ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုဒင်းဓာတ်ဟာ ပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်လို့ ပြင်သစ်နိုင်ငံရဲ့စမ်းသပ်ချက်တွေအရ သိရပါတယ်။ ဒီတွေ့ရှိချက်အတွက် ပြင်သစ်ဟာ ပဲရစ်မြို့မှာရှိတဲ့ ဆေးရုံတခုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၄၃ ဦးကို စမ်းသပ်ခဲ့ပြီး ရောဂါပြင်းထန်ခြင်း မရှိသူ ၁၃၉ ကိုလည်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
စမ်းသပ်ချက်ကို ပြုလုပ်ချိန်မှာတော့ ဆေးလိပ်သောက်သူအနည်းငယ်သာ ကူးစက်ခံထားရတာဖြစ်ပါတယ်။ “စမ်းသပ်ထားတဲ့သူတွေရဲ့ ၅ရာခိုင်နှုန်းကပဲ ဆေးလိပ်သောက်လေ့ရှိတဲ့ သူတွေ ဖြစ်တယ်”လို့ စမ်းသပ်မှုတွေရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ Zahir Amoura က ပြောပါတယ်။
ဒီတွေ့ရှိချက်ဟာ ပြီးခဲ့တဲ့ လက နယူးအင်္ဂလန်ဂျာနယ်ရဲ့ တွေ့ရှိချက်နဲ့ အလားသဏ္ဍာန်တူနေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ရှိတဲ့ ရောဂါကူးစက်ခံရသူများကို စစ်ဆေးကြည့်တဲ့ အချိန်မှာလည်း ကူးစက်ခံရသူ ၁၀၀၀ မှာ ဆေးလိပ်သောက်သူဟာ ၁၂ ရာခိုင်နှုန်းခန့်ပဲ ရှိတာဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွင်းမှာ ရှိတဲ့ ဆေးလိပ်သောက်သုံးသူ ပမာဏနဲ့ ယှဉ်ရင် အတော်လေးကို နည်းနေတာ ဖြစ်ပါတယ်။
ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုဒင်းဟာ အဆုတ်အတွင်း ဗိုင်းရပ်စ် ဝင်ရောက်မှုကို ကာကွယ်ပေးထားတာဖြစ်နိုင်တယ်လို့ ကောက်ချက် ချထားကြပါတယ်။ ရောဂါ ကူးစက်ခံရသူများကို နီကိုဒင်းဓာတ်နဲ့ ကုသပေးဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဆိုးကျိုးများပြီး စွဲလမ်းလွယ်တဲ့ နီကိုဒင်းဟာ သူ့အလိုအလျောက် ဆိုးဝါးတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ပြင်သစ်တနိုင်ငံတည်းမှာပဲ ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူဟာ တနှစ်ကို ၇၅၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။
Ref. Bangkok Post