လေ့လာမှုစစ်တမ်းတွေအရ ကမ္ဘာမှာ အသုံးအများဆုံး ဟင်းခတ် အမွှေးအကြိုင်တွေထဲမှာ ကြက်သွန်ဖြူဟာ တခု အပါအဝင်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၇,၀၀၀ ကျော်လောက်ကတည်းက ကြက်သွန်ဖြူကို အရှေ့အလယ်ပိုင်း ဒေသတွေမှာ ဟင်းခတ် အမွှေးအကြိုင်အနေနဲ့ရော ဆေးဝါးအဖြစ်ပါ အသုံးပြုခဲ့ကြတာပါ။
ကြက်သွန်ဖြူ စားတဲ့အခါ ခံတွင်းထဲမှာ အနံ့စွဲ ကျန်ခဲ့တာကြောင့် လူတော်တော်များများဟာ ကြက်သွန်ဖြူကို မနှစ်သက်ကြပါဘူး။ ကြက်သွန်ဖြူဟာ ခံတွင်းအနံ့ ဆိုးစေပေမယ့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိနေပါတယ်။
ဆေးပညာရှင်တွေရဲ့လေ့လာချက်တွေအရ ကြက်သွန်ဖြူကို အစိမ်းစားခြင်းဟာ ချက်ပြုတ်စားသောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုအကျိုးရှိစေတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ Sulphur ဓာတ်ပေါင်းဟာ အအေးမိတုပ်ကွေးဖျားနာအပါအဝင် ရာသီပေါ်တုပ်ကွေးတွေကို ဖြစ်ပေါ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို သေစေနိုင်ပြီး ပိုးသတ်ဆေးတွေလိုမျိုး ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။
ကြက်သွန်ဖြူမှာ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးနိုင်တဲ့ Antibiotic နဲ့ Antioxidant ဓာတ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် အအေးမိတုပ်ကွေး ဖျားနာခြင်းရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စတာတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတခုမှာ လူပေါင်း ၁၄၀ ယောက်ခန့်ကို အုပ်စုနှစ်စု ခွဲကာ အုပ်စု A ကို ကြက်သွန်ဖြူ နေ့စဉ် ကျွေးမွေးခဲ့ပြီး အုပ်စု B ကိုတော့ ကြက်သွန်ဖြူကို မကျွေးစေခဲ့ပါဘူး။ ဒီလေ့လာချက်အရ အုပ်စု A မှာပါဝင်သူတွေဟာ ရာသီပေါ်တုပ်ကွေး အပါအဝင် အအေးမိဖျားနာခြင်းတွေကို ၇၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ပြီး အုပ်စု B မှာ ပါဝင်သူတွေကတော့ ရာသီပေါ်တုပ်ကွေးကို မကာကွယ်နိုင်ခဲ့ပါဘူး။
ဒါ့အပြင် ကြက်သွန်ဖြူစားသံုံးခြင်းဟာ ရာသီပေါ်တုပ်ကွေးနဲ့ ဖျားနာခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် တုပ်ကွေးဖျားနာနေသူကို ကြက်သွန်ဖြူ စားသုံးစေခြင်းဟာ အဖျားအမြန် သက်သာစေနိုင်ကြောင်းကိုပါ လေ့လာတွေ့ရှိခဲ့ပါသေးတယ်။ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Sulphur ဓာတ်ဟာ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ ရင်သားကင်ဆာတို့ကိုပါ ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။
Ref. www.healthline.com
You may also like these stories:
အအေးမိဖျားနာခြင်းတွေကို သက်သာစေနိုင်မယ့် သဘာဝလက်ဖက်ရည် ၄ မျိုး
မိုးရာသီမှာ များများစားပေးသင့်တဲ့ အစားအစာများ
ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ အစားအစာများ
ဆံကေသာ ကျန်းမာရေးအတွက် ကြက်သွန်ဖြူရဲ့ အသုံးဝင်ပုံများ