အွန်လိုင်းငွေကြေးလိမ်လည်သည့် လုပ်ငန်းများတွင် စေခိုင်းရန် လူကုန်ကူးခြင်းသည် အရှေ့တောင်အာရှဒေသ ပြင်ပသို့ပါ ပျံ့နှံ့နေသည်။ ယခင်က ထိုသို့လိမ်လည်သည့် လုပ်ငန်းများသည် အရှေ့တောင်အာရှဒေသတွင်သာ သီးခြား ပေါ်ပေါက်နေခြင်းဖြစ်သည်။
လက်ရှိပြုလုပ်နေသည့် စုံစမ်းစစ်ဆေးမှုများအရ ချိုးဖောက်မှုများကို တောင်အမေရိကနှင့် အရှေ့အလယ်ပိုင်းတွင်ပါ တွေ့နေရကြောင်း နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) က ယခုအပတ်အတွင်း ထုတ်ဖော်ပြောကြားသည်။
ထိုကဲ့သို့သော ရာဇဝတ်မှုများကို အင်တာပိုက စတင် ခြေရာခံမိချိန်ဖြစ်သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘောဒီယား၊ လာအို၊ မြန်မာတို့သည့် ထုံးစံအားဖြင့် ရာဇဝတ်မှု အဓိက ကျူးလွန်သည့် နေရာများဖြစ်သည်။
နောက်ဆုံးပြုလုပ်သည့် ငါးလကြာစစ်ဆင်ရေးတွင် မလေးရှားမှ လူကုန်ကူးခံရသူများကို ပီရူးမှ ငွေကြေး လိမ်လည်မှုလုပ်ငန်းများသို့ လူကုန်ကူးပြီး ယူဂန်ဒါမှ လူကုန်ကူးခံရသူများကို ထိုကိစ္စအတွက်ပင် ဒူဘိုင်းသို့ လူကုန်ကူးပြီး ထိုင်းမှတဆင့် မြန်မာသို့ ပို့ရန်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိသည်။
အိန္ဒိယနိုင်ငံ တီလန်ဂါနာမှ ရဲတပ်ဖွဲ့က ဆိုက်ဘာလိမ်လည်မှုကိစ္စအတွက် လူကုန်ကူးသည့် ပထမဆုံးအမှုကို ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့သည်။ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းအတွက် စာရင်းကိုင်တဦးကို အရှေ့တောင်အာရှသို့ လိမ်လည်ခေါ်ယူပြီး နောက်ဆုံးတွင် ခြိမ်းခြောက်တောင်းငွေပေးကာ ပြန်လည် ခေါ်ယူရသည်။
မြန်မာတနိုင်ငံတည်းတွင်ပင် မတူညီသည့် နိုင်ငံအနည်းဆုံး ၂၂ နိုင်ငံမှလာသည့် လူကုန်ကူးခံရသူများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ သို့သော် အများစုသည် မြန်မာ၏ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှဖြစ်ကြောင်း အင်တာပိုက ပြောသည်။
Operation Storm Makers II စစ်ဆင်ရေးအတွင်း ဖမ်းဆီးမှု ရာပေါင်းများစွာပြုလုပ်ပြီး လူ ၁၄၀ ကျော်ကို ကယ်ဆယ်ခဲ့သည်။ သို့သော် ထိုပြဿနာ၏ ခြိမ်းခြောက်မှုသည် ထိုပမာဏထက် အလွန်ပိုမိုများပြီး စုံစမ်းစစ်ဆေးမှု ၃၆၀ အနက် အများစုကို ဆက်လက် လုပ်ဆောင်နေပြီး မပြီးသေးကြောင်း သိရသည်။
