စင်ကာပူမှာ အလုပ်လုပ်နေတဲ့ တောင်ကိုရီးယားနိုင်ငံသားနဲ့ ဖိလင်ပိုင်နိုင်ငံသားတွေထံမှာ ကူးစက်မြန် B117 ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယူကေမှာ ကူးစက်နေ တဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ပထမဆုံးအကြိမ် ပြည်တွင်းရှိ လူထုထဲမှာ ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရတာပါ။
ယူကေက ပြန်လာသူတွေထဲက အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးမှာ ကူးစက်မြန် B117 ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ထားကြောင်း ဒီဇင်ဘာ ၂၃ ရက် က ကြေညာခဲ့ပါတယ်။ အခုတော့ ပြည်တွင်းမှာပါ B117 ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှု တွေ့ရှိလာရပါပြီ။
အသက် ၂၄ နှစ်အရွယ် ကိုရီးယားနိုင်ငံသားဟာ ချန်ဂီလေဆိပ်ရှိ Crowne Plaza က စားသောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေသူဖြစ်ပြီး ဆေးစစ်ချက်အရ ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ် B117 ပိုး တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ နောက်တဦးကတော့ Work permit ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတဦးဖြစ်ကာ လုပ်ငန်းခွင် မဝင်ခင် ဆေးစစ်ချက်အရ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန (MOH) ရဲ့ ထုတ်ပြန်ချက်မှာ လေဆိပ်စားသောက်ဆိုင် Azur မှာ လုပ်နေတဲ့ ကိုရီးယားနိုင်ငံသားဟာ ဟိုတယ်တည်းခို ဧည့်သည်တွေနဲ့ လေကြောင်းလိုင်း ဝန်ထမ်းတွေကို အစားအသောက် ပို့ဆောင်ပေးနေသူပါ။ ဇန်နဝါရီ ၂ ရက်က ဆေးစစ်ချိန်မှာ B117 ကူးစက်ထားကြောင်း တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်မှာ နောက်တကြိမ် ထပ်မံ ဆေးစစ်သွားဖို့ ရှိပါတယ်။
အဆိုပါ ကိုရီးယားနိုင်ငံသားဟာ ဆေးစစ်တဲ့နေ့မှာပဲ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ပြသလာတယ်လို့ ဆိုပါတယ်။ အသက် ၃၁ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသားကတော့ မိခင်နိုင်ငံကနေ ဒီဇင်ဘာ ၄ ရက်နေ့က ပြန်ရောက်လာသူ ဖြစ်ပြီး Stay home notice (SHN) အရ ဒီဇင်ဘာ ၁၈ ရက်ထိ နေထိုင်ခဲ့သူပါ။ ဖိလစ်ပိုင်နိုင်ငံကနေ ယူဆောင်လာတဲ့ ဆေးစစ်ချက်မှာရော SHN ကာလ ဆေးစစ်ချက်မှာပါ Negative ပြထားတာပါ။
စင်ကာပူ အထွေထွေဆေးရုံကြီးမှာ အလုပ်လုပ်နေသူဖြစ်ပြီး ပြန်ရောက်လာကတည်းက လုပ်ငန်းခွင်ပြန်မဝင်ခင်မှာ COVID-19 ရှိ၊ မရှိ ဆေးစစ်အပြီးမှာ ကူးစက်မြန် B117 ပိုး ကူးစက်ထားကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Plaza Singapura, Marina Bay Sands က The Shoppes နဲ့ Tiong Bahru ကိတ်မုန့်ဆိုင်တွေကို ကူးစက်ခံ လူနာတွေ ကူးစက်ခံနေရစဉ်ကာလအတွင်းက သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ကာလအတွင်း ဖော်ပြပါနေရာတွေကို သွားရောက်ခဲ့သူတွေအနေနဲ့လည်း ၁၄ ရက် သီးခြားစောင့်ကြည့်ကြဖို့နဲ့ ရောဂါလက္ခဏာ (အထူးသဖြင့် အနံ့ပျောက်၊ အရသာပျောက်) တာတွေရှိရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသဖို့ တိုက်တွန်းထားပါတယ်။
MOH ရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၂၉ ဦး ထပ်မံ တိုးလာပြီး စုစုပေါင်း ၅၈,၇၈၀ ဦး ရှိသွားပြီလို့ ဖော်ပြထားပါတယ်။ ယူကေ၊ အိန္ဒိယ၊ အင်ဒိုနီးရှားက ပြန်လာပြီး Stay home နေထိုင်နေတဲ့ နေထိုင်ခွင့်ရသူတွေ၊ Work permit ကိုင်ဆောင်ထားသူတွေမှာလည်း COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိထားပါတယ်။
Ref: The Straits Times
You may also like these stories:
တရုတ်မှာ ပြည်တွင်းကူးစက်မှုတွေကြောင့် Shijiazhuang မြို့ကို Lockdown ချ
ကိုရိုနာဗိုင်းရပ်စ် မူလအစ စုံစမ်းမည့် WHO အဖွဲ့ တရုတ် ပေးမဝင်
ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး ထိုးပြီးတဲ့နိုင်ငံ ဖြစ်လာတဲ့ Palau