စင်ကာပူလုပ်ငန်း ဟွာချင်အင်တာနေရှင်နယ် ရီစို့ဆက် လီမိတက် Huacheng International Resources Ltd နှင့် တရုတ်နိုင်ငံမှ ရှန်ဟိုင်း ဘရိုက် အင်ဒပ်စထရီ Shanghai Bright Industry တို့သည် အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံတန် တည်ဆောက်ရေး စီမံကိန်းကို ရခိုင်ပြည်နယ် အစိုးရသို့ ပူးတွဲ အဆိုပြုလိုက်သည်။
ထိုလုပ်ငန်းနှစ်ခုမှ ကိုယ်စားလှယ်များသည် ပဋိပက္ခ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ ဇူလိုင်လ ၁၂ ရက်နေ့က သွားရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ခန့်အပ်ထားသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအား တွေ့ဆုံခဲ့သည်။
စီမံကိန်း အသေးစိတ်ကို ပြည်နယ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပေ။
ထို စင်ကာပူ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် စင်ကာပူအစိုးရက ရခိုင်ပြည်နယ်သို့ ခရီးသွားခြင်းကို အားမပေးကြောင်း အကြံပြုထားသည့်ကြားမှ သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး စင်ကာပူမှ ရခိုင် တိုင်းရင်းသား ခြောက်ဦးကို ပြည်နှင်ဒဏ်ပေးပြီး မကြာမီ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ စင်ကာပူမှ ရခိုင် တိုင်းရင်းသား ခြောက်ဦးကို ပြည်နှင်ဒဏ် ပေးလိုက်သောကြောင့် ကျယ်ပြန့်သော ဝေဖန်မှုများ ပေါ်ပေါက်လာပြီး ဂျပန်နှင့် အမေရိကန်နိုင်ငံများရှိ စင်ကာပူသံရုံးများ ရှေ့တွင် ကန့်ကွက်ပွဲများ ဖြစ်စေခဲ့သည်။
ပြည်နှင်ခံရသော ရခိုင်တိုင်းရင်းသားများတွင် ရက္ခိုင့်တပ်မတော် (AA) အကြီးအကဲ၏ ညီလည်း ပါဝင်ပြီး ၎င်းတို့ ရန်ကုန်သို့ ပြန်လည် ရောက်ရှိသောအခါ ဖမ်းဆီးခံခဲ့ရသည်။ ဗုဒ္ဓဟူးနေ့အထိ ၎င်းတို့ကို မည်သည့်နေရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်နှင့် ၎င်းတို့ကို စစ်ဆေးမှုပြုလုပ်သည်၊ မလုပ်သည်ကို မိသားစုများ မသိကြသေးပေ။ ထိုဖမ်းဆီးထားသူ ၆ ဦးနှင့် ပတ်သက်ပြီး တပ်မတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အစိုးရ တို့ကလည်း ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
ဟွာချင် အင်တာနေရှင်နယ် ရီစို့ဆက် လီမိတက်ကို တည်ထောင်သူမှာ ချွားဟွာဖော Chua Hwa Por ဖြစ်ပြီး ၎င်း၏ရုံးချုပ်သည် စင်ကာပူရှိ ဆန်းတက်တာဝါ Suntech Tower အမှတ် ၃ တွင် တည်ရှိကြောင်း ဧရာဝတီ သတင်းဌာနက လေ့လာသိရှိရသည်။ သူသည် ဒေါ်လာသန်းပေါင်းများစွာ နှစ်စဉ် ဝင်ငွေရသည့် ကမ္ဘာ့ဟိုတယ်၊ အဆင့်မြင့်အိမ်ယာ လုပ်ငန်းအဖြစ် ကျော်ကြားလှသော ပင်နင်ဆူလာ ဟိုတယ်အုပ်စုတွင် ဒုတိယ အများဆုံး ရှယ်ယာပိုင်ရှင် ဖြစ်ခဲ့ဖူးသည်။
