ကမ္ဘာတဝှမ်း COVID-19 ရောဂါ ကူးစက်မှုများ တွေ့ရှိလာပြီး နောက်ပိုင်း Mask တပ်ဆင်ခြင်းဟာ နေ့စဉ်ဘဝအတွက် မရှိမဖြစ် ပြုလုပ်ရတဲ့ အရာတမျိုး ဖြစ်လာခဲ့ပါတယ်။ နိုင်ငံအများစုအနေနဲ့ နေ့စဉ် အသုံးပြုရမယ့် Mask အရေအတွက်ကို ပိုမိုထုတ်လုပ်လာကြပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ တရက်ကို Mask စုစုပေါင်း ၄ ဒဿမ ၂ သန်းကျော် ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းကုန်သွယ်ရေးဒါရိုက်တာဖြစ်သူ Vichai Pochannakit ရဲ့ ပြောကြားချက်အရ ထိုင်းနိုင်ငံအတွက် လိုအပ်နေတဲ့ Mask အရေအတွက် နေ့စဉ် ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ကုန်ကြမ်း အရေအတွက်ကို တရုတ်နိုင်ငံကနေ ထပ်မံ တင်ပို့နေတယ်လို့ သိရပါတယ်။
ထိုင်းစက်ရုံ ၂၃ ရုံကနေလည်း နေ့စဉ် Mask တွေကို ထုတ်လုပ်နေတဲ့အတွက် ပြည်တွင်းအသုံးပြုဖို့ လုံလုံလောက်လောက် ရှိတယ်လို့ ကုန်သွယ်ရေးအရာရှိတဦးက ပြောကြားခဲ့ပါတယ်။ ကိုဗစ် အကျပ်အတည်း မတိုင်ခင်ကာလတုန်းကတော့ ထိုင်းနိုင်ငံရဲ့ စက်ရုံ ၁၁ ရုံကနေ နေ့စဉ် Mask ၁ ဒဿမ ၂ သန်း ထုတ်လုပ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း အရည်အချင်း ပြည့်မီတဲ့ စက်ရုံ ၁၆ ရုံကနေ Mask ၃ သန်းကျော်ကို အစိုးရရောင်းဝယ်ရေး အေဂျင်စီတွေကို ရောင်းချပေးပါတယ်။ ထုတ်လုပ်တဲ့ Mask အရေအတွက်တွေထဲက ၁ ဒဿမ ၈ သန်းကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသို့ ရောင်းချပေးနေပြီး ၁ ဒဿမ ၂ သန်းကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနကို ရောင်းချပေးနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ Mask တင်ပို့ခြင်းကို ကန့်သတ်ထားဆဲဖြစ်ပြီး ကန့်သတ်ချက်ကို လာမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တိုးချဲ့သွားဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ပြည်ပ Mask တင်ပို့ ရောင်းချမှုကို ၂၀၂၀ မတ်လ ၃ ရက်ကတည်းက တားမြစ်ခဲ့ပါတယ်။ အခုလို တားမြစ်ရတာကလည်း ပြည်တွင်းမှာ လုံလုံလောက်လောက် အသုံးပြုနိုင်ဖို့အတွက်ပါ။
COVID-19 ကပ်ရောဂါ ဖြစ်ပွားလာပြီနောက်ပိုင်း နိုင်ငံအများစုအနေနဲ့ Mask အရေအတွက် တိုးချဲ့ထုတ်လုပ်လာခဲ့ပါတယ်။ ဆော်ဒီအာရေဗျ စက်မှုဝန်ကြီးဖြစ်သူ Al-Khorayef ကလည်း ဆော်ဒီနိုင်ငံအနေနဲ့ နေ့စဉ် Mask အရေအတွက် ၂ ဒဿမ ၅ သန်းကျော် ထုတ်လုပ်နေပြီး ၁၀ သန်းအထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
Ref: Bangkokpost, Saudigazette, thethaiger
You may also like these stories:
COVID -19 စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန် လိုအပ်
ဧရာဝတီတိုင်းအတွင်း နှာခေါင်းစည်းမတပ်ဘဲ သွားလာပါက ဒဏ်ရိုက်တော့မည်