မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) သည် ၂၀၂၃ ခုနှစ်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းမှ သိန္နီမြို့ကို သိမ်းပိုက်ခြင်းသည် ရှမ်းပြည်မြောက်ပိုင်းတွင် ယခင်မကြုံဖူးသည့် တရုတ်ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းဝင်ရောက်မှုကို ဖြစ်စေသည်။ အခြားစီးပွားရေး အမျိုးအစားများအပြင် ဆောက်လုပ်ရေး စီမံကိန်းသစ်များနှင့် မြေငှားရမ်းမှုများ ထွန်းကားနေသောကြောင့် ဒေသခံများသည် စီးပွားရေးအရ နေရပ်စွန့်ခွာရပြီး နိုင်ငံရေးအရ နှုတ်ပိတ်နေရမည်ကို စိုးရိမ်ပူပန်စရာ ဖြစ်လာသည်။
သိန္နီနှင့် တရုတ်နယ်စပ်အနီး MNDAA ထိန်းချုပ် ကိုးကန့်ဒေသမြို့တော် လောက်ကိုင် နှစ်မြို့လုံးတွင် MNDAA သည် တရုတ်ငွေရင်းကို တက်ကြွစွာ လက်ခံနေပြီး ကာလရှည် မြေငှားမှုများနှင့် ဈေးကွက် ပြန်လည်ဖော်ထုတ်ရေး စာချုပ်များ ကမ်းလှမ်းနေသည်။ MNDAA သည် ၎င်း၏ ပိုင်နက်နယ်မြေကို သိမ်းကြုံးရည်ညွှန်းသည့် “အထူးဒေသ ၁” တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အမြဲတမ်း နေထိုင်ခွင့်ပေးသည်။ ရလဒ်မှာ ဒေသ၏ စီးပွားရေးနှင့် လူဦးရေ အချိုးအစား ဖွဲ့စည်းမှုကို လျှင်မြန်စွာ ပြောင်းလဲသွားစေခြင်းဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှ ဟန်တရုတ်လူမျိုးစုများကို အခြေခံဖွဲ့စည်းထားသည့် MNDAA သည် ရှမ်းမြောက်မှ ကျယ်ပြန့်သော ဒေသတခုကို သိမ်းပိုက်ရာတွင် အောင်မြင်သည့် စစ်ကောင်စီဆန့်ကျင်ရေး အဓိက ထိုးစစ်ကို ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ အဓိက အဖွဲ့ဝင်တခု ဖြစ်သည်။
သမိုင်းအရ တရုတ်ကျောထောက်နောက်ခံရှိသည့် ထိုအဖွဲ့သည် မြန်မာစစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် ယခုနှစ်အစောပိုင်းမှ စတင်ပြီး သီးခြား သေနင်္ဂဗျူဟာနှင့် စီးပွားရေးအကျိုးစီးပွားကို အာရုံစိုက်နေသည်။ ထက်သန်သော တရုတ်အမျိုးသား စရိုက်လက္ခဏာတွင် အမြစ်တွယ်နေသည့် ကိုးကန့် လူမှုအသိုက်အဝန်းများသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုအကျိုးကျေးဇူးများရရန် တရုတ်နှင့် ယဉ်ကျေးမှု၊ လူမျိုးစု ဆက်စပ်မှုများကို အသုံးချနေသည်မှာ ကြာပြီဖြစ်သည်။
သေနင်္ဂဗျူဟာကျသော လမ်းဆုံမှ တရုတ်ငွေကြေးပံ့ပိုးသည့် ကုန်သွယ်ရေး အချက်အချာသို့
အဓိကကျသည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် မြေသြဇာကောင်းသော စိုက်ပျိုးမြေများနှင့် နီးကပ်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်းမှ အဓိကလမ်းဆုံအဖြစ် သတ်မှတ်ခံထားရသည်မှာ ကြာပြီဖြစ်သည့် သိန္နီသည် ယခုအခါတွင် တရုတ်တွန်းအားပေးသည့် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ ဗဟိုချက်တွင်ရှိသည်။
ယခုနှစ်အစောပိုင်းမှ စတင်ပြီး တရုတ်လုပ်ငန်းရှင်များ အလုံးအရင်းဖြင့် ဝင်ရောက်လာကာ အိမ်များကိုငှားရမ်း၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်ပြီး လယ်ယာလုပ်ငန်းများ ထူထောင်ကြသည်။ ထိုအပြောင်းအလဲများသည် ပဋိပက္ခအဆုံးသတ်ပြီးနောက် ချက်ချင်းနီးပါး ဖြစ်လာသည်ဟု ဒေသခံများက ပြောသည်။
မူဆယ်နှင့် ချင်းရွှေဟော်တို့အတွက် အဓိကကျသည့် ကုန်သွယ်ရေး အချက်အချာ သေနင်္ဂဗျူဟာကျသော တည်နေရာ သိန္နီ၏မြို့သည် တရုတ်၏ ကုန်းတွင်း ရည်မှန်းချက်များ၏ ဗဟိုချက် ဖြစ်နေသည်။ ထိုမြို့သည် တရုတ်အစိုးရ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) အတွက် အရေးပါသော အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွင်း အရေးပါသော အချိတ်အဆက်တခုဖြစ်သည်။
မူဆယ်နှင့် ချင်းရွှေဟော်တို့အတွက် အဓိကကျသည့် ကုန်သွယ်ရေး အချက်အချာ သေနင်္ဂဗျူဟာကျသော တည်နေရာ သိန္နီ၏မြို့သည် တရုတ်၏ ကုန်းတွင်း ရည်မှန်းချက်များ၏ ဗဟိုချက် ဖြစ်နေသည်။ ထိုမြို့သည် တရုတ်အစိုးရ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) အတွက် အရေးပါသော အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွင်း အရေးပါသော အချိတ်အဆက်တခုဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် ယူနန်-မြန်မာ (ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ သယ်ယူပို့ဆောင်ရေးစင်္ကြံကို စတင်သည်။ ထိုစင်္ကြံသည် ကုန်းတွင်းပိတ် ယူနန်နှင့် အရှေ့တောင်အာရှ ဈေးကွက်များကို ချိတ်ဆက်သည့် ပင်လယ်၊ ရထားလမ်းနှင့် ကားလမ်းတို့ဖြင့် ချိတ်ဆက်သည့် ဘက်စုံ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည်။
အပြည့်အဝ လည်ပတ်နိုင်ပါက ထိုလမ်းကြောင်းသည် စင်ကာပူမှ ကုန်စည်များကို ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသမှ သိန္နီနှင့် ချင်းရွှေဟော်မှတဆင့် တရုတ်နိုင်ငံ အလယ်ပိုင်းသို့ ၇၂ နာရီ အတွင်း ရောက်နိုင်စေသည်။ ထိုစင်္ကြံတလျှောက် တရုတ်ရင်းနှီးမြှုပ်နှံမှုသည် သိန္နီ၏ ပထဝီနိုင်ငံရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဆက်စပ်မှုကို အကြီးအကျယ် မြှင့်တင်ပေးသည်။
