Entertainment

ခံဝန်ထိုးဖို့ ကြိုးစားမိခဲ့ကြောင်း မိတ်ကပ် မေဦးမောင် ဝန်ခံ

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ကာလအတွင်း ဖမ်းဆီးခံခဲ့ရသူ ၂၀၀၀ ကျော်အား ဇွန်လ ၃၀ ရက်နေ့က လွှတ်ပေးခဲ့ရာ၊ ပုဒ်မ ၅၀၅-က ဖြင့် အမှုရုပ်သိမ်းခြင်း ခံထားရတဲ့ မိတ်ကပ် မေဦးမောင် (တော်ဝင်သူ) ပြန်လည် လွတ်မြောက်လာပါတယ်။

မိတ်ကပ် မေဦးမောင်ဟာ ခံဝန်ထိုးဖို့ ကြိုးစားမိခဲ့ကြောင်း ရိုးသားစွာ ဝန်ခံထားပါတယ်။

“ကျမ အခုလို သားသမီးတွေနဲ့အတူ အလုပ်နဲ့ ခရီးတိုလေးတွေ သွားခွင့်မရတော့မှာ အချိန်တခုမှာ စိုးရိမ်ပူပန်ခဲ့ရတယ်။ ကျမ ရိုးသားစွာ ဝန်ခံရရင် ခံဝန်ထိုးဖို့ ကျမဘက်က ကြိုးစားမိတယ်။ ဘာလို့လဲဆိုတော့ အနုပညာရှင်ချင်း တူပေမယ့် အသက်မွေးဝမ်းကြောင်း ပုံစံချင်း မတူဘူး”

“ကျမတို့ မိတ်ကပ်သမားတွေဟာ အသေးစားလုပ်ငန်းရှင်တွေ ဖြစ်တယ်။ ကျမကို မှီခိုနေရတဲ့ အမြဲတမ်း ဝန်ထမ်း၂၀ ကျော်နဲ့ အချိန်ပိုင်းဝန်ထမ်း ၁၀ အထက်မှာ ရှိတယ်။ ဒီတော့ ကျမဟာ တယောက်တည်းအတွက် စဉ်းစားလို့ မရဘဲ အများအတွက် အမြဲစဉ်းစားရတယ်”လို့ မေဦးမောင်က ဆိုပါတယ်။

မိတ်ကပ် မေဦးမောင် (ဓာတ်ပုံ – May Oo Maung’s Facebook)

မိဘတွေကလည်း အရွယ်တခုမှာ ရှိနေပြီ ဖြစ်တာကြောင့် တဦးတည်းသော သားဖြစ်တဲ့ သူ့အပေါ်မှာ တာဝန်အားလုံး ရှိနေတယ်လို့ ဆိုပါတယ်။

“ပြီးတော့ အရွယ်တခုမှာ ရှိနေပြီ ဖြစ်တဲ့မိဘ၊ တဦးတည်းသော သားဖြစ်တော့ တာဝန်တွေ အားလုံးဟာ ကျမအပေါ်မှာ အားလုံး ရှိနေတယ်။ ကျမ အသက်အရွယ်ကလည်း ၄၀ ကျော်ဆိုတော့ ဘဝအသစ်တွေ စလို့ ကောင်းတဲ့အရွယ် မဟုတ်ပြန်ဘူး”

“လူတိုင်းဟာ ဘဝတွေ၊ ဖြစ်တည်မှုတွေ မတူတော့ အတွေးတွေ၊ လုပ်နည်းကိုင်နည်းတွေ မတူလို့ ကျမဟာ ဘယ်တော့မှ အမြင်မတူရင် အတွေးမတူရင် ဘယ်သူ့ကိုမှ မဝေဖန်ဘဲ စောင့်ကြည့်လေ့လာ အမြဲ အကဲခတ်လေ့ ရှိတယ်”မေဦးမောင်က ဆိုပါတယ်။

မေဦးမောင်ဟာ ဧပြီလအတွင်းက စစ်ကောင်စီမှ ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်ကို မိတ်ကပ် ညီညီမောင် (စမ်းချောင်း)၊ အဆိုတော် ယုန်လေးတို့နဲ့အတူ သွားရောက် ရေကစားခဲ့တာကြောင့် ဝေဖန်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

မိတ်ကပ် မေဦးမောင် (ဓာတ်ပုံ – May Oo Maung’s Facebook)

“နောက်ပိုင်းအားလုံး တည်ငြိမ်တဲ့အခါ ကျမ ဖြစ်ခဲ့တဲ့ ၅၀၅ (က) ထုတ်ပြန်ပြီး နောက်ပိုင်း လူတွေရဲ့ဆက်ဆံမှု၊ ဓာတ်ပုံကို ရအောင်ရိုက်ပြီး ရည်ရွယ်ချက်ရှိရှိ ပြန့်အောင် လုပ်ခဲ့တဲ့ ကျမတို့ လောကက လူတဦးနဲ့ အမျိုးသမီးတယောက်ရဲ့လုပ်ရပ်၊ ဖြစ်ပျက်လာတဲ့ ပြဿနာအပေါ် ကျမရဲ့စိတ်ခံစားမှုကို တည်ငြိမ်အောင်ထားပြီး သွေးအေးအေးနဲ့ ဆုံးဖြတ်အဖမ်းခံခဲ့ပုံ”

“ထောင်တွင်း အတွေ့အကြုံတွေကို အလျဉ်းသင့်သလို ရေးသားမယ်လို့ စိတ်ကူးထားတယ်။ တချိန်ပေါ့။ အခုအချိန်ကတော့ အထိအခိုက်မခံတဲ့ အချိန်မို့ ဆင်ခြင်သင့်တယ်ထင်လို့ ခဏလောက်တော့ စောင့်ဦးမယ်။ ကျမအပေါ် နားလည်နိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်”လို့ မေဦးမောင်က ပြောထားပါတယ်။

မိတ်ကပ် မေဦးမောင်ဟာ ပုဒ်မ ၅၀၅-က ဖြင့် အင်းစိန်ထောင်မှာ ဧပြီလအတွင်းက ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပြီး၊ ဇွန်လအတွင်း စစ်ကောင်စီမှ အနုပညာရှင် ၂၄ ဦးအား အမှု ရုပ်သိမ်းခဲ့တဲ့ စာရင်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ မေဦးမောင် ပြန်လည် လွတ်မြောက်လာတဲ့အပေါ် LGBT နဲ့ Makeup Artist အသိုင်းအဝိုင်းမှ ဝမ်းသာစကားများ ဆိုထားကြပါတယ်။

You may also like these stories:

မေဦးမောင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေ အထင်လွဲနေမှုကို ရှင်းပြခဲ့တဲ့ မေဦး

သင်္ကြန်ပွဲ သွားခဲ့တဲ့အပေါ် ညီညီမောင် (စမ်းချောင်း) ပြန်ဖြေရှင်း

“အာဏာသိမ်းမှုအပေါ် အမှောင်ခေတ်ကို ပြန်မသွားလိုဘူး”လို့ မိတ်ကပ် မေဦးမောင် ဆို

Loading