ယခင်က စစ်တပ်နှင့် လက်နက်ကိုင်များအကြား တိုက်ပွဲဖော်ဆောင်မှုများကို ရာသီဥတုအရ ဆောင်းတွင်းနှင့် နွေဦးကာလ ပွင့်လင်းရာသီများတွင်သာ ဖော်ဆောင်လေ့ရှိကြသည်။ စစ်တပ်ဘက်ကလည်း ပွင့်လင်းရာသီတွင်သာ ဝေးလံခေါင်ဖျားသည့် တပ်နယ်များနှင့် စစ်ဆင်ရေးနယ်မြေများတွင် တပ်အချိန်းအပြောင်းနှင့် ရိက္ခာ၊ ခဲယမ်း စုပုံခြင်းများကို ဆောင်ရွက်လေ့ရှိကြသည်။
သို့သော် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်း ကာလအတွင်း ပြည်သူ့စစ်မဟာဗျူဟာကို တော်လှန်ရေးဘက်က အကောင်အထည်ဖော်လာနိုင်ချိန်တွင် စစ်ကောင်စီအနေဖြင့် ထိုသို့ စုပုံရေးလုပ်ငန်းစဉ်များသာမက ပုံမှန် အုပ်ချုပ် ထောက်ပံ့မှုများကိုပင် စီမံဆောင်ရွက်ရန် အခြေအနေ ဖန်တီးနိုင်ခွင့် တစတစ ပို၍ နည်းပါးလာခဲ့သည်။
အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (ERO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ဖြတ်တောက်ပိတ်ဆို့ထားသဖြင့် စစ်ကောင်စီအနေဖြင့် ရှေ့တန်းစခန်းများ၊ ဝေးလံခေါင်ဖျားသည့် တပ်နယ်များအပြင် အတွင်းပိုင်းဒေသများရှိ တပ်နယ်များကိုပင် အုပ်ချုပ်ထောက်ပံ့ရန် ခက်ခဲသွားခဲ့သည်။
ယခင်က စစ်ယာဉ်တန်းများနှင့် အနှောင့်အယှက်မရှိ သွားလာနိုင်သော လမ်းကြောင်းများကိုပင် စစ်ကောင်စီတပ်အနေဖြင့် အသုံးပြုသွားလာနိုင်ခြင်း မရှိတော့ပေ။ ထို့သို့ မြေပြင်က အုပ်ချုပ်ထောက်ပံ့ရန် မလွယ်တော့သည့်အခါ လေကြောင်းမှ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်နေရလေသည်။
လေကြောင်းမှ အုပ်ချုပ် ထောက်ပံ့မှုသည် ကုန်ကျစရိတ် ကြီးမားသဖြင့် ရေလမ်းကြောင်းသင့်သော ဒေသများကို သင်္ဘောများဖြင့် မြစ်ကြောင်းအတိုင်း စုန်ဆန်၍ အုပ်ချုပ် ထောက်ပံ့မှုများ ဆောင်ရွက်လာခဲ့သည်ကို တွေ့ရသည်။
လေကြောင်းမှ အုပ်ချုပ် ထောက်ပံ့မှုသည် ကုန်ကျစရိတ် ကြီးမားသဖြင့် ရေလမ်းကြောင်းသင့်သော ဒေသများကို သင်္ဘောများဖြင့် မြစ်ကြောင်းအတိုင်း စုန်ဆန်၍ အုပ်ချုပ် ထောက်ပံ့မှုများ ဆောင်ရွက်လာခဲ့သည်ကို တွေ့ရသည်။
စစ်တပ်တွင် ရေတပ်နှင့် စစ်သင်္ဘောများကို ယခင်က ပူးပေါင်းလေ့ကျင့်ရေး၊ ပင်လယ်ပြင် လေ့ကျင့်ခန်းများ၊ ရှာဖွေကယ်ဆယ်ရေးများ၊ သယ်ယူပို့ဆောင်ရေးနှင့် ငါးခိုးဖမ်းသည့်လှေများအား ဖမ်းဆီးခြင်းတို့တွင်သာ အသုံးပြုလေ့ရှိသည်။
အာဏာသိမ်းစတွင်လည်း မလေးရှား၌ တရားမဝင် နေထိုင်မှုဖြင့် ချုပ်နှောင်ခံထားရသည့် မြန်မာအလုပ်သမားအား ပြန်လည်ခေါ်ဆောင်ရာတွင် မြန်မာရေတပ်က စစ်သင်္ဘောကို အသုံးပြု၍ ဝါဒဖြန့်ချိခဲ့သေးသည်။
အာဏာသိမ်းကာလ နောက်ပိုင်းအချိန်များတွင် မြစ်ချောင်းပေါပြီး ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့် ရခိုင်ပြည်နယ်၌ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များကို ခုခံရန် ရေတပ်သင်္ဘောများ အပါအဝင် ရေတပ်ကို ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများတွင် ထုတ်သုံးလာခဲ့သည်။
သို့သော် Navy seal အဖွဲ့များကိုပါ ကမ်းတက် တိုက်ခိုင်းခဲ့သည့် ကမ္ဘာကျော်ကမ်းခြေ ငပလီရှိရာ သံတွဲဒေသ တိုက်ပွဲများအပါအဝင် ရခိုင်ကမ်းရိုးတန်းဒေသ တိုက်ပွဲများတွင် လေကြောင်းပစ်ကူ အဆမတန် ရယူခဲ့သည့်တိုင် စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ်တို့မှာ မရှုမလှ ရှုံးနိမ့်ခဲ့ရလေသည်။
ထိုသို့သော အခြေအနေမှ ယခုအခါ ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရန် ပို့ဆောင်မှုများကို မြစ်ကြောင်းများမှတဆင့် စစ်ကောင်စီဘက်က ဆောင်ရွက်လာခဲ့သည်။ အဓိကအားဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ဘက်သို့ တပ်အလဲအလှယ်ပြုလုပ်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာ၊ ခဲယမ်း၊ စက်သုံးဆီနှင့် ဆောက်လုပ်ရေးပစ္စည်းများ စုပုံခြင်းများအပါအဝင် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ရန် ဧရာဝတီနှင့် ချင်းတွင်းမြစ် နှစ်စင်းကို စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ကာ အသုံးပြုလျက်ရှိသည်။
ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ ဂေါဝိန်ဆိပ်မှ ဗန်းမော်အထိလည်းကောင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း မန္တလေးနှင့် မုံရွာမှ ခန္တီးအထိလည်းကောင်း မြစ်ကမ်းတလျှောက်ရှိ မြို့များ၊ စစ်ကောင်စီ တပ်ဌာနချုပ်များနှင့် စစ်စခန်းများကို အုပ်ချုပ် ထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်ကို တွေ့ရသည်။
ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ ဂေါဝိန်ဆိပ်မှ ဗန်းမော်အထိလည်းကောင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း မန္တလေးနှင့် မုံရွာမှ ခန္တီးအထိလည်းကောင်း မြစ်ကမ်းတလျှောက်ရှိ မြို့များ၊ စစ်ကောင်စီ တပ်ဌာနချုပ်များနှင့် စစ်စခန်းများကို အုပ်ချုပ် ထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်ကို တွေ့ရသည်။
ထိုကဲ့သို့ စစ်ကောင်စီဘက်က ရေကြောင်းကို အသုံးပြုသွားလာ ပို့ဆောင်နေသော်လည်း တော်လှန်ရေးဘက်က ရေလမ်းကြောင်းတလျှောက် စောင့်ကြိုတိုက်ခိုက်မှုများကြောင့် သွားလာရာတွင် တနှစ်ထက်တနှစ် ပို၍ ခက်ခဲလာခဲ့သည်။
တော်လှန်ရေးဘက်က မြစ်အတွင်း စုန်ဆန်သွားလာသည့် စစ်သင်္ဘောများကို ကမ်းပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ရေယာဉ်များပေါ် ဗုံးချတိုက်ခိုက်ခြင်းနှင့် မြစ်ကျဉ်းနေရာများတွင် စနိုက်ပါ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် အချိန်ကာလအားဖြင့် မိုးရာသီကာလ မြစ်ရေကြီးပြီး ရေပြင်ကျယ်သည့်အချိန်ကို စောင့်ကာ စစ်ကောင်စီဘက်က ရေကြောင်းကို အသုံးပြုလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ခုနစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များက ရွှေကူနှင့် ဗန်းမော်ကြားတွင် တိုက်ခိုက်ခဲ့ရာ သင်္ဘော နှစ်စီး နစ်မြုပ်ပြီး လေးစီး မီးလောင်ပျက်စီးသွားခဲ့ရသည်။
ထို့ကြောင့် စစ်သင်္ဘောတစီးနှင့် ချောဆွဲလာသည့် သင်္ဘောတစီးသာ ဗန်းမော်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ စစ်ကောင်စီဘက်က ဗန်းမော်ကို အင်အားဖြည့်ခြင်းနှင့် အုပ်ချုပ် ထောက်ပံ့မှု အပြည့်အဝ မလုပ်နိုင်သဖြင့် ဗန်းမော်အခြေစိုက် စကခ (၂၁) သည် KIA နှင့် ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) တို့၏ ဝိုင်းပတ်ပိတ်ဆို့ထားခြင်းက ဖောက်မထွက်နိုင်ခြင်းဟုလည်း ယူဆနိုင်သည်။

ဗန်းမော်တိုက်ပွဲ ကာလကြာရှည်သည်မှာ မှန်သော်လည်း ထိုစဉ်က ရေကြောင်းကလာသည့် အုပ်ချုပ် ထောက်ပံ့မှုကို ဖြတ်တောက်နိုင်ခဲ့ခြင်းကလည်း အရေးပါသည့် တိုက်ခိုက်မှုဟု ဆိုနိုင်သည်။
စစ်ကောင်စီဘက်ကလည်း ထိုစဉ်က ရေကြောင်းတိုက်ပွဲတွင် အရေးနိမ့်မှုကို သင်ခန်းစာဖော်ထုတ်ကာ ယခုတခေါက်၌ အားနည်းချက်များကို ပြင်ဆင်လာပုံရသည်။ ယခင်က စစ်သင်္ဘောအုပ်များ စုန်ဆန်သွားလာကြသည့်အခါ မြစ်ရိုးတလျှောက် တိုက်ပွဲဖြစ်သည့်နေရာများကိုသာ စစ်ကောင်စီလေတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ပစ်ကူပေးခဲ့သည်။
စစ်ကောင်စီဘက်ကလည်း ထိုစဉ်က ရေကြောင်းတိုက်ပွဲတွင် အရေးနိမ့်မှုကို သင်ခန်းစာဖော်ထုတ်ကာ ယခုတခေါက်၌ အားနည်းချက်များကို ပြင်ဆင်လာပုံရသည်။ ယခင်က စစ်သင်္ဘောအုပ်များ စုန်ဆန်သွားလာကြသည့်အခါ မြစ်ရိုးတလျှောက် တိုက်ပွဲဖြစ်သည့်နေရာများကိုသာ စစ်ကောင်စီလေတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ပစ်ကူပေးခဲ့သည်။
ယခုနောက်ပိုင်းတွင် တိုက်ခိုက်ရေး လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ လုံခြုံရေးလိုက်ပါခြင်း (Air Guard)၊ မြေပြင်စစ်ကြောင်းထိုးနိုင်သည့် နယ်အချို့တွင် စစ်ကြောင်းထိုး၍ ရေကြောင်းလုံခြုံရေး ဆောင်ရွက်ခြင်းနှင့် မြစ်ကမ်းဘေးရှိ ကျေးရွာများကို ကြိုတင် ပစ်ခတ်တိုက်ခိုက်သည့်အနေဖြင့် ဗုံးကြဲခြင်းများအပြင် ရေယာဉ်များပေါ်တွင် တိုက်ရိုက်ပစ် လက်နက်ကြီးများ၊ ဒရုန်းများ၊ စက်တပ်လေထီးများပါ တင်ဆောင်ပြီး ကမ်းဘေးမှ စောင့်ကြိုတိုက်ခိုက်မှုများကို တုံ့ပြန်တိုက်ခိုက်ခြင်းများ ပြုလုပ်လာခဲ့သည်။
ထို့သို့ စစ်ကောင်စီဘက်က ပြင်ဆင်လာခြင်းမှာ ပြီးခဲ့သည့်နှစ်အတွင်း ဧရာဝတီမြစ်ကြောင်းအတွင်း မရှုမလှ အရေးနိမ့်ခဲ့မှုကြောင့်ဖြစ်သည်ဟုလည်း ဆိုရပေမည်။
ယခုနှစ်တွင် ရေလမ်းကြောင်းများမှ စစ်အင်အားဖြည့်တင်းရန်နှင့် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ရန်အတွက် ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြောင်းများတလျှောက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ စနစ်တကျ ဆောင်ရွက်လာကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် မန္တလေးမြို့ရှိ သင်္ဘောဆိပ်များမှ စစ်သင်္ဘောများ အပါအဝင် ရေယာဉ် ၂၅ စီးခန့် ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်ခွာ ဆန်တက်လျက်ရှိသည်။ အလားတူ ဇူလိုင်လ ၁၄ ရက်တွင် မုံရွာမြို့ရှိ သင်္ဘောဆိပ်များမှ စစ်သင်္ဘောများ အပါအဝင် ရေယာဉ် အစီး ၃၀ ခန့် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လျက်ရှိကြသည်။
သင်္ဘောများပေါ်တွင် မန္တလေးနန်းတွင်းနှင့် မုံရွာတို့တွင် စုဖွဲ့ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်အင်အားဖြည့်အဖွဲ့များ၊ သင်တန်းဆင်းနှင့် တပ်ပြောင်းရွှေ့ကြသူများ၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ စက်သုံးဆီ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ဆေးဝါးများ တင်ဆောင်လာကြောင်းလည်း သိရသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်သည် ယခုစာရေးချိန်တွင် ရွှေကူနှင့် ဗန်းမော်ကြားတွင် ရောက်ရှိနေပြီး၊ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်သည် ဖောင်းပြင်နှင့် ဟုမ္မလင်းကြားသို့ ရောက်ရှိနေပြီဖြစ်သည်။ စစ်သင်္ဘောအုပ်များသည် လမ်းတလျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့ အသီးသီး၏ စောင့်ကြိုတိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း ဆက်လက်၍ ဆန်တက်နေဆဲဖြစ်သည်။
အချိန်ကိုက် ကြိုတင်ချေမှုန်းသည့်အနေဖြင့် မြစ်ဘေးတလျှောက်ရှိ ကျေးရွာများကို ကြိုတင်ဗုံးကြဲခြင်း၊ တိုက်ခိုက်ရေး လေယာဉ်များသည် စစ်သင်္ဘောအုပ် တိုက်ပွဲဖြစ်မှ ပစ်ကူလာပေးခြင်းမျိုး မဟုတ်ဘဲ ရာသီဥတုပေါ် မူတည်ပြီး စစ်သင်္ဘောအုပ် ဆန်တက်ရာ လမ်းတလျှောက် လေကြောင်းမှ စောင့်ကြည့် ပျံသန်းနေသည်ကိုလည်း တွေ့လာရသည်။
ယခုတခေါက် ဆန်တက်မှုတွင် အထက်က ရေးသားခဲ့သလို စစ်ကောင်စီဘက်က စစ်နည်းဗျုဟာများ ပြောင်းလဲလာသည်ကို တွေ့ရသည်။ အချိန်ကိုက် ကြိုတင်ချေမှုန်းသည့်အနေဖြင့် မြစ်ဘေးတလျှောက်ရှိ ကျေးရွာများကို ကြိုတင်ဗုံးကြဲခြင်း၊ တိုက်ခိုက်ရေး လေယာဉ်များသည် စစ်သင်္ဘောအုပ် တိုက်ပွဲဖြစ်မှ ပစ်ကူလာပေးခြင်းမျိုး မဟုတ်ဘဲ ရာသီဥတုပေါ် မူတည်ပြီး စစ်သင်္ဘောအုပ် ဆန်တက်ရာ လမ်းတလျှောက် လေကြောင်းမှ စောင့်ကြည့် ပျံသန်းနေသည်ကိုလည်း တွေ့လာရသည်။
