အပ်ထည်အော်ဒါ မရှိဆိုကာ ရုတ်တရက်ပိတ်လိုက်သည့် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှ တရုတ် နိုင်ငံသားပိုင် ဟွမ်မြောင် အထည်ချုပ် (HONG MIAO Garment) စက်ရုံရှေ့တွင် အလုပ်သမားများ နစ်နာ ကြေးရရန် ၃ ရက် ဆက်တိုက် စက်ရှေ့ ညအိပ် စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသား Mr.Wang Yi Feng ပိုင်ဆိုင်သော ဟွမ်မြောင် အထည်ချုပ်စက်ရုံသည် အထည်အော်ဒါ မရှိသဖြင့် စက်ရုံပိတ်မည်ဟု စက်တင်ဘာ၂၆ ရက်က ကြေညာစာကပ်ထားပြီးနောက် စက်တင်ဘာ၂၉ ရက်၊ ညနေ ၄ နာရီ ကျော်တွင် စက်ရုံပိတ်လိုက်ပြီ ဖြစ်ကြောင်း၊ စက်တင်ဘာ ၃၀ ရက်မှစ၍ အလုပ်ဆင်းရန် မလိုတော့ကြောင်းနှင့် စက်တင်ဘာလအတွက် လုပ်အားခကို လက်ရှိအချိန်ထိ မရရှိသေးဘဲ အောက်တိုဘာ ၅ ရက်တွင် ထုတ်ပေးမည်ဟု စက်ရုံဘက်က ပြောဆိုခဲ့ကြောင်း အလုပ်သမားများက ဆိုသည်။
ဟွမ်မြောင် အထည်ချုပ်စက်ရုံမှ အလုပ်သမားတဦးက “အလုပ်ရှင် အလုပ်သမား စည်းကမ်းနဲ့ ဘာမှမညီဘူး။ ကျနော် တို့က ပြောတဲ့အချိန်က အရမ်းကပ်လွန်းတယ်၊ ဒီတော့ တနင်္လာနေ့ (အောက်တိုဘာ ၁ ရက်) မှာ ပြန်ခဲ့ပါမယ်။ ဘာလို့ ပိတ်တာလဲဆိုတာ တိတိကျကျ သိချင်တယ်လို့ ပြောလိုက်ပါတယ်။ ပြန်လာတော့ နို့တစ်ကာလမို့ အလုပ်သမားတွေ က မလုပ်ချင်လို့ ပိတ်တာဆိုပြီး ပြောတယ်။ အဲဒီနေ့မှာ ကျနော်တို့ အချက် ၄ ချက် တောင်းဆိုတော့ ညနေ ၃ နာရီမှာ ပြောမယ်ဆိုပြီး မပြောလို့ ညအိပ် စောင့်ရတာ” ဟု ဧရာဝတီသို့ ပြောသည်။
အလုပ်သမားများဘက်က တောင်းဆိုသည့် ၄ ချက်မှာ ၆ လ မပြည့်သည့် အလုပ်သမားများမှာ စက်ရုံအတွင်း လူပေါင်း ၂၀၀ ကျော် ရှိသည့်အတွက် ၎င်းတို့အတွက် ၁ လစာပေးခြင်း၊ ကိုယ်ဝန်သည်များအတွက် သူဌေးဘက်မှ မည်သို့ ပေး မည်ဆိုသည့်အချက်၊ နေ့စား၊ ပုတ်ပြတ်သမားများအတွက် နို့တစ်ကာလအတွက် လစာရှင်းပေးပါက ၁ လစာအပြည့် ရှင်းပေးရန်၊ အလုပ်သမားများ လာသည့်နေ့တွင် တခါထဲ လစာအပါ ရှင်းပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စက်ရုံသည် လုပ်သား အင်အား ၃၇၀ ကျော်ရှိပြီး သက်တမ်းမှာ ၁ နှစ် ၆ လရှိပြီဖြစ်ကာ၊ ပြီးခဲ့သည့် စက်တင် ဘာလအတွင်းကပင် လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခြင်းကြောင့် အလုပ်သမားများမှ သမဂ္ဂဖွဲ့စည်း၍ ဦးစီးရုံးသို့ လျှောက်ထားသည်ကို အလုပ်ရှင်ကသိပြီး အလုပ်သမားသမဂ္ဂများ အပါအဝင် ၄၈ ဦးကို