“ဆိုက်ဘာငွေကြေးလိမ်လည်မှု လုပ်ငန်းတွေကြောင့် ပေးဆပ်ရတဲ့ လူသားတန်ဖိုး ဆက်လက် မြင့်မားနေတယ်။ တကမ္ဘာလုံးကို ပျံ့နှံ့နေတဲ့ ဒီလိုရာဇဝတ်မှုမျိုးကို တကမ္ဘာလုံး ဝိုင်းဝန်းလုပ်ကိုင်မှသာ အမှန်တကယ် ကိုင်တွင် ဖြေရှင်းနိုင်မယ်” ဟု အင်တာပိုမှ ထိခိုက်လွယ် လူမှုအသိုက်အဝန်းများဆိုင်ရာ လက်ထောက်ဒါရိုက်တာ ရို့စ်မာရီ နာလူဘီဂါက ပြောသည်။
“အမှုအများစုက အရှေ့တောင်အာရှမှာပဲ စုနေပေယ့် ဒီလိုလုပ်နည်းလုပ်ဟန်တွေ ပျံ့နှံ့နေကြောင်း Operation Storm Makers II က ထောက်အထား ပြနေတယ်။ လူကုန်ကူးခံရသူတွေဟာ အခြား တိုက်ကြီးတွေက လာသူတွေ ဖြစ်လာပြီး လက်တင်အမေရိကလောက်အထိ ဝေးတဲ့နေရာတွေမှာပါ ငွေကြေး လိမ်လည်မှု လုပ်ငန်းသစ်တွေ ပေါ်ပေါက်လာနေတယ်” ဟုလည်း ၎င်းကပြောသည်။
ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများအတွက် လူကုန်ကူးခံရသူများသည် အများအားဖြင့် အလုပ်အကိုင်ကြော်ငြာ အတုများဖြင့် ဆွဲဆောင်ခံရပြီးနောက် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများတွင် အတင်းအကျပ်စေခိုင်းခံရကာ ခရစ်ပတို ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ နေအိမ်မှ အလုပ်လုပ်ကိုင်ခြင်း၊ ထီရောင်းစေခြင်း၊ လိမ်လည် အချစ်ဇာတ်လမ်းများ ဖန်တီၤးစေခြင်းနှင့် အွန်လိုင်းလောင်းကစား ငွေကြေးလိမ်လည်မှု စသည့်လိမ်လည်မှုများ ဖြစ်စေရန် တွန်းအားပေးသည်။
လူကုန်ကူးခံရသူများသည် အကြွေးအချုပ်အနှောင်ဖြင့် ငွေညစ်ခံရခြင်း၊ ရိုက်နှက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း၊ အဓမ္မပြုကျင့်မှုနှင့် အချို့သူများသည် ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ယူခြင်းပင်ခံရကြောင်း အင်တာပိုက ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
လူကုန်ကူးခံရသည်များကို ဖြားယောင်းသည့် အလုပ်ပေါ့ပေါ့ပါးပါးဖြင့် ကျွမ်းကျင်မှု မလိုဘဲ လခများများရသည့် အိုင်တီ၊ ဒစ်ဂျစ်တယ် ဈေးကွက်ရှာခြင်းနှင့် မော်ဒယ်လုပ်ငန်းစသည်တို့ အပါအဝင် အလုပ်အကိုင် ကြော်ငြာများကိုလည်း အသေးစိတ်ဖော်ပြသည်။
သုံးစွဲသူအချက်အလက် လေ့လာပြီး အကြောင်းအရာများကို အလိုအလျောက်ထုတ်ပေးသည့် generative AI ကိရိယာများ ပေါ်ပေါက်လာခြင်းကြောင့် အခြားဘာသာများဖြင့် ကြော်ငြာများ ဖန်တီးနိုင်သည့် ဘာသာပြန် ဆော့ဖ်ဝဲလ်များ အလွယ်တကူ သုံးနိုင်ပြီး ရာဇဝတ်ကောင်များသည် တရုတ်စကား မပြောတတ်သည့် လူကုန်ကူးမှု သားကောင်များကိုပါ ပစ်မှတ်ထားလာနိုင်သည်ဟု ယူဆရသည်။
