ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း၊ မင်းသားကြီး အာနိုးရှာဝါဇနက်ဂါက ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန် ကွန်ဂရက် လွှတ်တော်တွင်း စီးနင်းခဲ့တဲ့ လူအုပ်ကြီးဟာ နာဇီတွေနဲ့ ဆင်တူတယ်လို့ နှိုင်းယှဉ် ပြောကြားလိုက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း သမိုင်းမှာ အဆိုးရွားဆုံး သမ္မတအနေနဲ့ သမိုင်းတွင် ကျန်ရစ်မယ့် ခေါင်းဆောင်ဖြစ်တယ်လို့ ခေါ်ဆိုလိုက်ပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့တုန်းက ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ရီပါဘလစ်ကန်ပါတီဝင် မင်းသားကြီးက “ဗုဒ္ဓဟူးနေ့ညဟာ အမေရိကန်နိုင်ငံမှာ ဖန်သားတွေ ကွဲကြေတဲ့ ညပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
၁၉၃၈ ခုနှစ်မှာ ဂျာမနီနဲ့ သြစတြီးယားမှာရှိတဲ့ နာဇီတွေဟာ “ဖန်သားများကွဲကြေသော ည” သို့မဟုတ် Kristallnacht လို လူသိများကြတဲ့ တိုက်ခိုက်မှုအတွင်း ဂျူးလူမျိုးတွေရဲ့ အိမ်၊ ကျောင်းနဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။
သူက “အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ ပြတင်းပေါက်တွေမှာ မှန်တွေ ကွဲခဲ့ရပါပြီ။ ဒါပေမဲ့ လူအုပ်ကြီးက ကွန်ဂရက် လွှတ်တော်ရဲ့ ပြတင်းပေါက်တွေကိုတင် ပိတ်ကွဲကြေစေခဲ့တာ မဟုတ်ပါဘူး။ သူတို့ဟာ ကျနော်တို့အတွက် အာမခံထားတဲ့ အိုင်ဒီယာတွေကိုပါ ကွဲကြေစေခဲ့တာပါ။ သူတို့ဟာ ကျနော်တို့ နိုင်ငံကို ထူထောင်ခဲ့တဲ့ အလွန်အခြေခံကျတဲ့ အရာတွေကို နင်းချေပစ်လိုက်တာပါ” လို့ ပြောဆိုခဲ့ပါတယ်။
သြစတြီးယားနိုင်ငံမှာ မွေးဖွားခဲ့သူ မင်းသားကြီး အာနိုးဟာ လက်ယာယိမ်း အမေရိကန် အစွန်းရောက်အဖွဲ့ဖြစ်တဲ့ Proud Boys ကိုလည်း နာဇီတွေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ဖူးပါတယ်။ Proud Boys အဖွဲ့ခေါင်းဆောင်အချို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဆူပူမှုတွေမတိုင်ခင်နဲ့ အပြီးမှာ အဖမ်းခံခဲ့ရပါတယ်။
အဲ့ဒီဗီဒီယိုထဲမှာ မင်းသားကြီး အာနိုးက “သမ္မတထရန့်ဟာ ရွေးကောက်ပွဲနဲ့ မျှတတဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်။ သူဟာ မုသားတွေနဲ့ လူတွေကို တလွဲဦးဆောင်ပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။
မင်းသားကြီးက တနိုင်ငံလုံး သွေးစည်းညီညွတ်ကြဖို့ တောင်းဆိုခဲ့ပြီး ထရမ့်ကို သစ္စာခံသော လူအုပ်ကြီးကြောင့် Electoral မဲရေတွက်မှု ခေတ္တရပ်ဆိုင်းခဲ့ရပြီးနောက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဂျိုးဘိုင်ဒန်အတွက် ထောက်ခံကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ စီးနင်းဝင်ရောက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တဦးအပါအဝင် လူ 5 ဦးသေဆုံးခဲ့ရပါတယ်။ ဆူပူသူတော်တော်များများကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Ref:CNA
You may also like these stories:
Mr. Bean ကာတွန်းရုပ်ရှင်အသစ်မှာ ပါဝင်လာမယ့် မင်းသား Rowan Atkinson
အကောင်းဆုံး ဇာတ်ပို့ မင်းသမီး ဆန်ခါတင် စာရင်းဝင်ဖို့ တစ်ပြေးနေတဲ့ Youn Yuh-jung
ရုပ်ရှင်အသစ်အတွက် အနှုတ် ၃၃ ဒီဂရီအောက်မှာ အလုပ်လုပ်ခဲ့ရတဲ့ အမီတာဘဂျမ်း