ချွားဟွာဖောသည် တရုတ်ပြည်မကြီးနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ညာလက်ရုံး နိုင်ငံရေး ဦးဆောင်ကော်မတီဝင် လီကျန်းစူးနှင့် အချိတ်အဆက်ရှိသည်ဟု South China Morning Post (SCMP) သတင်းစာတွင် ခဏတာတင်သော ဆောင်းပါးတခုက ဆိုသည်။ လီ၏ သမီးကို ချွားဟွာဖော၏ အဆင့်မြင့် ဟိုတယ်တခုတွင် ၂၀၁၇ ခုနှစ်က တွေ့ကြရသည်။ လီ၏ တရားဝင် ရာထူးမှာ ကွန်မြူနစ်ပါတီ အထွေထွေ ရုံးအကြီးအကဲဖြစ်သည်။
ထိုဆောင်းပါးကို ခဏအကြာတွင် South China Morning Post (SCMP) အင်တာနက်စာမျက်နှာမှ ဖယ်ရှားခဲ့သည်။ တရားဝင် ရှင်းလင်းချက်အရ ထိုဆောင်းပါးတွင် အတည်မပြုနိုင်သော သတင်း အချက်အလက်များ ပါဝင်ကြောင်း ဖော်ပြသော်လည်း ထိုလုပ်ရပ်သည် မိမိဖာသာ ဆင်ဆာ တည်းဖြတ်ခြင်း အဖြစ် သတင်းသမားများက ရှုတ်ချကြသည်။
ချွားဟွာဖောသည် ပင်နင်ဆူလာဟိုတယ်ကို ပိုင်သည့် HongKong & Shanghai Hotels ရှယ်ယာရှင် ဟောင်းလည်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် HongKong & Shanghai Hotels သည် First Myanmar Investment (FMI) ကို တည်ထောင်သူ သြဇာကြီးမားသော စီးပွားရေးသမား ဆာ့ချ်ပန်းနှင့် အတူ အဆင့်မြင့် ပင်နင်ဆူလာ ဟိုတယ်ကို ရန်ကုန်မြို့လယ်ရှိ မီးရထားရိပ်သာ နေရာဟောင်းတွင် တည်ဆောက်ခဲ့သည်။
ချွားဟွာဖောသည် HongKong & Shanghai မှ သူ၏ ရှယ်ယာများကို ၂၀၁၈ ခုနှစ်တွင် ရောင်းချခဲ့သည်ဟု ယုံကြည်ရသည်။ ထိုဟိုတယ်သည် ဆယ်ဧက ကျယ်သောမြေတွင် FMI က ဆောင်ရွက်နေသည့် အထပ် ၂၆ ထပ်ရှိ၊ အမေရိကန် ဒေါ်လာ သန်း ၇၀၀ တန် ဘက်စုံစီမံကိန်း၏ အစိတ်အပိုင်း ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည် ဖြစ်သည်။
Hong Kong & Shanghai Hotels နှင့် FMI ၏ အစိတ်အပိုင်းဖြစ်သော the Yoma Group of Companies တို့မှ ကိုယ်စားလှယ်များ၏ အဆိုအရ ဟွာချင်အင်တာနေရှင်နယ် ရီစို့ဆက် လီမိတက်၏ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုသည် ရန်ကုန်ရှိ ပင်နင်ဆူလာ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်ခြင်း မရှိပေ။
မလေးရှား၊ တရုတ်နှင့် စင်ကာပူ တို့မှ အဓိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် ရခိုင်ပြည်နယ်အစိုးရထံမှ ကနဦး ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြသည်။ ရခိုင်ပြည်နယ် အစိုးရသည် နောက်ဆုံးခွင့်ပြုချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရထံ တင်ပြတောင်းခံမည်ဟု မျှော်လင့်ရသည်။
မြန်မာ့တပ်မတော်နှင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသော AA ကလည်း ပြည်ပ ဆောက်လုပ်ရေး လုပ်ငန်းများကို ကြိုဆိုကြောင်း မကြာမီက ကြေညာခဲ့သည်။
(Moe Myint ၏ Former Peninsula Hotel Shareholder Eyes $1.6-Billion Project in Rakhine ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
မြန်မာ့ အပြောင်းအလဲ အမေရိကန် လုပ်ငန်းရှင်များ စောင့်ကြည့်နေဟု ဆို
ရန်ကုန် ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်ဦးဆောင်