ရာသီဥတုပူလို့ ဟင်းတွေကို အချိန်ကြာကြီးမချက်ချင်တဲ့ အိမ်ရှင်မတွေအတွက် အချိန်ခဏလေးနဲ့ ပြင်ဆင်ချက် ပြုတ်နိုင်တဲ့ ပုစွန်အစပ်ကြော်နည်းလေး ဝေမျှပေးချင်ပါတယ်။ ဒီဟင်းလျာကတော့ ဘယ်သူမဆို ချက်လေ့ရှိ တယ်ဆိုပေမယ့် အခုပြောပြမယ့်နည်းက ချက်နေကျပုံစံကနေ အနည်းငယ်ကွဲထွက်ပြီး အနံ့မွှေးမွှေးလေးနဲ့ ပုစွန်ထုပ်အရသာဆိမ့်ဆိမ့်လေး ခံစားရမှာပါ။
အစပ်ကြိုက်သူတွေခံတွင်းမြိန်စေမယ့် ပုစွန်အစပ်ကြော်ဖို့ —
ပုစွန်ထုပ်
သံလွင်ဆီ
ကြက်သွန်ဖြူ
ငရုတ်သီးခြောက်
ဆား
ငရုတ်ကောင်း တို့ပဲ လိုပါတယ်။
အရင်ဆုံး ဝယ်လာတဲ့ ပုစွန်ကို သေချာသန့်စင်ပြီး အမြီးနဲ့ခေါင်းချန်ကာ အခွံနွှာထားပါ။ အခွံနွှာတာမကြိုက်တဲ့သူ ဆိုရင်လည်း အခွံအတိုင်းကြော်စားလည်းရပါတယ်။ ပုစွန်တွေကို အရသာမှုန့် အနည်းငယ်နဲ့နယ်ထားပါ။
ဒီဟင်းလျာမှာ ကြက်သွန်ဖြူက အဓိကမို့ ကြက်သွန်ဖြူ ၁၀ မွှာ၊ ၁၅ မွှာလောက်ကို နုပ်နုပ်စဉ်းထားပါ။
ငရုတ်သီးခြောက်တွေကို ငရုတ်ဆုံထဲထည့်ပြီး ထောင်းပါ။
အဆင်သင့်ဖြစ်ပြီဆိုရင် စကြော်လို့ရပါပြီ။ ကြော်မယ့်ဒယ်အိုးထဲကို သံလွင်ဆီထည့်ပါ။ ဆီပူလာပြီဆိုရင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ။ အနံ့မွှေးလာပြီး ကြက်သွန်ဖြူတွေ ရွှေအိုရောင်သမ်းသွားပြီဆိုရင် အရသာနယ်ထားတဲ့ ပုစွန်ထုပ်ကို ထည့်ကြော်လိုက်ပါ။
ပုစွန်တွေ လိမ္မော်ရောင်ပြောင်းသွားလို့ အသားကျက်သွားပြီဆိုရင် ငရုတ်သီးအကြမ်းဖက်၊ ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်ထည့်လိုက်ပါ။ အရသာမြည်းကြည့်လို့ အနေတော်ပဲဆိုရင် အနံ့မွှေးမွှေးလေးနဲ့ ဆိမ့်ဆိမ့်လေးစား ကောင်းမယ့် ကြက်သွန်ဖြူပုစွန်အစပ်ကြော်တခွက်ရပါပြီ။
Ref: Yummy
You may also like these stories:
ဝိတ်ချသူတွေအတွက် ကြက်သားထောပတ်သီး ချဉ်စပ်ဟင်းရည်
ကြက်သား ငှက်ပျောအူ ကာလသားချက် (ထိုင်းစတိုင်)
အစပ်ကြိုက်သူတွေ တကြိမ်လောက် မြည်းစမ်းကြည့်သင့်တဲ့ အိန္ဒိယအစားအစာ ၅ မျိုး
ကမ္ဘောဒီးယားစတိုင် ငါးခူသီးရွက်စုံ ဆန်လှော်ဟင်း