သိမ်းပိုက်ခံအိမ်များ၊ ဖျက်သိမ်းခံရသည့် အဖွဲ့အစည်းများ

MNDAA သိမ်းပိုက်ပြီးနောက် ဒေသခံအများအပြား ထွက်ပြေးကြသည်။ ထိုသူများ မရှိသောအခါ တရုတ်ရင်းနှီးမြှုပ်နှံသူများက အိမ်များနှင့် အစိုးရအဆောက်အအုံများကို လျင်မြန်စွာ သိမ်းပိုက်လိုက်ကြသည်။ MNDAA အာဏာပိုင်များသည် သိမ်းပိုက်ထားသည့် မြို့နယ်ရုံးများ၊ အုပ်ချုပ်ရေးဌာနခွဲများနှင့် မီးသတ်ဌာနများကို စီးပွားရေးသမားများကို ငှားရမ်းလိုက်ပြီး ထိုစီးပွာရေးသမားများက အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန် အဆောက်အအုံဟောင်းများကို ဖြိုဖျက်သည်ဟု ဒေသခံများ ပြောသည်။
“သူတို့က အကုန်လုံးကို အစားထိုး နေရာယူနေတယ်။ ထွက်ပြေးသွားတဲ့ လူတွေက ပြန်မလာသေးပေမဲ့ သူတို့အိမ်တွေကို သိမ်းပိုက်လိုက်ပြီ” ဟု ဒေသခံတဦးက WeChat မှတဆင့် ပြောသည်။
ယခုအခါ သိန္နီတွင် အိမ်ငှားခသည် တည်နေရာနှင့် အဆောက်အအုံ အမျိုးအစားကို မူတည်ကာ ယွမ် ၁,၉၀၀ မှ ၁၉,၀၀၀ (အမေရိကန်ဒေါ်လာ ၂၆၄ မှ ၂,၆၄၀) အထိရှိသည်။ ယခုအခါ တရုတ်ဖောက်သည်များကို ဝန်ဆောင်မှုပေးသည့် ဆေးဆိုင်များ၊ လက်ကားဆိုင်များနှင့် စားသောက်ဆိုင်များသည် မြို့လယ်တွင် လွှမ်းမိုးနေသည်။ မူလ သိန္နီဈေးသည် ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီ လေယာဉ်များက ဗုံးကြဲခံရပြီး MNDAA က အပြီးတိုင် ပိတ်သိမ်းလိုက်ကာ အနီးရှိ ကျေးရွာတခုသို့ ရွှေ့ပြောင်းလိုက်သည်။
ဈေးပိတ်ခြင်းကို ဆန့်ကျင်ကန့်ကွက်မှုများအား အလျင်အမြန်ဖိနှိပ်ပြီး ဆန္ဒပြသူအများအပြားကို ရုတ်တရက် ဖမ်းဆီးသည်။ အချို့သည် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လေ့လာနေသည့် ရှမ်းပြည်မြောက်ပိုင်းမှ ဒေသခံလူမှုအခြေပြုအဖွဲ့အစည်း ဝန်ထမ်းတဦးက ပြောသည်။
တရုတ်ထိန်းချုပ်မှုအောက်မှ လယ်မြေများ

သိန္နီမြို့နယ်သည် ဧက ၄၀,၀၀၀ (၁၆,၁၈၇ ဟက်တာ) ကျယ်ဝန်းပြီး နှစ်စဉ် စပါး ၁၇,၀၀၀ ဧက စိုက်သည်ဟု မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန၏ စာရင်းအရ သိရသည်။ ကြံ၊ နာနတ်သီးနှင့် သခွားမွှေး စီးပွားဖြစ် စိုက်ပျိုးရေးအတွက် တရုတ်နိုင်ငံသားများသို့ မြေငှားရမ်းမှု အကြီးအကျယ် မြင့်မားလာသည်ဟု ဒေသခံများက ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား မြေပိုင်ဆိုင်မှုကို ကန့်သတ်ထားသော်လည်း မြေငှားရမ်းမှုများသည် ဆက်လက်များပြားနေပြီး အချို့မှာ ယာယီဖြစ်ကာ အချို့မှာ အမြဲတမ်းဖြစ်သည်။ ယခုအခါ တရုတ်လိုင်စင်ကားများသည် နယ်စပ်ဂိတ် အမျိုးမျိုးမှ သိန္နီမြို့သို့ နေ့စဉ် ဝင်ရောက်လာကြပြီး အတားအဆီးမရှိ ဝင်ရောက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။
