စီးပွားရေး

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု လျာထားချက် ယခုဘဏ္ဍာနှစ်တွင် မပြည့်မီနိုင်ဟုဆို

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုသည် အစိုးရက မျှော်မှန်းထားသည့် အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံမှာ ပြည့်မီနိုင်ရန် မသေချာကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင် ညွှန်ကြားရေးမှူး ဦးသန့်စင်လွင်က ပြောသည်။

“၁ ဒသမ ၇ ဘီလီယံ လိုပါသေးတယ်။ ဒီပမာဏလောက် ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ကျနော်တို့ကို လာ ဆွေးနွေးထားတာ မရှိပါဘူး”ဟု ၎င်းက ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် တိုးမြှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် ကန်ဒေါ်လာ ၂၂၃ ဒသမ ၆၈၃ သန်း ဝင်ရောက် ထားသလို လက်ရှိဘဏ္ဍာနှစ် ကုန်ဆုံးတော့မည့် ရက်ပိုင်းအလိုတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)သို့ ဝင်ရောက်ထားသည့် နိုင်ငံတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာလည်း ကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ သာ ရှိသေးသဖြင့် လျာထားချက် ပြည့်မီရန် လိုအပ်နေသေးကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးသည့် လုပ်ငန်းများဖြစ်သည့် အခြေခံအဆောက်အအုံ ကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့တွင် လာရောက်ဆွေးနွေးထားသည့် လုပ်ငန်းများရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုသူ၏ ဆန္ဒအရ ထုတ်ဖော်၍ ပြောမရကြောင်း ၎င်းက ဆိုသည်။

ယခုဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၅ ရက် အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၅၂ ခုမှ ပမာဏ ကန်ဒေါ်လာ ၂ ဒသမ ၅၅ ဘီလီယံနှင့် ရှိပြီးသား လုပ်ငန်းများသို့ ထပ်မံ တိုးမြင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၈၇ ဘီလီယံ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(Dica) စာရင်းများအရ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နံှမှုများမှာ စက်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ လယ်ယာ ကဏ္ဍ၊ အိမ်ရာ အဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများ တွင် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း အနေဖြင့် ပြည်တွင်းလုပ်သား ၈၉၀၀၀ ကျော်နှင့်  ပြည်ပလုပ်သား ၁၉၀၀ ကျော် တို့ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးနိုင်ခဲ့ကြောင်း DICA စာရင်းများ အရ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် လုပ်ငန်းပေါင်း ၁၅၂ ခုမှ တိုးမြှင့် ရင်းနှီးမြှုပ်နှံမှုများ အပါ အဝင် ကန်ဒေါ်လာ ၄၂၅ သန်း အပါအဝင် ကျပ် ၁၃၇၃  ဒသမ ၆ ဘီလီယံ ဝင်ရောက်ထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများတွင် တရုတ်နိုင်ငံက ထိုးဖောက် ဝင်ရောက်နေပြီး နောက်ပိုင်း တွင် တရုတ်-မြန်မာ စက်မှုဇုန်များ ထူထောင်ပြီး တရုတ် ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်ရန် အတွက် လည်း စိတ်ဝင်စားသဖြင့် စက်မှုဇုန် ထူထောင်ရန် ကမ်းလှမ်းထားကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ် အကိုင်သစ်များ ဖန်တီးပေး နိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန် တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက် အခြေအနေ၊ ပြည်တွင်း စားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင် ဆန်းသစ်မှု၊ နည်းပညာ လွဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ထိန်းသိမ်း ကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှု ရှိသော ရင်းနှီးမြုပ်နှံမှု ဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့် အချက်များကို အခြေခံပြီး ခွင့်ပြုပေးခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ၆ လတာ မီနီဘက်ဂျက်ကာလ အတွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂ ဘီလီယံ ခန့် ဝင်ရောက်ထားသည်။

You may also like these stories:

မြန်မာနိုင်ငံတွင် တာဝန်သိ ရင်းနှီးမြှုပ်နှံရန် ဂျပန်နှင့် အမေရိကန် ကတိပြု

ရန်ကုန် ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်ဦးဆောင်

မြန်မာတွင် တရုတ် ရင်းနှီးမြှုပ်နှံမှု ၂ ဆ တက်လာ

လျှပ်စစ်ကဏ္ဍတွင် အမေရိကန် နှင့် ဂျပန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

Loading