ပြည်တွင်း၌ ဘဏ်ခွဲပေါင်း ၅၀၀ကျော် ဖွင့်ထားသည်ဆိုကာ အမြဲဂုဏ်ယူလေ့ရှိသည့် ကမ္ဘောဇဘဏ်၏ KBZ pay မှ ငွေခိုးယူခံရမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး နောက် ဘဏ်အပေါ် ယုံကြည်မှု ကျလာသလို ဘဏ်၏ တာဝန်ယူမှု တာဝန်ခံမှုကိုလည်း သုံးစွဲသူများကြား မေးခွန်း ထုတ်လာကြသည်။
မိုဘိုင်းလ် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် CB Pay ၊ AYA Pay ၊ Wave Money တို့အနက် KBZ Pay မှာ အသုံးများသလို စစ်တပ်အာဏာသိမ်းပြီးနောက် ငွေလိမ်လည်မှု ဖြစ်စဉ်လည်း အများဆုံး ဖြစ်နေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက KBZ Pay အကောင့်မှနေ၍ ပုံစံသစ်တမျိုးဖြင့် ငွေကြေးခိုးယူမှုများ ထပ်မံဖြစ်ပွားလာရာ ဝေဖန်မှုများ ထွက်လာသဖြင့် ကမ္ဘောဇဘဏ်မှ ငွေကြေးဆုံးရှုံးခဲ့ရသူ ၃၁ ဦးအား ငွေပြန်လည် စိုက်ထည့်ပေးခဲ့ကြောင်း ဇန်နဝါရီ ၃ ရက်က ကြေညာခဲ့သော်လည်း ငွေကြေးလိမ်လည်ထုတ်ယူခံရသူအများစုကမူ ဆုံးရှုံးသည့် ငွေကြေး ပြန်မရ သေးကြောင်း ဆိုသည်။
ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ငွေခိုးထုတ်ခံရသူတဦးက “ခိုးထုတ်ခံရတဲ့ဖြစ်စဉ်တွေက တူပြီး အကုန်လုံးက ရတဲ့သူကရ မရတဲ့သူက မရနဲ့၊ အခု သူတို့က ပထမဦးဆုံး ဆိုရှယ်မီဒီယာမှာ အရမ်းပေါက်သွားတဲ့သူတွေကိုပဲ ပြန်လျော်ပြီး နှုတ်ပိတ် လိုက်သလို ဖြစ်သွားတာ။ အဲဒီ အစ်မတွေကိုပဲ ပိုက်ဆံလွှဲပေးတယ်။ လွှဲပေးပြီး ချက်ချင်း ပိုက်ဆံ ပြန်ရပါတယ်ဆိုတဲ့ ပို့စ်ကို တင်ခိုင်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
KBZ pay မှ ပိုင်ရှင်မသိဘဲ ငွေခိုးယူလွှဲပြောင်းခံရမှုဖြစ်စဉ်များမှာ ဒီဇင်ဘာလမှစတင်ဖြစ်ပွားခဲ့ပြီး ကျပ်သိန်းဂဏန်းမှ သိန်းရာချီသည့် အထိ ခိုးယူခံနေရကြောင်း သုံးစွဲသူများထံက သိရသည်။
ယခင် Kpay မှ ငွေလိမ်မှုများကို ကြည့်ပါက လိမ်လည်သူမှ ဖုန်းဆက်မက်လုံးပေးခြင်း၊ ဘဏ်ဝန်ထမ်း အယောင်ဆောင် ကာ Leval မြှင့်မည်ဟုဆိုပြီး OTP နံပါတ်တောင်း၍ ပိုင်ရှင်အကောင့်ထဲမှ ငွေကိုလိမ်လည်လွှဲပြောင်းခြင်း ဖြစ်သော်လည်း ယခုမူ အကောင့်ပိုင်ရှင်မှ OTP နံပါတ်နှင့် Message ကုတ်ပေးခြင်းမရှိဘဲ အကောင့်ထဲရှိ ငွေများခိုးခံရခြင်း ဖြစ်ကြောင်း၊ ထိုဘဏ် အကောင့်နှင့် ချိတ်ဆက်ထားသူများ၏ ဘဏ်အကောင့်ထဲရှိ ငွေကြေးများကိုပါ ခိုးထုတ်ခံရမှုများ ပါဝင်နေသလို ငွေကြေးကို အကောင့်အဆင့်ဆင့်ဖြင့် လွှဲပြောင်းထုတ်ယူခြင်းများ လည်း ပါဝင်ကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် ရန်ကုန်မြို့က KBZ pay သုံးစွဲသူများက ဧရာဝတီသို့ ပြောသည်။
ကိုယ်တိုင် တွေ့ကြုံခဲ့ရသူတဦးက “ကိုယ့်ဖုန်းထဲကို Kpay က မက်ဆေ့တွေ ဝင်လာတယ်။ OTP နံပါတ် တွေရော ဝင်လာ တယ်။ သိလိုက်တဲ့အချိန်မှာ ကိုယ်လည်း ငွေမထုတ်ဘဲနဲ့ ဒီဟာကြီးက ငွေထုတ် တယ်ဆိုပြီး မက်ဆေ့တွေ ဝင်လာတယ်။ ကိုယ့်ရဲ့ KPay ကို ဝင်လိုက်တဲ့အချိန်မှာ ဝင်လို့မရဘူး ဖြစ်နေတယ်။ နောက် တခေါက် ပြန်ဝင်လိုက်တဲ့ အချိန်မှာ ဝင်လို့ရ သွားတယ်။ အဲဒီအချိန်မှာ ကေပေးနဲ့ချိတ်ထားတဲ့ ဘဏ်အကောင့်ထဲကပိုက်ဆံ ၁၀ သိန်းရော၊ ကေပေးထဲမှာ ရှိနေတဲ့ ၄ သိန်း ၈ သောင်း ၂ ထောင်ရော တခြားအကောင့်ထဲကို လွှဲသွားတယ်” ဟု ဧရာဝတီ ကို ပြောပြသည်။
ငွေများခိုးခံရမှုအား KBZ pay ၏ Call Center သို့ ဆက်သွယ်ပြောဆိုသော်လည်း ရဲစခန်း၌ အမှုဖွင့်၍ ပ နံပါတ်ယူပေးရန် ပြောသဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ သွား၍ အကြောင်းကြားသော်လည်း ရဲစခန်းကမူ ဘဏ်တွင်သာ တာဝန်ရှိကြောင်း အမှုဖွင့်မည်ဆိုပါက ဖုန်းကို စစ်ဆေးရန် သိမ်းဆည်းထားမည်ဟုပြောကြောင်း သူကဆိုသည်။
“အမှုရင်ဆိုင်ရင်လည်း နေပြည်တော်မှာ လိုက်ပြီး ရင်ဆိုင်ပေးရမယ်။ ဖုန်းကလည်း အသိမ်းခံရဦးမယ်ဆိုတော့ သိမ်း တယ်ဆိုတာ သူတို့ စစ်ဖို့ပေါ့နော်။ ယူသွားမယ်ဆိုတဲ့အတွက်ကြောင့် ဒီဖုန်းတွေကလည်း ကိုယ်လုပ်ငန်း သုံးနေတဲ့ဖုန်းမို့ ပေးခဲ့ဖို့ အဆင်မပြေတဲ့အတွက် ရဲစခန်းကနေ ဒီဖြစ်စဉ်က မှန်ကန်ကြောင်း ဒီမှာလာပြီးတော့ အကြောင်းကြားထားကြောင်း နဲ့ လိုအပ်သလို ဆောင်ရွက်ပေးပါဆိုတဲ့ သူတို့ ထောက်ခံစာ ရေးပေးတယ်” ဟု ၎င်းက ပြောသည်။
ရဲစခန်းမှ ရေးပေးသည့် ထောက်ခံစာကို KBZ သို့ အီးမေလ်းပေးပို့ပေးခဲ့သော်လည်း KBZ ဘက်မှ ပ နံပါတ်သာ ပေးပါရန် အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။
ယင်းသို့ဖြစ်နေစဉ်မှာပင် ဒီဇင်ဘာလ ၃၁ ရက်ညတွင် ငွေခိုးယူခံရသူတချို့အား ငွေပြန်ထည့်ပေးခဲ့သော်လည်း ကျပ်သိန်း ရာချီဖြစ်ပွားသည့် ဖြစ်စဉ်အကြီးများထဲမှ ၇ ဦးခန့်သာ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ကိုတွေ့ရပြီး ဖြစ်စဉ်တူ ကျပ်သိန်း ဆယ်ဂဏန်းမှ သိန်းဂဏန်းအထိ ငွေခိုးထုတ်ခံရသူများကို ယနေ့ထိ KBZ pay ဘက်မှ တစုံတရာ လုပ်ဆောင် ပေးခြင်း၊ တာဝန်ယူပေးခြင်းမရှိသေးကြောင်း သိရသည်။
ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ငွေခိုးထုတ်ခံရသူတဦးက “Call Center ကို ဆက်ပြီး ကိုယ်တွေကို ဘာလို့ မလွှဲပေးသေး တာလဲဆိုတော့ အကြောင်းကြားပါ့မယ်၊ ဆက်သွယ်ပါမယ်ပဲ ပြောနေတာ။ ဒါက ကိုယ်တယောက်ထဲကိုပဲ ပြောတာ မဟုတ်ဘူး။ ကျန်တဲ့သူတွေ ဝိုင်းပြီး ဆက်တဲ့အခါမှာ အဲဒီလိုမျိုး ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး ငွေခိုးထုတ်ခံရသူများ စု၍ ယမန်နေ့ (ဇန်နဝါရီလ ၂ ရက်)တွင် ပြည်လမ်းမပေါ် ရှိ KBZ ဘဏ်ရုံးချုပ် သို့ ဖြေရှင်းပေးရန် သွားရောက်တောင်းဆိုခဲ့ရာတွင် ဘဏ်တာဝန်ရှိသူဘက်မှ သေချာစိစစ်မှုများ၊ ပိုမိုလုံခြုံသည့် အစီအမံ များ ဆောင်ရွက်နေကြောင်း၊ ငွေဆုံးရှုံးမှုများကို ပူးပေါင်းဆွေးနွေးသွားလိုကြောင်း ကတိကဝတ်သာရခဲ့ပြီး ဆုံးရှုံးသွားသော ငွေများ ပြန်မရသေးကြောင်း သိရသည်။
ဗဟိုဘဏ်ဘက်ကမူ ဒီဂျစ်တယ်နည်းပညာ သုံး၍ ဘဏ်နှင့် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ၎င်းတို့နှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းလ်ကွန်ရက်ဝန်ဆောင်မှု ပေးသူများမှတဆင့် ၎င်းတို့၏ တဆင့်ခံဝန်ဆောင်မှုပေးသူ (Third Party Service Provider) များ၏ စနစ်အား ဖောက်ထွင်း၍ နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများ ဆောင်ရွက် ကာ သုံးစွဲ သူများ၏ မိုဘိုင်းငွေကြေးများအား ဖောက်ထွင်းရယူခြင်းများဆောင်ရွက်လာသည်ကိုတွေ့ရကြောင်း ဒီဇင်ဘာလ ၃၁ ရက်က ထုတ်ပြန်ထားသည်။
သုံးစွဲသူ၏ မှားယွင်းမှုနှင့် ဆောင်ရွက်ချက်တစုံတရာကြောင့်မဟုတ်ဘဲ OTP နံပါတ်များ၊ Password များနှင့် ကိုယ်ရေး အချက်အလက်များအား အခြားနည်းလမ်းဖြင့် ရရှိခြင်းကြောင့်ဖြစ်ပွားသည့် လိမ်လည်မှုဖြစ်စဉ်များအတွက် ဆုံးရှုံးမှုများကို စိစစ်ဖော်ထုတ်လျက်ရှိပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေသည့် လူဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။
ငွေကြေးခိုးယူခံနေရမှုအပေါ် KBZ Pay အား ကျေနပ်မှုမရှိသောကြောင့် တချို့မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားထားကြောင်း သိရသည်။
ဝါရင့်ရှေ့နေတဦးက “ကျနော်ကြားရသလောက်တော့ Kpay တွေက ဖြစ်နေတာ တော်တော်ကြာပြီ။ အာဏာသိမ်းပြီး နောက်ပိုင်းထဲက လိုင်းပေါ်မှာ ပြဿနာတက်နေကြတာပေါ့။ ယေဘုယျကတော့ ရာဇဝတ်မှုနဲ့ သွားဖွင့်တာ၊ အထူးဥပဒေ ကတော့ စားသုံးသူရေးရာဦးစီးဌာနမှာ တိုင်ပြီးတော့ အဲဒီဌာနကပဲ တရားလိုလုပ် တရားစွဲဆိုရမယ်။ ရဲစခန်းမှာ တိုင်တာ နဲ့တော့ မတူဘူးပေါ့။ ဆော့ဝဲလ်က ဖြစ်တာပဲဖြစ်ဖြစ်၊ တခြားသူတွေရဲ့ နှောင့်ယှက်မှုကြောင့် ဖြစ်တာပဲဖြစ်ဖြစ် စားသုံးသူ ရေးရာ အခွင့်အရေးနဲ့ ပတ်သက်တာကို ရှင်းပေးရမှာဖြစ်တဲ့အတွက် ၂ ပိုင်းဖွင့်ဖို့တော့ လိုတယ်” ဟု ဧရာဝတီကို ပြောသည်။
မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတွင် ဖုန်းဆင်းကတ်ကိုင်ဆောင်သူနှင့် ဘဏ်တို့ ပူးပေါင်းလုပ်ဆောင်မှသာ လွှဲပြောင်း ထုတ် ယူနိုင်မည်ဖြစ်၍ ငွေခိုးထုတ်ခံရမှု ဖြစ်စဉ်များမှာ နှစ်ဖက်စလုံးတွင် တာဝန်ရှိသဖြင့် မည်သည့်ဘက်မှ ချို့ယွင်းချက်ဖြစ်သည် ကို အသေးစိတ် စစ်ဆေးရန်လိုအပ်ကြောင်း နည်းပညာကျွမ်းကျင်သူများက ထောက်ပြကြသည်။
နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်သူ တဦးက “ ကျနော့်အမြင်က ဖုန်းနံပတ်တွေကို ပွားပြီးတော့မှ OTP တွေဘာတွေကို ကျအောင် လုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တခုက သူတို့အတွင်းထဲက လုံခြုံရေးပိုင်းဆိုင်ရာ မလုံခြုံမှု ကြောင့်မို့ ဒီ သတင်းအချက်အလက်တွေ ပေါက်ကြားတာမျိုးတွေကြောင့်မို့ ဒါမျိုးပြဿနာတွေ ဖြစ်လာတယ်လို့ မြင်ပါ တယ်။ နောက်တချက် ဘဏ်တွေမှာထားတဲ့ လုံခြုံရေးပိုင်းဆိုင်ရာ Strong မဖြစ်တာလို့တော့ မြင်တယ်ပေါ့နော်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ K pay အကောင့် အတော်များများ ပိတ်သိမ်းခဲ့သဖြင့် ပြည်သူများ၏ ငွေကျပ်သိန်းထောင်ချီမှာ ယနေ့အချိန်ထိ အသုံးပြုခွင့်မရဘဲ အပိတ်ခံ ထားရသည်။
ကမော္ဘဇဘဏ်ကို တည်ထောင်သူမှာ မြန်မာ့ခရိုနီကြီးများတွင် ဩဇာအကြီးဆုံးဖြစ်သည့် ဆရာကျောင်းဟု လူသိများသော စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူ ဦးအောင်ကိုဝင်းက တည်ထောင်ထားပြီး KBZPay ကို ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ကာ ၂ နှစ်အကြာတွင် သုံးစွဲသူ ၆ ဒသမ ၁ သန်းကျော်ထိရှိကြောင်း ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း KBZ ဘဏ်သည် ပြည်သူများ၏ KBZ Pay အကောင့်များကို စစ်ကောင်စီ အလိုကျ မတရားပိတ်သိမ်းလျက်ရှိသလို KBZ ကုမ္ပဏီသည် အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်ဆီ တင်သွင်းပေးနေ သည့် ကုမ္ပဏီဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်အတွင်းက ကြေညာထားသည်။
You may also like these stories:
၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း
ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း
အွန်လိုင်းငွေကြေးလိမ်လည်မှု ကမ္ဘာတဝန်း ပြန့်ပွားလာဟု အင်တာပို အစီရင်ခံ
KBZ လုပ်ငန်းစု၏ စက်သုံးဆီသိုလှောင်ကန် စတင်လည်ပတ်မည်