လက်ရှိအချိန်တွင် ဖျက်သိမ်းလိုက်သည့် သိန္နီဈေးနေရာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုသူများ၏ ခြောက်ထပ် အဆောက်အအုံတခု အစားထိုးဝင်ရောက်နေသည်။
ပြောင်းလဲနေသော လူဦးရေ အချိုးအစားနှင့် အာဏာစနစ်
သိန္နီ၏ လူဦးရေသည် ၆၀,၀၀၀ ကျော်ရှိပြီး ထက်ဝက်ခန့်သည် ရှမ်းများဖြစ်သည်။ ကျန်သူများတွင် တရုတ်၊ ကချင်နှင့် ဗမာအချို့ ပါဝင်သည်။ တရုတ်လူမျိုးစု လူဦးရေသည် သိသိသာသာ တိုးနေသည်ဟု ဒေသခံများက ပြောသည်။
“သိန္နီက ကျမတို့မြို့ မဟုတ်တော့ဘူးဆိုတဲ့ လက္ခဏာတွေ ရှိနေတယ်။ ကျမတို့ မသိတဲ့နည်းလမ်းတွေနဲ့ မြို့က ပြောင်းလဲနေတယ်” ဟု ဒေသခံ ရှမ်းအမျိုးသမီးတဦးက ပြောသည်။
တရားဝင်ဝါဒဖြန့်ချိရေး သတင်းဌာန The Kokang Facebook စာမျက်နှာတွင် MNDAA သည် သိန္နီမှ ဖွံ့ဖြိုးတိုးတက်ရေးကို မကြာခဏ မီးမောင်းထိုးပြပြီး ဒေသဆိုင်ရာ အသွင်ကူးပြောင်းရေးအတွက် ဆုံမှတ်အဖြစ် ထိုမြို့၏ ကြီးထွားလာသော အရေးပါမှုကို အလေးထားဖော်ပြသည်။ ထိုအမွှမ်းတင်သည့် အားထုတ်မှုများတွင် ပညာရေး အစီအစဉ်များ၊ အထူးသဖြင့် သိန္နီမှ တရုတ်ဘာသာသင်တန်းများဖြစ်ပြီး နောက်ဆက်တွဲ သတင်းများတွင် ပုံမှန် သတင်းသစ် တင်နေပုံရသည်။
ထိုအစီအစဉ်များသည် ဒေသတွင် တရုတ်အနေဖြင့် ကျယ်ပြန့်လာနေသည့် ယဉ်ကျေးမှုနှင့် စီးပွားရေး ဆက်ဆံရေးကို ထင်ဟပ်နေပြီး ဒေသဖွံ့ဖြိုးရေး၊ လူသားရင်းမြစ်မြှင့်တင်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကူလူးဆက်ဆံမှု တောင့်တင်းရေး အားထုတ်မှုများအဖြစ် ဖော်ပြသည်။
MNDAA မသိမ်းပိုက်မီက သိန္နီသည် ဘာသာစကား ကွဲပြားစုံလင်သည်။ ရှမ်းဘာသာစကားသည် အဓိက ဘာသာစကားဖြစ်ပြီး ဗမာစကားသည် အုပ်ချုပ်ရေးနှင့် လူမျိုးစုများအကြား အပြန်အလှန်ဆက်သွယ်ရန် ဘာသာစကား ဖြစ်သည်။ ဝ၊ ကချင်၊ လားဟူ ဘာသာစကားများကို ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းများတွင် ပြောသည်။ တရုတ်ဘာသာစကား၊ အဓိကအားဖြင့် ယူနန်ဒေသိယစကားကို ကုန်သည်အချို့နှင့် ကိုးကန့်မိသားစုများက ပြောသော်လည်း နေ့စဉ်ဘဝတွင် အတွေ့ရနည်းသည်။
လောက်ကိုင် ရင်းနှီးမြှုပ်နှံမှုအတွက် နေထိုင်ခွင့်အစီအစဉ်
သိန္နီ၏မြောက်ဘက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဇုန်မြို့တော် လောက်ကိုင်တွင် MNDAA သည် ချဉ်းကပ်ပုံနည်းလမ်းကို ချဲ့ထွင်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲပြီးနောက် ထိုအဖွဲ့သည် အနည်းဆုံး ယွမ် ၅၀၀,၀၀၀ ထည့်ဝင်သည့် တရုတ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အမြဲတမ်းနေထိုင်ခွင့်ပေးသည်။ ထိုသို့ ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသူများသည် အပြန်အလှန်အားဖြင့် မြေကွက်များနှင့် ကာလရှည်နေထိုင်ခွင့်များ ရကြသည်။
သိန္နီ၏မြောက်ဘက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဇုန်မြို့တော် လောက်ကိုင်တွင် MNDAA သည် ချဉ်းကပ်ပုံနည်းလမ်းကို ချဲ့ထွင်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲပြီးနောက် ထိုအဖွဲ့သည် အနည်းဆုံး ယွမ် ၅၀၀,၀၀၀ ထည့်ဝင်သည့် တရုတ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အမြဲတမ်းနေထိုင်ခွင့်ပေးသည်။ ထိုသို့ ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသူများသည် အပြန်အလှန်အားဖြင့် မြေကွက်များနှင့် ကာလရှည်နေထိုင်ခွင့်များ ရကြသည်။
အခြားအကျုံးဝင်သူများတွင် မှတ်တမ်းကောင်းသော ဒေသခံများ၊ တာဝန်ထမ်းဆောင်မှု သုံးနှစ်ကျော်သော MNDAA အရာရှိများနှင့် အတွေ့အကြုံအနည်းဆုံး နှစ်နှစ်ရှိသော ပညာတတ်ဝန်ထမ်းများ ပါဝင်သည်။ ရွှေ့ပြောင်းလုပ်သား အားလုံးသည် မှတ်ပုံတင်ရန်နှင့် နေထိုင်ခွင့်ကတ်များ ဝယ်ယူရန်လိုအပ်သည်။ စာရွက်စာတမ်း မရှိသူများသည် ဖမ်းဆီးနှင်ထုတ်ခံရမည့် အန္တရာယ်ရှိသည်။
မြေယာသိမ်းဆည်းမှုများနှင့် စီးပွားရေးရွှေ့ပြောင်းအခြေချမှု

လားရှိုးနှင့် ကွမ်းလုံအကြား MNDAA ထိန်းချုပ်ထားသည့် ဒေသများတွက် ဒေသခံလယ်သမားများသည် ၎င်းတို့၏ မြေများကို တရုတ်ရင်းနှီးမြှုပ်နှံသူများသို့ ငှားရန်၊ အများအဖြင့် ပေါက်ဈေးအောက်ဖြင့်ငှားရန် ဖိအားပေးခံနေရသည်။ တဧကလျှင် ကျပ် ၁၈၀,၀၀၀ (၈၈ ဒေါ်လာခန့်) ဈေးဖြတ်ပြီး ငြင်းပယ်ပါက မြေသိမ်းရန် ခြိမ်းခြောက်သည်ဟု သိရသည်။ မိန်းပေါ်ကဲ့သို့ အချို့ဒေသများတွင် လက်ရှိနှုန်းမှာ တဧကလျှင် ယွမ် ၁,၂၀၀-၁,၂၅၀ ရှိပြီး အထူးသဖြင့် ကြိုတင်ငွေပေးပါက ထိုနှုန်းအတိုင်းသာဖြစ်သည်။
အထူးသဖြင့် ကိုးကန့်ဒေသမှ ကြံများသည် ရှမ်းပြည်မြောက်ပိုင်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ အဓိက ပို့ကုန်များအနက် တခုဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု မလုံလောက်ခြင်းနှင့် အက်သနော ထုတ်လုပ်မှု ချဲ့ထွင်ခြင်းကြောင့် ယူနန်ပြည်နယ်၏ ကြီးထွားနေသည့် ကြံဝယ်လိုအားသည် ရောင်းချသူများအတွက် မြန်မာကို စွဲဆောင်မှုဖြစ်သည်။
တရုတ်ဝယ်ယူသူများသည် ရှမ်းပြည်မြောက်ပိုင်း စိုက်ခင်းများမှ ကြံများကို တိုက်ရိုက်ဝယ်ယူကြပြီး ထိုနေရာသည် ရာသီဥတုကောင်းမွန်ကာ နယ်စပ်နှင့် နီးကပ်သောကြောင့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး ထိရောက်သည်။
MNDAA က အားပေးသော ကြံစိုက်ခင်းများ အလျင်အမြန် တိုးချဲ့ခြင်းသည် ရိုးရာအစဉ်အလာ စားကျက်မြေများကို အပြင်းအထန် ထိခိုက်စေသည်ဟု ဒေသခံများပြောသည်။ လယ်သမားများသည် ၎င်းတို့ကျွဲနွားများက ကြံပင်ကိုစားလျှင် ၃ ယွမ် ဒဏ်ကြေးပေးရပြီး ကြံခင်းများအတွင်း ကျွဲနွားခြေရာတခုအတွက် ဒဏ်ကြေး ၅၀၀ ကျပ် ပေးရသည်။
MNDAA ထိန်းချုပ်ဒေသများမှ စီးပွားရေးပိုင်ဆိုင်မှုသည် တရုတ်နိုင်ငံသားများလက်သို့ ပိုမိုပြောင်းလဲလာပြီး စိုက်ပျိုးရေးတွင် အပြောင်းအလဲ ဖြစ်စေသည်။ တဧကလျှင် တန် ၃၀ အထိထွက်သည့် ကြံသည် အကျိုးအမြတ်များသည့်စိုက်ပျိုးမှု ဖြစ်လာသော်လည်း ဒေသခံလယ်သမားများတွက် မဟုတ်ဘဲ ဒေသခံအများအပြားသည် ၎င်းတို့၏မြေကို အသုံးပြုခွင့် ဆုံးရှုံးကြသည်။
MNDAA ထိန်းချုပ်ဒေသများမှ စီးပွားရေးပိုင်ဆိုင်မှုသည် တရုတ်နိုင်ငံသားများလက်သို့ ပိုမိုပြောင်းလဲလာပြီး စိုက်ပျိုးရေးတွင် အပြောင်းအလဲ ဖြစ်စေသည်။ တဧကလျှင် တန် ၃၀ အထိထွက်သည့် ကြံသည် အကျိုးအမြတ်များသည့်စိုက်ပျိုးမှု ဖြစ်လာသော်လည်း ဒေသခံလယ်သမားများတွက် မဟုတ်ဘဲ ဒေသခံအများအပြားသည် ၎င်းတို့၏မြေကို အသုံးပြုခွင့် ဆုံးရှုံးကြသည်။
မြေဈေးမြင့်မားသောကြောင့် မဝယ်နိုင်ကြ

MNDAA က ၎င်း၏ မူဝါဒများသည် စစ်ပွဲကာလအလွန် တိုးတက်ရေးအတွက် အရေးပါသည်ဟုပြောပြီး ဒေသတွင်း တည်တံ့သော ငြိမ်းချမ်းရေးနှင့် တိုးတက်မှုအတွက် စီးပွားရေးတိုးတက်မှုကို မီးမောင်းထိုးပြသည်ဟု The Kokang ၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် MNDAA သည် နိုင်ငံတော်တပိုင်း မြေရှင်အဖြစ် လုပ်ကိုင်နေပြီး မြေအသုံးပြုခွင့်နှင့် ပိုင်ဆိုင်ခွင့်ကို တာဝန်မဲ့စွာ နိုင်ငံခြားအကျိုးစီးပွားအတွက် ရောင်းချနေသည်ဟု