အော်ဒါမရှိဆိုသည့် အကြောင်းပြချက်ဖြင့် အလုပ်ထုတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာ၂၀ ရက်တွင် အလုပ်ရှင်နှင့် အလုပ်သမား တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် အလုပ် ထုတ်ခံရသည့် အလုပ်သမားများကို လုပ်ငန်းခွင် ပြန်ဝင်ရောက်ခွင့်ပေးခဲ့သော်လည်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင် များကို ပြန်လည် ခန့်အပ်ခြင်း မရှိဘဲ စက်ရုံကို အော်ဒါမရှိဟုဆိုကာ ယခုလို ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
ယင်းစက်ရုံ ဝန်ထမ်းတဦးက “အော်ဒါက ရှိတယ်။ ဘာလို့ဆို အထည်က ချုပ်နေရတုန်းပဲလေ။ တိုင်လို့ ဖြုတ်တဲ့ စက် လိုင်းတခုထဲ အော်ဒါမရှိဘူးဆိုပြီး ဖြုတ်တာ။ အခုက တရုံလုံး ပိတ်လိုက်တာ။ အခုထိ သက်ဆိုင်ရာကရော ကျနော်တို့ ဆီ ဘယ်သူမှ မလာသေးလို့ ညအိပ်စောင့်နေရတာ။ အလုပ်ရှင်က မကြည့်သလို ဦးစီးမှူးတွေကလည်း လာမကြည့်ဘူး။ ကျနော်တို့ ဒီမှာ လူဦးရေ ၃၀၀ ကျော်တယ်။ ပင်ပန်းခံပြီး စောင့်နေတာ။ တလ တလ လူမှုဖူလုံရေး ကြေးကျတော့ အခွန်တွေ ၃၀၀၀ ကျပ်ကျော် ပေးရတယ်။ အလုပ်သမားတွေ အခု ပြဿာနာဖြစ်နေတော့ သူတို့ လာမကြည့်ဘူး” ဟု လက်ရှိ အခြေအနေကို ပြောပြသည်။
ယနေ့တွင် စက်ရုံဘက်မှ ထုတ်ပြန်ရာတွင် လုပ်သက် ၁ နှစ်အထက်ရှိ ကိုယ်ဝန်ဆောင် အလုပ်သမား ၆ ဦးအား လူမှု ထောက်ပံ့ကြေး ၁ သိန်းကျပ်စီ၊ လုပ်သက် ၁ နှစ်အောက် အလုပ်သမား ၅ ဦးအား ၅ သောင်းကျပ်စီ၊ လုပ်သက် ၁ လ အထက်မှ ၃ လအထိ အလုပ်သမားများအား လူမှုထောက်ပံ့ကြေး တဦးလျှင် ၁ သောင်းခွဲကျပ်၊ စက်ရုံအလုပ်သမား များကို အလုပ်ရပ်စဲမှု နစ်နာကြေးနှင့် သက်ဆိုင်ရာ ရပိုင်ခွင့်များကို နို့တစ်ကာလ ပြည့်သော အောက်တိုဘာလ ၂၆ ရက်မှသာ ပေးချေမည်ဖြစ်သောကြောင့် နို့တစ်ကြေးတလစာအပြည့် တောင်းဆိုမှုအား မပေးနိုင်ကြောင်း အောက်တို ဘာ ၃ ရက်နေ့ ရက်စွဲနှင့် အလုပ်သမားများ၏ တောင်းဆိုချက်များအနက် ပေးမည့်အချက်ကို အလုပ်ရှင်လက်မှတ်ထိုး ထုတ်ပြန်ထားသည်။
ယင်းနှင့် ပတ်သက်ပြီးအလုပ်သမားများက လက်မခံသလို တောင်းဆိုသည့်အချက်များကို ရရှိရန် ဆက်လက်ညှိနှိုင်းမှု များ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် (STUM)မှ တာဝန်ရှိသူက “ကျမတို့ကတော့ သမဂ္ဂကို ဖြိုခွဲတယ်လို့ပဲ မြင် တယ်။ စက်ရုံပိတ်မယ်ဆိုရင် ကြိုသိတာလေ၊ ဘယ်စက်ရုံမဆို၊ ကိုယ့်မှာ အော်ဒါမရဘူးဆို ကြိုပြောမှာပဲ၊ အရှေ့ပိုင်းမှာ အလုပ်သမားတွေက စက်ရုံရဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်တန်းပြီးတဲ့နောက်မှာ သမဂ္ဂဖွဲ့တာ ပေါ့။ အဲဒီအခါကျတော့ ဒီသမဂ္ဂတွေနဲ့ ရှေ့ဆက် စက်ရုံနဲ့ အဆင်မပြေတော့ဘူး။ စက်ရုံဘက်က ချိုးဖောက်ချင်တိုင်း ချိုးဖောက်လို့ မရတော့ဘူး ဆိုတော့ စက်ရုံပိတ်သိမ်းတာပေါ့။ သိပ်မကြာခင် ပြန်ဖွင့်လိမ့်မယ်။ သူတို့လိုမျိုး လူ ၁၀၀၊ ၂၀၀ မပြောနဲ့ လူထောင်ကျော်တဲ့ရုံတွေတောင် ပြန်ဖွင့်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
စက်ရုံပိတ်မည်ဟု ပြောသည့် စက်တင်ဘာ၂၆ ရက်အထိ အလုပ်သမားများ အလုပ်လုပ်နေရမည် ဖြစ်သော်လည်း ယခုအချိန်တွင် စက်ရုံမှ စက်တင်ဘာ၂၉ ရက်တွင် “မနက်ဖြန် မလာနဲ့တော့” ဟု ပြောဆိုခဲ့ခြင်းဖြစ်သောကြောင့် နို့တစ်စာမှာလည်း အကျုံးမဝင်သည့် သဘော သက်ရောက်သွားကြောင်း၊ ထို့ကြောင့် ၅ ရက်နေ့မှ လစာပေးမည် ဆိုပါက နို့တစ်ကြေး လစာပါ တပါတည်း အပြီးပေးရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အခုကတော့ ဘယ်ညွှန်ချုပ်၊ ဦးစီးတွေက ခွင့်ပြုလို့လုပ်လဲ မသိဘူး။ ကျမတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလာတယ်။ အခုလို ငွေတပြားတချပ်မှ မရှိ ချေးငွေတွေနဲ့လာ အလုပ်သမား အခွင့်အရေးချိုးဖောက်တဲ့သူတွေ ရင်းနှီး မမြှုပ်နှံတာ အကောင်းဆုံးပဲ။ အခုကျတော့ အဲဒီလိုလူတွေက ဦးစီးတွေကို ငွေပေး ရှိသမျှအပြစ်တွေ ကာထားတာ။ ဒါမျိုးက မဖြစ် သင့်တော့ဘူး။ ဝိုင်းဝန်း ဖော်ထုတ်ရမှာ။ အလုပ်သမားတွေဆို ၃ ရက်ရှိပြီ ညအိပ်စောင့်တာ၊ လုပ်ငန်းရှင် မလာလို့၊ HR နဲ့ပဲထားတာ၊ ဒါကို လုပ်ငန်းရှင်လာရမယ်၊ ဖြေရှင်းရမယ်လို့ ဘယ်ဦးစီးမှမပြောရဲဘူး။ ဘာလို့လဲဆိုသူတို့ ပါးစပ်တွေကို ငွေနဲ့ ပိတ်ထားတာ” ဟု ၎င်းက ပြောသည်။
စက်ရုံဘက်မှ အောက်တိုဘာ ၃ ရက် မနက် ၁၀ နာရီတွင် စက်ရုံတွင်းရှိ ပစ္စည်းများကို သယ်ယူရန်အတွက် လုပ် ဆောင်လာသောကြောင့်လည်း အလုပ်သမားများဘက်မှ လက်မခံကြောင်း တားမြစ်ပြောဆိုခဲ့ပြီး လက်ရှိအချိန်ထိ အလုပ်သမားများမှာ နစ်နာကြေးရရှိရန်အတွက် စက်ရုံရှေ့ စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။
You may also like these stories:
အလုပ်သမားရေးဆောင်ရွက်သူများကို စစ်ကောင်စီ ပိုမိုနှိပ်ကွပ်လာ
လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား














