာ နေရသလိုပဲလို့ သူတို့က ပြောပါတယ်။ “အခု ဟိုပန်က တရုတ်မြို့ ဖြစ်သွားပြီ” လို့ဒေသခံတဦးက ပြောပါတယ်။
ဗဟိုအစိုးရဟာ ဟိုပန်စော်ဘွားရဲ့ ထောက်ခံမှုနဲ့ ချင်းရွှေဟော်မြို့နယ်စပ်မြို့ရဲ့ ဝင်ပေါက်ဖြစ်တဲ့ ဟိုပန်ကို ၁၉၆၀ ပြည့်နှစ်တွေက စတင်ပြီး တင်းကျပ်စွာ ချုပ်ကိုင်ခဲ့ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) က ခွဲထွက်လာတဲ့ ကိုးကန့်တပ်လို့လည်း သိကြတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) နဲ့ UWSA တို့ဟာ ၁၉၈၉ ခုနှစ်မှာ အရင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အုပ်စုက ဗိုလ်ချုပ် ခင်ညွန့်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပါတယ်။
အဲဒီတုန်းက စစ်အုပ်စုဟာ ကိုးကန့်ဒေသကို အထူးဒေသ ၁ နဲ့ ဝ ဒေသကို အထူးဒေသ ၂ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဝ မြောက်ပိုင်းပိုင်နက်က ဟိုပန်ဟာ အခုနှစ် ဇန်နဝါရီလအထိ စစ်ကောင်စီထိန်းချုပ်မှု အောက်မှာပဲ ရှိနေပါတယ်။
နှစ်ပေါင်း ၃၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဟိုပန်က အစိုးရရုံးတွေထဲကို ဝ တပ်တွေ အင်အားပြ ဝင်ရောက်ခဲ့ပြီး ၁၀ လအကြာမှာ မြင့်မားတဲ့အခွန်ကိစ္စဟာ တမြို့လုံးရဲ့ ပြောစရာ ဖြစ်လာပါတယ်။
ဟိုပန်ဟာ မြန်မာနိုင်ငံတဝန်းက အခြားမြို့တွေလိုပဲ ကိုဗစ်နိုင်တင်း ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ကပ်ဒုက္ခ နှစ်ခုလုံး ခံစားရပါတယ်။
အခုတော့ အဲဒီမြို့ဟာ ရှမ်းပြည်မြောက်ပိုင်းက ပြင်းထန်တဲ့ တိုက်ပွဲတွေရဲ့ ရိုက်ခတ်မှုကို ခံစားနေရပါတယ်။ ညီနောင်မဟာမိတ်တွေ ထိုးစစ်ရပ်အောင် ဖိအားပေးတဲ့အနေနဲ့ တရုတ်က နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တဲ့အတွက် ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်ပြီး အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြပါတယ်။
ဒေသခံ လူမှုအသိုက်အဝန်းတွေအပေါ် ဖိအားကို ပိုမိုဆိုးရွားစေတာကတော့ ဝ အုပ်ချုပ်ရေးက ချမှတ်တဲ့ မြင့်မားတဲ့အခွန်တွေပဲ ဖြစ်ပါတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ လုပ်အားနဲ့အိမ်ထောင်စုတွေ၊ အခြားကိစ္စတွေအပေါ် ကောက်ခံတဲ့အခွန်ကို မြှင့်တင်လိုက်ပြီး အဲဒီအခွန်ကို တရုတ်ငွေကြေးနဲ့ ပေးရပါတယ်။ အိမ်ထောင်စု အမှိုက်ခွန်ဟာ ဝ လက်လွှဲမယူမီက ၃,၀၀၀ ကျပ် (၅ ယွမ်) ကနေ အခု ၃၀,၀၀၀ ကျပ်ကျော် (ယွမ် ၅၀) အထိ တက်သွားပါတယ်။
အာဏာသိမ်းပြီးနောက်မှာ ကျပ်ငွေတန်ဖိုးက အများအပြား ဆုံးရှုံးသွားတော့ အခွန်ဟာ အောက်ခြေ လူမှုအသိုက်အဝန်းတွေအတွက် ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်နေပါတယ်။
ဒေသစီးပွားရေးတွေဟာလည်း ကျပ်တည်းနေပါတယ်။ ဟိုတယ်တွေက တလကို အမှိုက်ခွန် ကျပ် ၉ သိန်း (ယွမ် ၁,၅၀၀) ပေးရပြီး ဆေးခန်းတွေက တလ ကျပ် ၃ သိန်း (ယွမ် ၅၀၀) ပေးရပါတယ်။ ဒါဟာ ဝ တပ်တွေကို ထောက်ပံ့နေရသလို ဖြစ်နေတယ်လို့ ဒေသခံတွေက ညည်းညူနေကြပါတယ်။
မြင့်မားတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အခွန်တွေကြောင့် အလှပြင်ဆိုင်၊ ကွမ်းယာဆိုင်နဲ့ အစားအသောက်ဆိုင်တွေလို အသေးစားစီးပွားရေးတွေဟာ ပြိုလဲလုနီး ဖြစ်နေပါတယ်။ အခွန်ရှောင်သူတွေဟာ ဒဏ်ငွေ ယွမ် ၂,၀၀၀ ဆောင်ရမှာ ဖြစ်တဲ့အတွက် အများအပြားကတော့ ပိတ်ရပါတော့မယ်။
မြင့်မားတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အခွန်တွေကြောင့် အလှပြင်ဆိုင်၊ ကွမ်းယာဆိုင်နဲ့ အစားအသောက်ဆိုင်တွေလို အသေးစားစီးပွားရေးတွေဟာ ပြိုလဲလုနီး ဖြစ်နေပါတယ်။ အခွန်ရှောင်သူတွေဟာ ဒဏ်ငွေ ယွမ် ၂,၀၀၀ ဆောင်ရမှာ ဖြစ်တဲ့အတွက် အများအပြားကတော့ ပိတ်ရပါတော့မယ်။
UWSA စစ်သားတွေ၊ အခွန်အရာရှိတွေနဲ့ ဒေသအရာရှိတွေဟာ အခွန်ကောက်ဖို့ တအိမ်တက်ဆင်း သွားကြပါတယ်။
“အရင်အစိုးရအောက်မှာလို သူတို့နဲ့ (လာဘ်ထိုးဖို့) ညှိလို့မရဘူး။ သူတို့က တရုတ်ငွေနဲ့ အခွန်ကောက်တယ်။ မပေးရင် ဆိုင်ပိတ်ရတယ်” လို့ ဒေသခံ စီးပွားရေးပိုင်ရှင်တဦးက ဧရာဝတီ သတင်းဌာနကို ပြောပါတယ်။
“တခုတည်းသော ကောင်းတာကတော့ ကျမတို့ တခြားမြို့တွေလို ဗုံးကြဲမခံရတာ၊ ဒါမှမဟုတ် စစ်ဘေးရှောင်စရာ မလိုဘူး” လို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
လောက်ကိုင်၊ သိန္နီနဲ့ ကွမ်လုံလို ပဋိပက္ခဖြစ်နေတဲ့ အနီးကမြို့တွေက တရုတ်နိုင်ငံသားတွေဟာ အများအားဖြင့် ငြိမ်းချမ်းတဲ့ ဟိုပန်ကို စုပြုံလာရောက်ကြတယ်။ တချိန်တည်းမှာပဲ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဟာ ကာစီနိုတွေ၊ ယမကာဆိုင်တွေ၊ အနှိပ်ခန်းတွေနဲ့ ပြည့်တန်ဆာအိမ်တွေဖွင့်ဖို့ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပြီး မြို့ကို တရုတ်နိုင်ငံငယ်လေးဖြစ်အောင် လုပ်နေတော့ ဒေသခံတွေ တုန်လှုပ်နေကြပါတယ်။
ဒီမြို့ငယ်လေးဟာ ရှမ်း၊ ကချင်၊ ဝ၊ ဗမာနဲ့ လီဆူးတိုင်းရင်းသားတွေ နေထိုင်ကြပြီး ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေလည်းရှိပြီး ဒေသခံအများစုဟာ တဦးနဲ့တဦး သိကျွမ်းတဲ့ လူမှုအသိုက်အဝန်းငယ်တခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ နီးပေမယ့် ဟိုပန်ဟာ ဝ တွေ မသိမ်းမီကအထိ မြို့ရဲ့ ဓလေ့ထုံးစံနဲ့ အစဉ်အလာတွေကို ထိန်းသိမ်းထားခဲ့ပါတယ်။
ချင်းရွှေဟော်နဲ့ ဟိုပန်ကို ဆက်သွယ်ထားတဲ့ နမ့်တိန်တံတားနားက ရပ်ကွက်သစ်တွေနဲ့ ဝ ထိန်းချုပ်တဲ့ နမ့်တစ်နဲ့ ဟိုပန်ကို ဆက်သွယ်ထားတဲ့လမ်းဟာ စည်ကားတဲ့ လောင်းကစား အချက်အခြာနေရာ ဖြစ်လာပါတယ်။
အခုတော့ လောင်းကစားလုပ်ငန်းနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ “မှိုလိုပေါက်နေတယ်” လို့ ဟိုပန်မှာ နှစ်ပေါင်း ၄၀ ကျော်နေထိုင်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။
“ဝ တွေ လက်လွှဲမယူခင်က ဒါတွေ မရှိဘူး။ အဲဒီမျိုးတွေက လောက်ကိုင်နဲ့ ချင်းရွှေဟော်မှာပဲရှိပြီး အဲဒီမှာ ဟိုပန် ဒေသခံတွေက အလုပ်သွားရှာကြရတာ။ အခုတော့ ဝ အုပ်ချုပ်ရေးအောက်မှာ မကောင်းတာမျိုးစုံ ဟိုပန်ကို ရောက်လာပြီ။ ဘောလုံးပွဲ လောင်းကစားတာနဲ့ ၂ လုံး၊ ၃ လုံး ချဲထီရောင်းတာက အခု တရားဝင်သွားပြီ” လို့လည်း သူကပြောပါတယ်။
“မူးယစ်ဆေးနဲ့ လက်နက်ကလွဲရင် သူတို့က အကုန်ခွင့်ပြုတယ်” လို့လည်း သူက ရှင်းပြပါတယ်။
မကြာသေးမီက အပြောင်းအလဲတွေကို အသက်ပိုမိုကြီးတဲ့ ဒေသခံတွေက စိတ်မချမ်းမြေ့ကြပေမယ့် UWSA ကတော့ အမှိုက်ခွန်တိုးတဲ့ ဝင်ငွေနဲ့တင် အကျိုးအမြတ် အများကြီးရနေပါတယ်။ ဒါပေမယ့် ဝ အုပ်ချုပ်ရေးအောက်မှာ အများပြည်သူ ဝန်ဆောင်မှုမှာလည်း သိသိသာသာ တိုးတက်မှု မရှိဘူးလို့ ဒေသခံတဦးက ဧရာဝတီကို ပြောပါတယ်။
UWSA က ဟိုပန်မှာ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၃၀ ရက်နေ့က လူအများရှေ့မှာ စစ်ဆေးပြီး သေဒဏ်စီရင်တာနဲ့ မကြာသေးမီက ပြည်သူ့စစ် ထူထောင်တာကိုလည်း ဒေသခံတွေ တုန်လှုပ်ကြပါတယ်။
ကိုးကန့်ထိန်းချုပ်တဲ့ လောက်ကိုင်နဲ့ ဝ ထိန်းချုပ်တဲ့ နမ့်တစ်မှာ အများပြည်သူရှေ့ သေဒဏ်ပေးတာကို ဟိုပန်ဒေသခံတွေ သတိထားမိပေမယ့် သူတို့လို လူမျိုးစု စုံလင်ကွဲပြားတဲ့မြို့ကို အလားအလာရှိတဲ့ ရိုက်ခတ်မှုအတွက် စိုးရိမ်ပူပန်နေပါတယ်။
“အမှုစီရင်တာကိုကြည့်ဖို့ ဒေသခံတွေကို ဆင့်ခေါ်တယ်။ တရားခံကို သင်္ချိုင်းကို ထုတ်လာ၊ ပစ်သတ်ပြီး အလောင်းကို မီးရှို့တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အများပြည်သူရှေ့မှာ စီရင်ကွပ်မျက်တာဟာ မြန်မာ့တရားဥပဒေစနစ်ရဲ့ လုပ်ပုံလုပ်နည်း မဟုတ်ဘူး၊ UWSA ရဲ့ ဥပဒေစနစ်က တရုတ်ဥပဒေစနစ်နဲ့ ပိုတူတယ်ဆိုပြီး ဝေဖန်မှုတွေ ဖြစ်စေပါတယ်။
အများပြည်သူရှေ့မှာ စီရင်ကွပ်မျက်တာဟာ မြန်မာ့တရားဥပဒေစနစ်ရဲ့ လုပ်ပုံလုပ်နည်း မဟုတ်ဘူး၊ UWSA ရဲ့ ဥပဒေစနစ်က တရုတ်ဥပဒေစနစ်နဲ့ ပိုတူတယ်ဆိုပြီး ဝေဖန်မှုတွေ ဖြစ်စေပါတယ်။ ဒီကိစ္စကို မှတ်ချက်ပေးဖို့ ဧရာဝတီသတင်းဌာနက UWSA ပြောခွင့်ရ ဦးညီရန်းကို ဆက်သွယ်ပေမယ့် အကြောင်းမပြန်ပါဘူး။
UWSA က အသက် ၁၈ နှစ်ကနေ ၄၀ ကြား အမျိုးသားတွေကိုလည်း ပြည်သူ့စစ်အတွက် အတင်းအကျပ် စုဆောင်းတာကြောင့် ဒေသခံလူမှုအသိုက်အဝန်းတွေရဲ့ ဝေဖန်မှုဖြစ်စေပါတယ်။
“ပထမတုန်းက နှစ်နှစ်လောက် ပြည်သူ့စစ်မဖွဲ့ဘူးလို့ သူတို့ ကတိပြုထားပေမယ့် အခု တနှစ်တောင် မပြည့်သေးဘူး။ ပြည်သူ့စစ်မှာ မလုပ်ချင်ရင် လူစားထိုးဖို့ ငွေပေးရမယ်” လို့ အတင်းအကျပ် ပြည်သူ့စစ်လုပ်ရမယ့် အသက်အရွယ်ရှိ သားတယောက်ရဲ့ ဖခင်က ပြောပါတယ်။
စစ်ကောင်စီ အဆိုပြုထားတဲ့ ရွေးကောက်ပွဲတွေ စီစဉ်ထားတဲ့အတိုင်း ကျင်းပရင် မြို့တွေကို စစ်ကောင်စီကို ပြန်လွှဲပေးဖို့ UWSA ကို တရုတ်က ဖိအားပေးပြီး စစ်ကောင်စီကို ပြန်လည် ထိန်းချုပ်စေမယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒီကြားထဲမှာတော့ UWSA ဟာ ငွေများနိုင်သမျှများများ ရဖို့အခွင့်အလမ်းကို အသုံးချနေတယ်လို့ ဒေသခံတွေက စွပ်စွဲကြပါတယ်။
ဆိုင်ကယ်သမားတွေ ဦးထုပ်မဆောင်း မနေရတို့၊ ခိုးမှုနဲ့ မူးယစ်ဆေးသုံးစွဲမှု နည်းလာတာတို့နဲ့ ဟိုတယ်တွေ၊ အနှိပ်ခန်းတွေနဲ့ ပြည့်တန်ဆာအိမ်တွေက အလုပ်သမားတွေကို ကျန်းမာရေး စစ်ဆေးတာတို့လို အသေးစား တိုးတက်မှုတချို့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒါပေမယ့် ဆိုးကျိုးတခုကတော့ ကျန်းမာရေးစစ်ဆေးခတွေ ဈေးအရမ်းကြီးတာပဲ” လို့ ဟိုပန် ဒေသခံတယောက်က ပြောပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ ‘Little China’: Locals Report Sinicization, High Taxes in Wa-Controlled Myanmar Towns ကို ဘာသာပြန်သည်။)
You may also like these stories:
သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ
UWSA ၏ “ဝ” ပြည်နယ်တောင်းဆိုချက် စစ်ကောင်စီ သတ်မှတ်ပေးမှာလား
UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း
တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံကို တိုက်ခိုက်မည်မဟုတ်ဟု UWSA “ဝ”ထုတ်ပြန်