ဝေဖန်သူများက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူး ဖုန်တဲရင်က အဖွဲ့၏လမ်းကြောင်းကို ထပ်လောင်းအတည်ပြုသည်။ စီးပွားရေးချဲ့ထွင်မှုကို အလေးထားပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟု ပြောသည်။ သို့သော် နောက်ကွယ်မှ အသေးစိတ်အချက်အလက်က ရှင်းလင်းသော ဦးတည်ဘက်ကို ပြသနေသည်။ တရုတ်ကို မျက်နှာမူပြီး နယ်စပ်က တွန်းအားပေးသည့် ဦးတည်ဘက်ဖြစ်သည်။
MNDAA ၏ နောက်ဆုံးစီးပွားရေး အစီအစဉ်သည် တရုတ်ဗဟိုပြုသည့်ပုံစံ ပုံအောထားပြီး နယ်စပ်ကုန်သွယ်ရေး၊ စက်မှုလယ်ယာနှင့် ယူနန်ပြည်နယ်နှင့် ဒေသပေါင်းစည်းရေးဖြစ်သည်။ ကြံပြုပြင်ထုတ်လုပ်သည့်လုပ်ငန်း၊ သတ္တုတူးဖော်ရေးနှင့် သယ်ယူပို့ဆောင်ရေးသို့ ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းစီးဝင်ပြီး လျင်မြန်၊ ကြီးမားကာ အလွန်မညီမျှသည့် အပြောင်းအလဲဖြစ်စေသည်။
“စီးပွားရေးမောင်းနှင်အားက တရုတ်ပဲ” ဟု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လေ့လာနေသည့် ရှမ်းပြည်မြောက်ပိုင်းမှ လူထုအခြေပြုအဖွဲ့အစည်းဝင်တဦးက ပြောသည်။
“လောက်ကိုင်နဲ့သိန္နီမှာ ဖြစ်နေတာက ပြန်လည် တည်ဆောက်ရေးသာ မကဘူး၊ ပထဝီနိုင်ငံရေး ပြန်လည်ချိန်ညှိမှုလည်း ဖြစ်တယ်။ ဒေသခံတွေက မဝယ်နိုင်တော့ဘဲ အသံတိတ်ပြီး အစားထိုးခံနေရတယ်” ဟု ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ Chinese Investment Reshapes Myanmar’s N. Shan as MNDAA Consolidates Power ကို ဘာသာပြန်သည်။ အက်သီနာ အောင်နော်သည် စီးပွားရေးကဏ္ဍများတွင် တရုတ်၏ ကျယ်ပြန့်လာသောသြဇာကို အာရုံစိုက်ပြီး မြန်မာမှ လူမျိုးစုပဋိပက္ခအရွေ့များ သရုပ်ခွဲလေ့လာခြင်းကို အထူးပြုသည်။ သူ၏ ကျွမ်းကျင်သော နယ်ပယ်များတွင် တရုတ်ပါဝင်ပတ်သက်မှု၏ လူမှုစီးပွားအကျိုးဆက်များ၊ မြန်မာ့လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်၏အခန်းကဏ္ဍ၊ ဒေသတွင်း အစီအစဉ်များတွင် တရုတ်ပတ်သက်မှုတို့ ပါဝင်သည်။)
You may also like these stories:
MNDAA နေထိုင်ခွင့်ကတ်နဲ့ တရုတ်ပြည်နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်လုပ်ပေးနေ (ရုပ်/သံ)
အထွေထွေ ဖိအားအောက် MNDAA ရောက်နေသလား
SSPP နဲ့ MNDAA တို့ စစ်ရေးတင်းမာနေ (ရုပ်/သံ)
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ
ရှမ်းမြောက် ရမခ စစ်အင်အား ပြန်ဖြည့်နေသည်















