ယနေ့သည် အမေရိကန်နိုင်ငံသူ ကမ္ဘာကျော် မျက်မမြင် စာရေးဆရာမကြီး ဟယ်လင်ကဲလား မြန်မာနိုင်ငံသို့ လာရောက် ခြင်း ၆၄နှစ်ပြည့်နေ့ဖြစ်သည်။
အသက် ၇၅နှစ် ရှိပြီဖြစ်သည့် စာရေးဆရာမကြီး ဟယ်လင်ကဲလားသည် မျက်မမြင်၊ နားမကြားသူများ ထောက်ပံ့ စောင့်ရှောက်ရေးအတွက် ကမ္ဘာအနှံ့ ခရီးလှည့်လှည်နေခြင်း ဖြစ်ပြီး၊ ၁၉၅၅ ခုနှစ် မေလ ၁၂ရက်နေ့ နေ့လည် ၁၂နာရီ မိနစ် ၄၀ခန့်တွင် သူ၏ အတွင်းရေးမှူးဖြစ်သူ ပိုလီ သွန်မဆင်နှင့် အတူ ဘန်ကောက်မြို့မှ တဆင့် မင်္ဂလာဒုံလေဆိပ် သို့ ဆိုက်ရောက်လာခြင်း ဖြစ်ပြီး နိုင်ငံခြားရေးရုံး၊ သံတမန်မိတ်ဆက်ဌာန ကြီးမှူးဦးတင်မောင်ကြီးက ကြိုဆိုခဲ့သည်။

မျက်မမြင် စာရေးဆရာမကြီး ဟယ်လင်ကဲလားသည် နိုင်ငံတော်သမ္မတဒေါက်တာဘဦးကို သမ္မတအိမ်တော်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး သမ္မတ၏ မျက်နှာကိုစမ်းသပ်ကာ သမ္မတကြီးသည် စဉ်းစားဉာဏ်ရင့်သန်သော ပုဂ္ဂိုလ်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုနှင့် တွေ့ဆုံရာ တွင်လည်း ဝန်ကြီးချုပ်အနေဖြင့် စာပေဗိမာန်မှနေ၍ စာပေအလင်းဆောင် သကဲ့သို့ မျက်မမြင်နားမကြားသူတို့ကိုလည်း ချီးမြှင့်အားပေးပါဟု တောင်းဆိုခဲ့သည်။

သူ၏ မြန်မာပြည်ခရီးစဉ်အတွင်း ရွှေတိဂုံဘုရားသို့ သွားရောက်လေ့လာခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းကတော် လူမှုဝန်ထမ်း ကောင်စီဥက္ကဌဒေါ်ခင်ကြည်ကိုလည်း သွားရောက်တွေ့ဆုံခြင်း၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ရှိ မျက်မမြင်ကျောင်း၊ လင့်ခ်လမ်း ရှိ နားမကြားကျောင်းသို့သွားရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။
ဟယ်လင်ကဲလားနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် သူမ၏ဘဝဇာတ်ကြောင်းကို စွယ်စုံကျမ်းတွင်ထည့်သွင်းဖော်ပြခြင်း၊ ကျောင်းသုံးအင်္ဂလိပ်စာအုပ်တွင် ထည့်သွင်းသင်ကြားစေခြင်းတို့ရှိခဲ့ပြီး Helen Keller International Europe က ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များတွင် ထူးချွန်စွာ အာရုံစူးစိုက်နှစ်မြှုပ်ဆောင်ရွက်သည်ကို အသိအမှတ်ပြုသည့် အနေဖြင့် Helen Keller International Humanitarian Award 2016 (ဟယ်လင်ကဲလား နိုင်ငံတကာလူသားအကျိုးပြုဆု) ကိုပေးအပ်ခဲ့ သည်။
You may also like these stories:
နိုင်ငံရေး လုပ်ကြံမှုကြီး ၃ မှု အကြောင်း
သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ
သရုပ်ဆောင်သစ် ဖြစ်တာကြောင့် “မီ” ရုပ်ရှင်မှာ သရုပ်ဆောင်ရတာ တာဝန်ကြီးပါတယ်
ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲကြောင့် ဗီယက်နမ် သြဇာတက်
တရုတ်သံအမတ် ဟုန်လျံကို မြစ်ဆုံနှင့် တွဲလျက် အမှတ်ရနေကြမည်












