သတင်း

သေနတ်သမား ကြည်လင်းကို ခိုင်းစေသူ မြင့်ဆွေအား ရဲတပ်ဖွဲ့ ဆက်လက်ရှာဖွေ

Want create site? Find Free WordPress Themes and plugins.

ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရမှုမှ တရားခံ ကြည်လင်း၏ ထွက်ဆိုချက်တွင် ပါဝင်နေသည့် နောက်ကွယ်မှ ခိုင်းစေသူ မြင့်ဆွေ ဆိုသူကို ဖမ်းဆီးနိုင်ရေး ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၃၀ ရက် ညပိုင်းက လူမှုကွန်ရက် စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည့် သေနတ်သမား ကြည်လင်း (ခ) ကိုထူး ၏ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်တွင် “မြင့်ဆွေမှ ကုလားတဦးအား သတ်ပေးရန် ရှိကြောင်း၊ လုပ်ငန်းပြီးလျှင် ကား ၁ စီး ဝယ်ပေးမည် ဖြစ်ကြောင်း” ပြောဆိုကာ ခိုင်းစေခဲ့ကြောင်း ပါရှိသည်။

အဆိုပါ ရဲမှတ်တမ်း စစ်ချက်များအရ မြင့်ဆွေဆိုသူမှာ အသက် ၅၀ ကျော်ခန့်၊ အရပ် ၅ ပေ ၄ လက်မ ခန့်၊ မျက်နှာဝိုင်း၊ ကိုယ်လုံးအနေတော်၊ ဆံပင်ကောက်၊ နှာခေါင်းတို၊ စကားပြောအမူအရာ အေးဆေးသူဖြစ်ကြောင်း၊ ယခင်က ပန်းပုနှင့် ကြေးသွန်း အလုပ် လုပ်ကိုင်ကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့က စပို့ရှပ် အစိမ်းနုရောင် ( ငှက်ပျောညွန့်ရောင် )၊ ပုဆိုးအနီ ကွက်စိပ် ဝတ်ဆင်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက “ မြင့်ဆွေက တယောက်၊ အောင်ဝင်းဇော်က တယောက်၊ မတူဘူး။ အခုတော့ ရဲတပ်ဖွဲ့ ကလည်း ဆက်လက် လုပ်ဆောင်နေတယ်။ အသေးစိတ်ကတော့ ဟိုတခါလို သတင်းတွေပေါက်မသွားအောင် လူကြီးချင်း တိုက်ရိုက်ပဲ ပြောကြတော့တယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း ပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် သတင်းကွင်းဆက် ရရှိရေး ဆက်လက် စုံစမ်းလျက်ရှိကြောင်း၊ အောင်ဝင်းဇော် ကို ပြစ်မှု ဖြစ်ပွားပြီးနောက် ၁၂ နာရီအတွင်း သံလွင် တံတား ( ဘားအံ ) ၌ ဖမ်းဆီး ရမိခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်သူ ဆက်စပ်တရားခံများကို ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်း ဖော်ထုတ် ရရှိမှု အခြေအနေများပေါ် မူတည်၍ ပြည်သူသို့ အသိပေး တင်ပြပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက  ဖေဖော်ဝါရီ ၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

လတ်တလောတွင် အမှုနှင့် ပတ်သက်နိုင်သည့် လူ၊ နေအိမ်စသည့် အားလုံးကို ရဲတပ်ဖွဲ့က စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်း များလည်း ပြုလုပ်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading