ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် မန်ဒ – Manda ကုမ္ပဏီတို့ ပူးပေါင်း၍ စိုက်ပျိုး ထုတ်လုပ်ခဲ့သည့် သန့်စင်ပြီး မျိုးစပါး တင်းပေါင်း ၃ သောင်းကျော်ကို မိုးစပါး စိုက်ပျိုးရာသီ အတွက် ဧရာဝတီတိုင်း အတွင်းရှိ လယ်သမားများထံ ရောင်းချ ပေးနေကြောင်း သတင်းရရှိသည်။
“ဂျပန်နိုင်ငံအခြေစိုက် မန်ဒကုမ္ပဏီနဲ့ ကျနော်တို့ စိုက်ပျိုးရေးဌာနတို့ ပူးပေါင်းပြီး မနှစ်က မျိုးစပါး ထုတ်တာ တင်းပေါင်း ၃ သောင်းကျော် ထွက်တယ်။ ပုသိမ်ခရိုင်မှာတင် တင်း ၈ ထောင်ကျော် ထွက်တယ်။ အဲဒီ မျိုးစပါးတွေကို ပြန်လည်သန့်စင်ပြီးတော့ လာမယ့် မိုးစပါးရာသီအတွက် လယ်သမားတွေကို ရောင်းချပေးနေပါပြီ။ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဌာနတွေမှာ ဝယ်ယူနိုင်ပါတယ်”ဟု ပုသိမ်ခရိုင် စိုက်ပျိုးရေးဌာန မန်နေဂျာ ဦးစိန်မောင်မြင့်က ပြောသည်။
စိုက်ပျိုးရေးဌာနမှ ရောင်းချပေးနေသည့် မျိုးသန့်စပါးများမှာ ပခန်းရွှေဝါ၊ ပေါ်ဆန်းရင်၊ ပေါ်ဆန်းကြီး (ဧရာဝတီ) စပါးမျိုးများ ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံအခြေစိုက် မန်ဒကုမ္ပဏီ၏ အတိုးမပါ ထောက်ပံ့ကူညီသည့်ငွေ သိန်း ၂၆၀၀ ကို အသုံးပြု၍ ဧရာဝတီတိုင်း စိုက်ပျိုးရေးဌာနက လယ်သမားများကို မျိုးစပါးစိုက်နည်းပညာနှင့် စိုက်ပျိုးစရိတ်ချေးငွေ ထောက်ပံ့ကူညီကာ
ဧရာဝတီတိုင်းရှိ မြို့နယ် ၂၆ ခု၌ တမြို့နယ်လျှင် ဧက ၅၀ နှုန်းဖြင့် မျိုးသန့်စပါးဧက ၁၃၀၀ စိုက်ပျိုး ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မျိုးသန့်စပါးစိုက်ခင်းများမှ ထွက်ရှိသည့် မျိုးစပါးတင်းပေါင်း ၃ သောင်းကျော်ကို စိုက်ပျိုးရေးဌာနက ပြန်လည်ဝယ်ယူ၍ ယခုနှစ်မိုးစပါးရာသီတွင် လယ်သမားများထံ ဖြန့်ဝေရောင်းချပေးနေခြင်း ဖြစ်သည်။
“စိုက်ပျိုးရေးဌာနက မျိုးသန့်စပါးတွေ ရောင်းပေးမယ်ဆိုတော့ ကောင်းတာပေါ့။ ကျနော်တို့လည်း မျိုးသန့်ပဲ စိုက်ချင်ပါတယ်။ မနှစ်ကဆိုရင် မျိုးစပါးလိုချင်လို့ ဌာနမှာ သွားဝယ်တော့ ကုန်နေပြီ။ မရတော့ဘူး။ အဲဒီတော့ ရွာလယ်သမားအချင်းချင်းဆီက မျိုးပြန်ဝယ်စိုက်တာ မျိုးမသန့်တော့ အထွက်နည်းပြီး ဈေးကောင်းမရတာတွေ ကြုံရတယ်”ဟု ကန်ကြီးထောင့်မြို့နယ်မှ လယ်သမား ကိုကျော်ခိုင်က ပြောသည်။
ဧရာဝတီတိုင်းစိုက်ပျိုးရေးဌာနအနေဖြင့် ဂျပန်ကုမ္ပဏီ မန်ဒအကူအညီဖြင့် လယ်သမားနှင့် ပူးပေါင်း၍ မျိုးသန့် ထုတ်လုပ်သည့်စီမံကိန်းကို ယခုနှစ်အတွင်း စိုက်ဧကပိုမိုတိုးချဲ့ လုပ်ဆောင်သွားရန် ပြင်ဆင်နေကြာင်း သိရသည်။