စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာဖြင့် မတ် ၂၄ ရက်နေ့မှာ နေအိမ်များ အတွင်း၌သာ နေထိုင်ကာ အသံတိတ်သပိတ် (Silent Strike) ကို ပြုလုပ်နေကြပါတယ်။ ပြည်သူများနဲ့အတူ အနုပညာရှင်များလည်း အသံတိတ်သပိတ်မှာ ပါဝင်နေကြပြီး၊ လူမှုကွန်ရက်မှာ အချင်းချင်း နှိုးဆော်မှုများ၊ အသိပေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
အသံတိတ်သပိတ် (Silent Strike) ဟာ အပြင်မထွက်ဘဲ အန္တရာယ်ကင်းစွာ လုပ်နိုင်လို့ လူတိုင်း ပါဝင်နိုင်တဲ့ သပိတ်လို့ မင်းမော်ကွန်းက ရေးသားထားပါတယ်။

“မတ်လ ၂၄ ရက်နေ့ Silent Strike သပိတ် လုပ်သင့်တယ်လို့ အကြံပေးပါရစေ။ အပြင်မထွက်ဘဲ အန္တရာယ်ကင်းစွာ လုပ်နိုင်လို့ လူတိုင်းပါဝင်နိုင်တဲ့ သပိတ် ဖြစ်ပါတယ်။ လူတိုင်းပါဝင်သင့်တဲ့ သပိတ် ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနည်းသစ်တခုအဖြစ် စောင့်ကြည့်နေကြတဲ့သူ သန်းပေါင်းများစွာ ရှိနေကြတယ်လို့ လေးစားစွာ အသိပေးချင်ပါတယ်”
“မြန်မာတွေရဲ့ညီညွတ်မှုကို ကမ္ဘာက ထပ်ပြီးအလေးပြုရမယ့် သမိုင်းဝင် နေ့တနေ့အဖြစ် ကျနော်တို့ တနိုင်ငံလုံး ငြိမ်သက်တိတ်ဆိတ်စွာ လုံးဝ (လုံးဝ) အပြင်မထွက်ဘဲ ဆိုင်တွေမဖွင့်ဘဲ နေကြရအောင်။ တနိုင်ငံလုံးရဲ့ ရင်ထဲက တိတ်ဆိတ်စွာ ပေါက်ကွဲ ညည်းညူသံတွေ၊ တိတ်ဆိတ်စွာ ငိုကြွေးသံတွေ၊ တိတ်ဆိတ်စွာ ဆဲရေးသံတွေ၊ တိတ်ဆိတ်စွာနဲ့ ခြောက်ကပ်ငြိမ်သက်စွာ တကမ္ဘာလုံး ကြားနိုင်အောင်အားလုံး တိတ်ဆိတ်ပြီး တရက်လောက် ငြိမ်သက်စွာ ဆန္ဒဖော်ထုတ်ကြရအောင်”လို့ မင်းမော်ကွန်းက ပြောထားပါတယ်။
သရုပ်ဆောင် မေတိုးခိုင်ကလည်း သွေးစွန်းနေတဲ့ လက်တွေနဲ့ တိုင်းပြည်အုပ်ချုပ်ဖို့ မစဉ်းစားနဲ့လို့ ရေးသားထားပါတယ်။

“ကျမတို့ လွတ်လပ်ခွင့်တွေ လုယူတယ်။ အင်တာနက်တွေ ပိတ်တယ်။ လူသားချင်း မစာနာစွာ ရိုက်နှက်တယ်။ ဖမ်းဆီးတယ်။ ကိုယ့်လူမျိုး အချင်းချင်း ပြန်သတ်တယ်။ ပြီးတော့ ဒီမိုကရေစီနဲ့ တိုင်းပြည်အုပ်ချုပ်မယ်တဲ့လား”

“ဘယ်တော့မှ နေသားမကျသွားဘူး။ သူတို့ လက်နက်အားကိုး အနိုင်ကျင့်နေသ၍ ဘယ်တော့မှ သွေးမအေးဘူး။ သွေးစွန်းနေတဲ့ လက်တွေနဲ့ အမှောင်ချဖို့ မကြိုးစားနဲ့။ သွေးစွန်းနေတဲ့ လက်တွေနဲ့ တိုင်းပြည်အုပ်ချုပ်ဖို့ မစဉ်းစားနဲ့”လို့ မေတိုးခိုင်က ပြောထားပါတယ်။
အလားတူ သရုပ်ဆောင် မင်းတော်ဝင်ကလည်း ခွန်အားအသစ်နဲ့ တော်လှန်ရေးအတွက် တိုက်ပွဲဝင်ကြမယ်လို့ ရေးသားထားပါတယ်။

“မတ်လ ၂၄ ရက် တရက် ငြိမ်သက်စွာ ဆန္ဒပြမယ်။ ၂၅ ရက်နေ့မှာ ခွန်အားအသစ်နဲ့ ကျနော်တို့တွေ ပြန်ပြီး တော်လှန်ရေးအတွက် တိုက်ပွဲဝင်ကြမယ်။ မနက်ဖြန်အတွက် ကျနော်တို့ ညီကြရအောင်ပါ။ ပြီးရင် မနက်ဖြန်တွေအတွက် ထပ်ပြီး ညီကြမယ်လေ”လို့ မင်းတော်ဝင်က ပြောထားပါတယ်။
အသံတိတ် သပိတ်ပြုလုပ်မယ့်နေ့ မတိုင်မီ မတ် ၂၃ ရက် ည ၉ နာရီဝန်းကျင်က ရန်ကုန်မြို့ရှိ မြို့နယ်အချို့မှာ အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ကားဖြင့် လှည့်လည်ကာ ပြည်သူများအား မတ် ၂၄ ရက်တွင် ဈေးသွားလာခြင်းများ၊ အပြင်ထွက်သွားလာခြင်းများကို စိတ်အေး ချမ်းသာစွာဖြင့် ပုံမှန်ပြုလုပ်သွားကြရန် နှိုးဆော်ကြောင်း အသံချဲ့စက်များဖြင့် လိုက်လံ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တာ ရက်ပေါင်း ၅၀ ကျော်ရှိပြီဖြစ်ပြီး၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထုက စစ်အာဏာရှင် ဆန့်ကျင်ရေးကို အရှိန်အဟုန်ဖြင့် ဆန္ဒပြလျက် ရှိပါတယ်။
You may also like these stories:
တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ အလှူငွေများ သွားရောက် လှူဒါန်းခဲ့တဲ့ အဆိုတော် ရှိုင်း
“ကိုဗစ် ကာကွယ်ဆေး ထိုးကြသူတွေကို မြင်တာ ခံပြင်းမိတယ်”လို့ မေဦး ဆို
“မိုဘိုင်းဒေတာ မရတာ နေရာတော်တော်များများ အမှောင်ချလိုက်သလိုပဲ”