အာဆီယံ ဆုံးဖြတ်ချက်ချသည့်နေရာတွင် မြန်မာသည် ဆူးတချောင်း ဆက်လက်ဖြစ်နေမည်ဟု မျှော်လင့်ရပြီး အရေးပါသည့် အစည်းအဝေးတခုတွင် စင်ကာပူကာကွယ်ရေးဝန်ကြီး ဒေါက်တာ ငန်အန်ဟန်းက စစ်တပ် အုပ်ချုပ်သည့် မြန်မာနိုင်ငံ၏ အပြုအမူကို ကန့်ကွက်ကာ “လက်စားချေ နိုင်ငံရေး” ကို ဒေသတွင်းဆွေးနွေးပွဲသို့ ယူမလာရန် တိုက်တွန်းခဲ့သည်။
ADMM-Plus အဖွဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးကို မြန်မာတနိုင်ငံတည်းက အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) တွင် ကန့်ကွက်နေသောကြောင့် ADMM သည် အကျပ်အတည်းဆိုက်နေသည်ဟု လာအိုနိုင်ငံ၊ ဗီယင်ကျန်းတွင် ကျင်းပသည့် ADMM အစည်းအဝေးတွင် နိုဝင်ဘာလ ၂၀ ရက်နေ့၌ ဒေါက်တာ ငန်အန်ဟန်းက ပြောသည်။ ADMM-Plus အုပ်စုတွင် အာဆီယံအဖွဲ့ဝင် မဟုတ်သည့် နိုင်ငံ ရှစ်နိုင်ငံ ပါဝင်ပြီး ထင်ရှားသောနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ ဖြစ်သည်။
“ကျနော်တို့အနေနဲ့ ကန့်ကွက်ဖို့လိုတယ်လို့ ကျနော်တို့ ခံစားရတယ်။ ကျနော်တို့ကို အခက်အခဲဖြစ်စေတဲ့ လက်စားချေ နိုင်ငံရေးမှာ ပါဝင်ဖို့ အာဆီယံကို သူတို့အကျိုးအတွက် အသုံးမချသင့်ဘူးဆိုတာ ကျနော်တို့ သတိပေးခဲ့တယ်” ဟု ဒေါက်တာ ငန်အန်ဟန်းက ပြောပြီး လာမည့်နှစ် အာဆီယံဥက္ကဋ္ဌအနေဖြင့် မလေးရှားက ထိုပြဿနာကို ကိုင်တွယ်သင့်ကြောင်းလည်း ပြောသည်။
စစ်ကောင်စီ ဦးဆောင်သည့် မြန်မာနှင့် အဖွဲ့အကြား သဘောထားကွဲလွဲမှုများသည် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်ကို ဆက်လက် အနှောင့်အယှက်ဖြစ်စေမည်ဟု သုတေသီများ ခန့်မှန်းသော်လည်း ပိုမို စိုးရိမ်စရာကောင်းသည့်ကိစ္စမှာ ထိုကိစ္စသည် အာဆီယံ ဗဟိုပြုမှုကို မည်သို့ ထိခိုက်စေမည်နည်းဆိုသည့် ကိစ္စဖြစ်ကြောင်း ပြောကြသည်။
အာဆီယံ ဗဟိုပြုခြင်းဆိုသည်မှာ အဖွဲ့သည် ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်ရန်နှင့် ပြင်ပအင်အားကြီးများနှင့် ထိတွေ့ဆက်ဆံရေးတွက် အခြေခံ ဒေသဆိုင်ရာစင်မြင့်ဖြစ်သည်ဟု ဆိုလိုသည်။
အာဆီယံ၏ ဝင်ရောက်မစွက်ဖက်ရေးနှင့် အချုပ်အခြာအာဏာပိုင်မှု မူများသည် မြန်မာမှ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အခြေခံအကြောင်းရင်းများကို စစ်ကောင်စီက မဖြေရှင်းရန် လမ်းပွင့်နေသောကြောင့် မြန်မာသည် “အဖွဲ့အစည်းအတွင်း ဆူးတချောင်း” ဖြစ်စေသည်ဟု စင်ကာပူရှိ အက်စ် ရာဂျာရတ်တနမ် နိုင်ငံတကာလေ့လာရေးကျောင်းမှ သုတေသီ မူဟာမက် ဖိုင်ဇယ် ဘင် အဗ္ဗဒူ ရာမန်က ပြောသည်။
“ဒီလိုလုပ်တာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ဒစ်ဂျစ်တယ်ကာကွယ်ရေးတို့လို အာဆီယံအတွင်း ဘက်စုံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ခက်ခဲစေတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီဟာ သူတို့သိထားတာတွေကို လူသားလုံခြုံရေးအတွက် အမှန်တကယ် ခြိမ်းခြောက်မှုမှာ မသုံးဘဲ မြန်မာပြည်သူတွေကို နှိမ်နင်းရာမှာ အသုံးချနိုင်လို့ဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။
“မြန်မာ၏လုပ်ရပ်များသည် (ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရာတွင်) မိမိတို့ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ဂရုတစိုက် တည်ဆောက်ထားသည့် အာဆီယံ ဗဟိုပြုမှုကို ထိခိုက်စေနိုင်သည့်အန္တရာယ်ရှိပြီး ADMM အပေါ် ယုံကြည်မှု ဆုံးရှုံးလိမ့်မည်” ဟု ကာကွယ်ရေးဝန်ကြီး ဒေါက်တာ ငန်အန်ဟန်းက ပြောကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုတွင် မြန်မာအရပ်သားအစိုးရကို ဖြုတ်ချသည့် စစ်ကောင်စီသည် အခြားအဖွဲ့ဝင်များက နိုင်ငံရေးကိုယ်စားလှယ် မဟုတ်သူကိုသာ တက်ရောက်ခွင့်ပြုရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဆုံးဖြတ်ပြီးနောက် ယခုနှစ်အစောပိုင်းအထိ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးများကို သပိတ်မှောက်သည်။
လွန်ခဲ့သောလတွင် အာဆီယံခေါင်းဆောင်များက မြန်မာနှင့်ပတ်သက်သည့် ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရေး ကတိကဝတ်အား ထပ်လောင်းအတည်ပြုပြီး ထိုဘုံသဘောတူညီချက်သည် အကြမ်းဖက်မှုရပ်ဆိုင်းရေးနှင့် သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး တောင်းဆိုကာ အာဆီယံ၏ ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းကို မထိခိုက်စေရန် လုပ်ဆောင်သည်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ ဗုဒ္ဓဟူးနေ့မှ စတင်ကာ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးကျင်းပခဲ့ရာ သောကြာနေ့တွင် အာဆီယံ ကာကွယ်ရေးဝန်ကြီးများသည် ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် မြန်မာနိုင်ငံအပေါ် သဘောတူညီမှုငါးရပ်အတွက် ၎င်းတို့၏ ထောက်ခံမှုကို အသစ်တဖန်ပြန်လည် ထောက်ခံခဲ့ကြသည်။
သို့သော် စစ်ကောင်စီသည် ထိုတောင်းဆိုမှုများကို လျစ်လျူရှုသည်။
“မြန်မာက သူ့ပြည်သူကိုသူ ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးနေတယ်။ ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုရဲ့ ငြိမ်းချမ်းသောတိုးတက်မှု မျက်နှာမူရေးနဲ့ လူသားလုံခြုံမှု မျက်နှာမူရေး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနားလည်မှုကို ချိုးဖောက်တယ်” ဟု အက်စ် ရာဂျာရတ်တနမ် နိုင်ငံတကာလေ့လာရေးကျောင်းမှ ဝါရင့် သုတေသီ အလန်ချုံက ပြောသည်။