မြစ်တလျှောက် စောင့်ကြိုတိုက်ခိုက်နိုင်သည့် နေရာများကို မြေပြင်စစ်ကြောင်းထိုး၍ ရသလောက် စောင့်ကြိုတိုက်ခိုက်မည့် တပ်ဖွဲ့များ အာရုံများအောင် စစ်ကြောင်းထိုးပြီး နှောင့်ယှက်ခိုင်းခြင်းများလည်း ပြုလုပ်လျက်ရှိသည်။
တော်လှန်ရေးဘက်ကလည်း ယခင်က တိုက်ခိုက်နည်းများအပြင် ရေမြှုပ်ဗုံးများနှင့် USD (Underwater Suicide Drone) များ ဟုယူဆရသည့် ယာဉ်ငယ်များဖြင့်ပင် တိုက်ခိုက်နေကြောင်း တွေ့ရသည်။ ထိုသို့ တိုက်ခိုက်မှုများအကြားမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်သည် ရွှေကူ ဒုတိယမြစ်ကျဉ်းကို ဖြတ်ကျော်ရန် ကြိုးစားလျက်ရှိသည်။
ရွှေကူအထွက် ငါးဘတ်ဝတွင် စစ်သင်္ဘောများ ပစ်ခတ်ခံထားရပြီး ရွှေကူအခြေစိုက်တပ်နှင့် သင်္ဘောများဖြင့် ပါလာသည့် စစ်အင်အားများနှင့်ပေါင်းကာ အင်အား ၃၀၀ ခန့်ဖြင့် ဒုတိယမြစ်ကျဉ်းအနီး မြစ်ကြောင်း တလျှောက် စစ်ကြောင်းထိုးကာ နယ်မြေရှင်းရန် ကြိုးစားသည်။ သို့သော် KIA ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထိုစစ်ကြောင်းမှာ အထိအခိုက် အကျဆုံးများပြီး နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။ ရွှေကူ ဒုတိယမြစ်ကျဉ်းနေရာသည် ၁၀ မိုင်ခန့်ရှည်ခြင်း၊ ကျောက်ဆောင်များ ပေါများခြင်းနှင့် ရေတိမ်ခြင်းတို့ကြောင့် ထိုနေရာကို ဖြတ်ကျော်ချိန်တွင် KIA နှင့် ပူးပေါင်းတပ်များ၏ သတ်ကွင်းအတွင်း ရောက်သလို ဖြစ်သည်။
သို့သော် ဩဂုတ်လ ၁ ရက်နေ့တွင် စစ်သင်္ဘောအုပ်သည် မြစ်ရိုးတ လျှောက် စောင့်ကြိုတိုက်ခိုက်နိုင်သည့် နေရာများကို လေကြောင်း ပစ်ကူ အဆမတန် ရယူ၍ ဗန်းမော်အထိ တက်လာနိုင်ခဲ့ကြောင်း သိရသည်။ စစ်သင်္ဘောများ ဆန်တက်စဉ် ရွှေကူနှင့် ဗန်းမော်ကြား မြစ်ကြောင်းတလျှောက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က မြေပြင်ကနေ စစ်ကြောင်းထိုး တိုက်ခိုက်သလို Y12 ဂျက်ဖိုက်တာ လေယာဉ်များဖြင့်လည်း ဗုံးကြဲချကာ လေကြောင်းပစ်ကူ အဆမတန်ပေးခဲ့သည်။ စင်ခန်းဘက်တွင် စစ်သင်္ဘောအုပ်မှ သင်္ဘောကြီးတစီး မြုပ်သွားခဲ့သည်။
ထို့နောက် ရွှေကူမှ ဗန်းမော်သို့ ၂၀ စီးခန့်ဖြင့် ဆန်တက်သည့် သင်္ဘောအုပ်သည် လုံခြုံရေးသင်္ဘောများ အပါ ၁၁ စီးခန့် သာ ဗန်းမော်ကို ရောက်ရှိကြောင်း သိရသည်။ မည်သည့် အရာများ တင်သည့် သင်္ဘောများဖြစ်သည်ကို အသေးစိတ် အတည်မပြုနိုင်သေးပေ။

အလားတူ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်သည် ဖောင်းပြင်မှ အထက်သို့ ဆန်တက်ရန် ကြိုးစားလျက်ရှိသည်။ ဖောင်းပြင်နှင့် ဟုမ္မလင်းအကြားတွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ရွှေပြည်အေးမြို့ ရှိသည်။
