အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ချိန်ကစပြီး လက်ရှိအချိန်အထိ ကူးစက်သူအရေအတွက် ၃ သန်းကျော် ရှိသွားခဲ့ပါပြီ။ သေဆုံးသူ အရေအတွက်ကလည်း ၁၃၀,၀၀၀ ကျော်ရှိလာခဲ့ပါပြီ။
အဓိက ကူးစက်နေတဲ့ ပြည်နယ်တွေကတော့ ဖလော်ရီဒါ၊ တက္ကဆက်၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနားနဲ့ ဂျော်ဂျီယာပြည်နယ်တို့ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ရောဂါကူးစက်ခံရသူ အများစုဟာ ငယ်ရွယ်သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။
ရောဂါဖြစ်ပွားမှုနှုန်းနဲ့ ဆေးရုံတက် ကုသနေရသူ အရေအတွက် များပြားလာနေပေမယ့်လည်း အိမ်ဖြူတော်ကတော့ နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ တွန်းအားပေးလျက် ရှိနေပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်နိုင်ငံမှာ ကူးစက်သူ အရေအတွက် ၆၁,၈၄၈ ယောက် ရှိခဲ့ပြီး ကူးစက်မှုနှုန်း အမြင့်ဆုံး အခြေအနေကို ရောက်ခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်မှာ ကူးစက်သူအရေအတွက် ၁၀,၁၉၉ ယောက်အထိ ရှိခဲ့ပြီး ဖလော်ရီဒါပြည်နယ်မှာ ကူးစက်သူ ၉,၉၈၉ ယောက် ရှိခဲ့ပါတယ်။
ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူဖြစ်သလို ကိုဗစ်နဲ့ ပတ်သက်ပြီး သမ္မတနဲ့ အိမ်ဖြူတော်ရဲ့ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဒေါက်တာ အန်သိုနီက အမေရိကန်နိုင်ငံဟာ ကိုဗစ် ပထမလှိုင်းမှာတင် ဒူးထောက်နေရဆဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Johns Hopkins တက္ကသိုလ်ရဲ့ ပြောကြားချက်အရ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ကိုဗစ် ကူးစက်မှုနှုန်းအများဆုံးနိုင်ငံဖြစ်သလို သေဆုံးသူ အရေအတွက် အများဆုံးနိုင်ငံလည်း ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ကူးစက်မှုနှုန်း မြင့်မားနေပေမယ့်လည်း ဒေါ်နယ်ထရမ့် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကတော့ အမေရိကန်နိုင်ငံမှာ လူပေါင်း ၃၉ သန်းကျော်ကို ရောဂါစစ်ဆေးပေးနိုင်ခဲ့ပြီး ကူးစက်လူနာ ၁ ဒဿမ ၃ သန်းကျော် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်နဲ့ အခြားနိုင်ငံအများစုဟာ ကျောင်းတွေ ပြန်ဖွင့်နေပေမယ့် ပြဿနာ တစုံတရာ မရှိဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်း အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် နေ့စဉ်လူ ၃,၀၀၀ ကျော်သေဆုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ သေဆုံးသူ ၆၀၀ နီးပါး ရှိခဲ့ပါတယ်။
Ref: thethaiger, bignewsnetwork
You may also like these stories:
တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနှုန်း ထိုးကျနေ
ထိုင်းမှာ တရက်ကို Mask ၄ သန်းကျော် ထုတ်
အိန္ဒိယမှာ ၁ ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော် COVID-19 ကူးစက်