ထိုရာဇဝတ်မှုများ ကျယ်ပြန့်လာရသည့် နောက်ထပ်အကြောင်းရင်းတခုမှ ကိုဗစ်နိုင်တင်း ကပ်ရောဂါဖြစ်ပြီး ဒစ်ဂျစ်တယ်နှင့် အဝေးမှ အလုပ်လုပ်ခြင်း များပြားလာခြင်းနှင့် တချိန်တည်းတွင် လူအများအပြားသည် အလုပ်လက်မဲ့ဖြစ်သွားပြီး အလုပ်အကိုင် အပြင်းအထန် လိုအပ်လာခြင်း ဖြစ်ကြောင်း အင်တာပိုက ပြောသည်။
“ဒေသတွင်း ရာဇဝတ် ခြိမ်းခြောက်မှုအဖြစ် စတင်ခဲ့တဲ့ကိစ္စက ကမ္ဘာ့လူကုန်ကူးမှု အကျပ်အတည်း ဖြစ်စေခဲ့တယ်” ဟု အင်တာပို အတွင်းရေးမှူးချုပ် ဂျာဂျန် စတော့က ဇွန်လတွင် ပြောခဲ့သည်။
“တကမ္ဘာလုံးက လူတိုင်းနီးပါး လူကုန်ကူးမှုသားကောင်ဖြစ်စေ အဲဒီ ရာဇဝတ်အချက်အချာ ဒေသတွေက လုပ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု သားကောင်ဖြစ်နိုင်တယ်။ ဒီရာဇဝတ်မှုတွေ ဆက်လက်ပျံ့နှံ့နေတာကို တားဆီးဖို့ ဒီထက် အများကြီးပိုမိုခိုင်မာတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေတယ်” ဟုလည်း သူပြောသည်။
ဖော်ထုတ်သိရှိပြီးသော လူကုန်ကူးမှု အချက်အချာဒေသ ၄၅၀ တွင် လေးရက်အတွင်း ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် နောက်ဆုံး စစ်ဆင်ရေးတွင် လူကုန်ကူးခံရသည့် သားကောင် ၂၇၀,၀၀၀ တွင် ဆယ်ကျော်သက်အရွယ်များပင် ပါဝင်နေကြောင်း တွေ့ရသည်။
အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတဦးကို အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်သို့ လူကုန်ကူးခံရသူတဦး ထိုနိုင်ငံများမှ အင်တာပို ဗျုရိုများက အလျင်အမြန် အရေးယူဆောင်ရွက်မှုကြောင့် ကယ်ဆယ်နိုင်ခဲ့သည်။
နီပေါနိုင်ငံမှ လူကုန်ကူးခံရသည့် အမျိုးသမီးနှစ်ဦးအနက် တဦးသည် အသက် ၁၇ နှစ်သာရှိသေးပြီး ၎င်းတို့ကို နယူးဒေလီသို့ လူကုန်ကူခံရပြီး ပြည့်တန်ဆာလုပ်ငန်းတွင် စေခိုင်းထားသည်ကိုလည်း ကယ်ဆယ်နိုင်ခဲ့သည်။
နယ်စပ် စစ်ဆေးရေးစခန်းများတွင် ပြုလုပ်သည့် စစ်ဆေးမှုများတွင်ပင် ကြားဖြတ် ကယ်ဆယ်နိုင်ခဲ့သည့် လူကုန်ကူးခံရသူ ၈၀၀ နီးပါးရှိပြီး နောက်ထပ် ရာပေါင်းများစွာကို ကမ်းရိုးတမ်း ကင်းလှည့်ခြင်းကဲ့သို့သော အခြားအစီအစဉ်များက ကယ်ဆယ်နိုင်ခဲ့သည်။
ကိုးကား ။ ။ The Register သတင်း That call center tech scammer could be a human trafficking victim
You may also like these stories:
ဝမ်းရေးအကျပ်အတည်းက လူကုန်ကူးမှုသားကောင် ပိုများလာသလား
လူကုန်ကူးမှု၊ ဒုစရိုက်ဂိုဏ်းများနှင့် ဝ ဒေသ
တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်
ထိုင်းအမျိုးသမီးတဦး ပန်ဆန်းတွင် လူကုန်ကူးခံရပြီးနောက် ပြန်လွတ်လာ