ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာ တခုဖြစ်သော Mytel က 5G ဆက်သွယ်ရေး ကွန်ရက်ကို သြဂုတ်လ ၅ ရက်နေ့ ၌ ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ကာ စတင် မိတ်ဆက်လိုက်သည်။
Mytel က 5G ကွန်ရက် စမ်းသပ်မှုကို ဇူလိုင်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ၎င်းတို့ ရုံးချုပ်တွင် စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခု မိတ်ဆက်လိုက်ခြင်းသည် Mytel အနေဖြင့် 5G ကွန်ရက်အတွက် နည်းပညာစမ်းသပ်မှု အောင်မြင်ခဲ့သည့် မိတ်ဆက် ခြင်းဖြစ်ပြီး 5G ကွန်ရက်ကို လာမည့် နှစ်ထဲမှသာ ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ကြောင်း Mytel ၏ ပြင်ပဆက်ဆံရေး အရာရှိ ချုပ် ဦးဇော်မင်းဦးက ပြောသည်။
၎င်းက“အခုကတော့ စမ်းသပ်ဖို့ပဲ ဝန်ကြီးဌာနက ခွင့်ပြုပေးတာပေါ့။ ဝန်ကြီးဌာနရဲ့ 5G ကွန်ရက်အတွက် Roadmap က ရှေ့နှစ်မှ ဆိုတော့ အဲ့ဒီကျမှပဲ 5G ဝန်ဆောင်မှုပေးနိုင်မှာပါ”ဟု ဆိုသည်။
Mytel ၏ 5G ကွန်ရက်အတွက် နည်းပညာ နှင့် အခြေခံ အောက်အအုံများကို တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီ ဟွာဝေး နှင့် ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး ဝန်ဆောင်မှု စပေးချိန်တွင် မြို့ကြီး တချို့၌ သာ စတင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
Mytel က 5G ကွန်ရက် အမြန်နှုန်း စမ်းသပ်မှုကို C band (3.5 GHz လှိုင်းစဉ်) ဖြင့် စမ်းသပ်ခဲ့ပြီး တစက္ကန့်လျှင် ဒေါင်းလုတ် နှုန်းသည် 1.6 Gbps နှင့် Upload အမြန်နှုန်းသည်လည်း 96.1 Mbps အထိ ရှိပြီး ယင်းအမြန်နှုန်များသည် လက်ရှိ အသုံးပြုနေသော 3G နှင့် 4G ကွန်ရက်ထက် ဆယ်ဆခန့် ပိုမြန်သည်ဟု ဆိုသည်။
Mytel ဥက္ကဋ္ဌ ဦးခင်မောင်စိုးက“အင်တာနက် အမြန်နှုန်းတွေ တိုးလာတာကြောင့် တခြား ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ် ရေး၊ စက်မှုလက်မှု လုပ်ငန်းတွေကို အထောက်အကူ အများကြီး ဖြစ်ထွန်းလာနိုင်စေမှာပါ”ဟု ပြောသည်။
Mytel ကို ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် Viettel ကုမ္ပဏီ၊ Myanmar National Telecom Holdings အများပိုင် ကုမ္ပဏီ နှင့် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင် Star High ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း သိရ သည်။
Mytel သည် ပြီးခဲ့သည့် ၂၀၁၈ နှစ်မှစတင်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်လုပ်ဆောင်ခဲ့ပြီး လက်ရှိ အချိန် တွင် ဆက်သွယ်ရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားကြောင်း ဦးဇော်မင်းဦး က ပြောသည်။
မိုဘိုင်းလ်ဖုန်းများ နှင့် နည်းပညာဆိုင်ရာများ သုံးသပ် ပြောကြားနေသူ ကိုအောင်ချမ်းမြေ့ (TBH Labs) က“မြန်မာနိုင်ငံက မိုဘိုင်းလ် အင်တာနက်နဲ့ ပတ်သက်ပြီး တိုးတက်တာက တအားကို မြန်တယ်။ 5G က အိမ်နီးချင်း နိုင်ငံမှာတောင် သေချာ မရသေးတဲ့ အခြေအနေမှာ မြန်မာနိုင်ငံမှာ ရတော့မယ်ပေါ့၊ ဒါပေမယ့် သုံးစွဲသူတွေ အများပြည်သူတွေ အကုန်လုံး သုံးလို့ ရဖို့ကတော့ အချိန်တခု လိုဦးမယ်လို့ ထင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍“5G အတွက်က တာဝါတိုင်တွေ အများကြီး လိုမယ်၊ 5G ကို အခြေခိုင်အောင်လုပ်ဖို့က 4G ထက် အချိန် ပိုကြာပါလိမ့်မယ်။ ဒီတနှစ် ၂နှစ် အတွင်းမှာကတော့ ကျနော်ကတော့ မမြင်သေးပါဘူး။ အခြေခံ အောက်အအုံ လိုအပ်ချက်က အများကြီး ရှိနေသေးတယ်”ဟု ပြောဆိုသည်။
Mytel သည် ပြည်တွင်း ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ နောက်ဆုံးမှ ဝင်ရောက်လာသော အော်ပရေတာ တခုဖြစ်ပြီး လက်ရှိ အချိန်တွင် သုံးစွဲသူပေါင်း ၁၅ သန်းအထိ ရှိနေပြီး ဖြစ်ကြောင်း Mytel က ပြောသည်။
ရန်ကုန်မြို့မှ ကုမ္ပဏီဝန်ထမ်း တဦးဖြစ်သူ မဝတ်ရည်အောင်က“Mytel က အခု အင်တာနက်လိုင်း ကောင်းတော့ ဒေတာ သုံး ဖို့ အတွက် သုံးဖြစ်တယ်။ ဖုန်းပြောတာကတော့ တခြားကတ်နဲ့ပဲ သုံးတယ်။ စစ်တပ်က ဟာမို့လို့ ဘာလို့တော့ မသိဘူး၊ ကိုယ့် အတွက် အဆင်ပြေမယ့်ဟာကို ရွေးသုံးဖြစ်တာပါ”ဟု ပြောပြသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ Mytel ကို ဆင်းမ်ကတ် (Sim Card) များ အခမဲ့ ပေးခဲ့ခြင်းကြောင့်ဟု ဆိုကာ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (PTD) က ဒဏ်ငွေ ကျပ်သန်း ၃၀၀ ချမှတ်ထားသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT ၊ တယ်လီနော Telenor၊ အူရီဒူး Ooredoo နှင့် Mytel တို့က ဝန်ဆောင်မှုပေးလျက် ရှိသည်။