ဟုမ္မလင်းနှင့် ခန္တီးကြားတွင်လည်း မြစ်ကျဉ်းနေရာများ ရှိနေသည်။ ၎င်းနေရာများအကြားတွင် စစ်သင်္ဘောအုပ်ကို တော်လှန်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ပြီး ခရီးမဆက်နိုင်အောင် ဆောင်ရွက်နိုင်သည်။
ဟုမ္မလင်းနှင့် ခန္တီးကြားတွင်လည်း မြစ်ကျဉ်းနေရာများ ရှိနေသည်။ ၎င်းနေရာများအကြားတွင် စစ်သင်္ဘောအုပ်ကို တော်လှန်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ပြီး ခရီးမဆက်နိုင်အောင် ဆောင်ရွက်နိုင်သည်။
ထိုသင်္ဘောအုပ်သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် မော်လိုက်မြို့နယ်အတွင်း၌ တကြိမ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖောင်းပြင်မြို့ နယ် အတွင်း၌ တကြိမ်နှင့် ဇူလိုင် ၂၈ ရက်နေ့ တွင်ဖောင်းပြင်နှင့် ဟုမ္မလင်းအကြား ဆန်တက်နေချိန်၌ တကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။ တော်လှန်ရေးတပ်ဖွဲ့များက ငမန်းစစ်ဆင်ရေး အမည်ဖြင့် တားဆီး ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသော်လည်း ဩဂုတ်လ ၁ ရက်တွင် ထိုသင်္ဘောအုပ်သည် ခန္တီးမြို့သို့ ရောက်ရှိသွားခဲ့သည်။
သင်္ဘောအုပ်တွင် ၂၃ စီး ပါရှိခဲ့ပြီး ၂၃ စီးအနက် စစ်သင်္ဘော ၄ စီးတွင် ရိက္ခာ၊ ဆေးဝါး၊ လက်နက် ခဲယမ်းများ တင်ဆောင်လာခဲ့ပြီး ကျန် ၁၉ စီးတွင် စစ်သည်အင်အားများ တင်ဆောင် လာကြောင်း သိရသည်။
ယခုကာလ ရာသီဥတုမှာ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ် မိုးရွာနေပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းတွင်လည်း နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနေမည့်အခြေအနေတွင် ရှိနေသည်။ ထို့ကြောင့် စစ်ကောင်စီဘက် လေကြောင်းမှ ပစ်ကူပေးနိုင်ရန် ခက်ခဲဖွယ်ရှိနေသည်။
သို့သော် ရာသီဥတု ကောင်းသည့်အချိန် လေကြောင်းပစ်ကူရော မြေပြင်စစ်ကူပါ သုံး၍ သင်္ဘောအုပ်ကို မရောက်ရောက်အောင် စစ်တပ်ဘက်က စွမ်းဆောင်သွားခဲ့သည်။ လတ်တလောတွင် စစ်ကောင်စီ သင်္ဘောအုပ်များမှာ မြစ်ကြောင်းအတိုင်း ပြန် စုန်ဆင်းရန်အားယူနေကြသည်။ ကြားဖြတ်တိုက်ခိုက်ခံရနိုင်ဖွယ်များ ရှိနေလည်း အဆန်ထက် အစုံက ပိုမြန်ဆန်နိုင်လိမ့်မည်ဟု ထင်ပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ဧရာဝတီမြစ်ထဲမှာ စစ်သင်္ဘောတွေ ဘယ်လိုတိုက်ခိုက်ခံနေရသလဲ (ရုပ်/သံ)
လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်
မန္တလေးမှ တက်လာသည့် စစ်သင်္ဘောများ ရွှေကူသို့ ရောက်လာ
မန္တလေးလုံခြုံရေး ဧရာဝတီမြစ်တွင်း စစ်သင်္ဘောဖြင့် ကင်းလှည့်
စစ်သင်္ဘောမှ ပစ်ခတ်၍ ကျိုက်မရောမြို့နယ် ဓမ္မသရွာမှ အိမ် ၃၀၀ ကျော် မီးလောင်
သမိုင်းထဲက မေယု စစ်သင်္ဘောကြီး














