အမေရိကန်နိုင်ငံမှာ ယူကေကနေ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 အမျိုးအစားသစ် ကူးစက်မှု ပထမဆုံးတွေ့ရှိကြောင်း ပြောကြားလိုက်ပါတယ်။ ကူးစက်ခံထားရတဲ့ အမျိုးသားဟာ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့ အရှေ့တောင်ဘက်ပိုင်းမှာ နေထိုင်သူဖြစ်ပြီး ခရီးသွားရာဇဝင် မရှိဘူးလို့ ဆိုပါတယ်။
ကိုလိုရာဒိုပြည်နယ် ဓာတ်ခွဲခန်းကလည်း အသက် ၂၀ ကျော်အရွယ် အမျိုးသားမှာ COVID-19 အမျိုးအစားသစ် ကူးစက်ခံထားရကြောင်း အတည်ပြုပေးခဲ့ပြီး ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာ (CDC) ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ယူကေနိုင်ငံရှိ သိပ္ပံပညာရှင်တွေက ကူးစက်မှုတွေ တရှိန်ထိုး မြင့်တက်လာတဲ့ COVID-19 အမျိုးအစားသစ်ဟာ ယခင် ဗိုင်းရပ်စ်အမျိုးအစားထက် ကူးစက်လွယ်တယ်လို့ လက်ခံထားပါတယ်။ အမေရိကန်မှာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံရေး စတင်နေပြီဖြစ်လို့ ကူးစက်မှုအသစ်တွေအပေါ်လည်း ထိရောက်မှု ရှိနိုင်တယ်လို့ ကော်လိုရာ ဒိုပြည်နယ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေကလည်း ကူးစက်နိုင်ချေ များတဲ့သူတွေနဲ့ ထိတွေ့မှု ရှိခဲ့သူတွေကို စုံစမ်းဖော် ထုတ်စစ်ဆေးနေပါတယ်။ “COVID-19 အမျိုးအစားသစ်နဲ့ ပတ်သက်ပြီး မသိသေးတဲ့အကြောင်းရာတွေ အများကြီးပါ။ ယူကေဘက်ကတော့ ကူးစက်နှုန်းမြန်တာကို သတိပေး ပြောဆိုထားတာရှိပါတယ်”
“ကော်လိုရာဒိုပြည် နယ်သားတွေ ကျန်းမာရေးနဲ့ စိတ်ချရဖို့က ကျနော်တို့ရဲ့ အဓိကဦးစားပေးပါ။ ကူးစက်မှုအခြေအနေကိုလည်း အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Jared Polis က ဆိုပါတယ်။
COVID-19 အမျိုးအစားသစ် ကူးစက်မှုတွေကြောင့် CDC ကနေ ခရစ္စမတ်၊ နှစ်သစ်ကူးကာလတွင်း လာမယ့် ယူကေခရီးသွားတွေကို ရောဂါကင်းစင်ကြောင်း ထောက်ခံချက်ပြနိုင်ရမယ်ဆိုတဲ့ စည်းကမ်းချက်အသစ် ထုတ်ပြန်ခဲ့ပါတယ်။
ယူကေ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း လတ်တလော ကူးစက်နေတဲ့ COVID-19 အမျိုးအစားသစ်ဟာ ယခင် ခန့်မှန်းထားတာထက် ကူးစက်မြန်တာကြောင့် အင်္ဂလန်မှာ နေ့စဉ်ကူးစက်နှုန်း တရှိန်ထိုးမြင့်တက်လာတယ်လို့ ဆိုပါတယ်။ ကမ္ဘာတဝှမ်းက နိုင်ငံတွေကလည်း ကူးစက်မှုအသစ်ကြောင့် ယူကေလေကြောင်းခရီးစဉ် ကန့်သတ် ပိတ်ပင်ထားတဲ့ကာလ ထပ်မံတိုးမြင့်လိုက်ပြန်ပါတယ်။
ပညာရှင်တွေကတော့ COVID-19 အမျိုးအစားသစ်ဟာ ကူးစက်မြန်တာကြောင့် စိုးရိမ်စရာ ဆိုပေမယ့် အရေးပေါ် အခြေအနေထိ မရောက်သေးဘူးလို့ ဆိုပါတယ်။ ယူကေမှာ COVID-19 ကာကွယ်ဆေးအတွက် AstraZeneca-Oxford ဆေးကို ထပ်မံ အတည်ပြုပေးခဲ့သလို၊ အမေရိကန်နိုင်ငံမှာလည်း ကာကွယ်ဆေး ထိုးနှံရေးတွေကို အရှိန်မြင့် လုပ်ဆောင်နေပါတယ်။
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁ နှစ်ပြည့်မြောက်ချိန်မှာတော့ ကူးစက်မှုပေါင်း ၈၂ သန်းကျော်လွန် လာခဲ့ပါပြီ။ သေဆုံးသူကတော့ ၁ ဒသမ ၇ သန်းကျော် ရှိပါတယ်။ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ သန်း ၂၀ နီးပါး၊ သေဆုံးသူ ၃၅၀,၀၀၀ နီးပါးနဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုနဲ့ သေဆုံးနှုန်း အများဆုံးဖြစ်နေသလို၊ ကူးစက်မှုပေါင်း ၁ သန်း ကျော်လွန်တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံထိ ရှိလာပြီ ဖြစ်ပါတယ်။
Ref: Aljazeera
You may also like these stories:
နှစ်သစ်ကူးကာလ အိမ်မှာပဲ နေကြဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း
ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့် အနာဂတ်အတွက် မရေရာမှုက ပိုတိုးလာ
COVID-19 အမျိုးအစားသစ် ယူကေ အပါအဝင် ၁၆ နိုင်ငံမှာ ကူးစက်ပျံ့နှံ့