အခုနောက်ပိုင်းမှာဆိုရင် ကလေးတွေဟာ လွတ်လွတ်လပ်လပ် ဆော့ကစားတာမျိုးထက် ဖုန်း၊ Tablet နဲ့ တီဗီ စတဲ့ နည်းပညာပစ္စည်းတွေပေါ်မှာ အချိန်ကုန်ဆုံးမှုဟာ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။
ဆေးပညာရှင်တွေရဲ့ လေ့လာချက်အရတော့ ကလေးတွေဟာ တနေ့ကို ၂ နာရီအောက်သာ ဖုန်း ၊ Tablet စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အသုံးပြုသင့်ပြီး ဖုန်း ၊ Tablet တွေမှာသာ အချိန်ကုန်ဆုံးမှုများခြင်းဟာ ကလေးအရွယ်မှာသာမက ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီးချိန်ထိ ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဖုန်းနဲ့ Tablet တို့ကနေ ထွက်ရှိတဲ့ အပြာရောင်အလင်းတွေဟာ အဓိကအားဖြင့် ကလေးတွေအတွက် အရေးကြီးတဲ့ အိပ်စက်ချိန်၊ အစားစားချိန်တို့ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ဆယ်ကျော်သက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ကျရောဂါဖြစ်နိုင်ခြေကိုပါ မြင့်တက်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
ငယ်ရွယ်စဉ်ကာလမှာ ဦးနှောက်က သာမန်ထက်ပိုပြီး ဖွံ့ဖြိုးနေတဲ့အချိန်ဖြစ်တဲ့အပြင် လေ့လာသင်ယူမှုတွေကို အဆက်မပြတ် ပြုလုပ်နေချိန်ဖြစ်တာကြောင့် ဖုန်း၊ Tablet စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကနေ ထွက်ရှိတဲ့ အပြာရောင်အလင်းတွေဟာ ဦးနှောက်ရဲ့ လေ့လာသင်ယူနိုင်မှုစွမ်းအင်တွေကို လျော့နည်းသွားစေတာ ဖြစ်ပါတယ်။
ဖုန်းအသုံးပြုမှုများတဲ့ ကလေးငယ်တွေဟာ အရွယ်ရောက်ချိန်မှာ မှတ်ဉာဏ်အားနည်းခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး တွေးခေါ်နိုင်မှု စွမ်းအားတွေမှာ လျော့နည်းလာတဲ့ ပြဿနာကို ကြုံတွေ့ရနိုင်တယ်လို့ အမေရိကန်နိုင်ငံက လေ့လာသူတွေက ဆိုပါတယ်။
အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့မှာတော့ အသက် ၂ နှစ်အောက် ကလေးတွေကို ဖုန်းပေးကြည့်ခြင်းကို တားမြစ်ထားပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပိုမိုဖွံ့ဖြိုးစေဖို့အတွက် ကစားကွင်းနဲ့ ပန်းခြံတွေမှာ ကိုယ်လက်လှုပ်ရှား ကစားခြင်းကို ပိုမိုပြုလုပ်ဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။
မျက်စိဆရာဝန်တွေရဲ့ လေ့လာမှုမှာဆိုရင်လည်း ကလေးငယ်တွေရဲ့ မျက်လုံးနဲ့ အာရုံကြောတို့ဟာ အင်မတန်နုနယ်သေးတာကြောင့် စမတ်ဖုန်းနဲ့ Tablet တို့ကနေ ထွက်တဲ့ အပြာရောင်အလင်းတွေဟာ ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်စေနိုင်တဲ့အပြင် ဉာဏ်ရည်နိမ့်ပါးခြင်းတို့ကိုပါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
Ref. www.marketwatch.com
You may also like these stories:
နေ့စဉ် Tablet နဲ့ စမတ်ဖုန်း သုံးတဲ့ ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာရောဂါ အဖြစ်များ
လက်ကိုင်ဖုန်းကနေ လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတ်ရောင်ခြည်ထုတ်လွှတ်မှု အတိုင်းအတာ
ဖုန်းနဲ့ ကွန်ပျူတာ နေ့စဉ်အသုံးပြုသူတွေ နေရောင်ကာခရင်မ် မဖြစ်မနေ လိမ်းသင့်
ဦးနှောက်ကို ထိခိုက်မှုမရှိစေဖို့ ဖုန်းပြောတဲ့အခါ ဘယ်ဘက်နားရွက်ကို အသုံးပြုသင့်လဲ