ထိုအချက်သည် စစ်ကိုတားဆီးရန် နိုင်ငံတော်များအကြား စစ်ရေးယုံကြည်မှု တည်ဆောက်ရန်နှင့် လူသားချင်းစာနာမှု အကူအညီ၊ ပင်လယ်ဓားပြ ပူးတွဲတိုက်ဖျက်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆေးအထောက်အကူ အပါအဝင် လူသားလုံခြုံမှုအတွက် ပူးပေါင်းဆောင်ရွက်မှု အားပေးရေးတို့ကို ရည်ရွယ်သည့် ADMM နှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သုတေသီ အလန်ချုံက ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ လူပေါင်း ၅,၉၀၉ ဦး သတ်ဖြတ်ခံရပြီး ၂၇,၆၁၂ ဦး ဖမ်းဆီးထားကြောင်း ပြည်တွင်းစောင့်ကြည့်ရေး အဖွဲ့ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ သိရသည်။
အလားတူစွာပင် မြန်မာသည် စစ်ကောင်စီ၏ ညံ့ဖျင်းသော ဒီမိုကရက်တစ်နှင့် လူသားချင်းစာနာမှု မှတ်တမ်းများကြောင့် အာဆီယံအတွက် စိန်ခေါ်မှု အမြဲဖြစ်နေကြောင်း စင်ကာပူ လူမှုသိပ္ပံတက္ကသိုလ်၊ လုံခြုံရေးလေ့လာမှုအစီအစဉ် အကြီးအကဲနှင့် တွဲဖက် ပါမောက္ခ အန်တိုနီယို ရက်ပါက ပြောသည်။
“စင်ကာပူကာကွယ်ရေးဝန်ကြီး ပြောတဲ့အတိုင်းပဲ အန္တရာယ်ကတော့ မြန်မာဟာ အာဆီယံ ဗဟိုပြုမှု ထိခိုက်စေမယ့် လက်စားချေနိုင်ငံရေးပုံစံကို သုံး၊ မသုံးဆိုတာပဲ။ ပိုမိုကြီးမားတဲ့ မေးခွန်းကတော့ ရှီကျင့်ဖျင်ရဲ့ တရုတ်နဲ့ ဆက်ဆံရေးနဲ့ မြန်မာအနာဂတ်မှာ တရုတ်က ဘယ်အခန်းကဏ္ဍက ပါဝင်မလဲဆိုတာပဲ” ဟု ၎င်းကပြောသည်။
မြန်မာအကျပ်အတည်းသည် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်ပြီး အာဆီယံ ဗဟိုပြုမှုအတွက်လည်း စိန်ခေါ်ကြောင်း သုတေသီ မူဟာမက် ဖိုင်ဇယ်ကလည်းပြောပြီး စစ်ကောင်စီသည် တရုတ်နှင့် ရုရှားကဲ့သို့ ပြင်ပအင်အားကြီးများ၏ နောက်ကွယ်မှ နိုင်ငံရေးထောက်ခံမှုနှင့် သြဇာကြောင့် ဘုံသဘောတူညီချက် ငါးချက်ကို လျစ်လျူရှုနိုင်ကြောင်း ပြောသည်။
“အဲဒီ အင်အားကြီးနိုင်ငံတွေက မြန်မာကို အာဆီယံထက် သြဇာသက်ရောက်နိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ မြန်မာနဲ့ပတ်သက်တဲ့ ပထဝီနိုင်ငံရေးနဲ့သေနင်္ဂဗျူဟာ အကျိုးစီးပွားတွေက အာဆီယံရဲ့ အကျိုးစီးပွားတွေနဲ့ အမြဲတမ်း မကိုက်ညီဘူး” ဟု ၎င်းကပြောသည်။
(South China Morning Post ပါ Jean Iau ၏ Is Myanmar a threat to Asean centrality? Singapore warning at defence talks underscores worry ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာလုပ်ရပ်ကြောင့် အာဆီယံ ထိခိုက်ဟု စင်ကာပူ ကာကွယ်ရေးဝန်ကြီးပြော
“မျှတတဲ့ရွေးကောက်ပွဲ” ကျင်းပဖို့ တရုတ်ကို မင်းအောင်လှိုင် ကတိပေး
ဘော်လ်ကန်မှ ပါကစ္စတန်သို့ မြန်မာကို တရုတ်ပုံသွင်းခြင်း
စစ်ကောင်စီကို တရုတ်က ထောက်ခံလာသောအခါ
အာဆီယံ၏ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှု မအောင်မြင်နိုင်