သတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ မြန်မာနိုင်ငံ ပြန်ရေး အာဆီယံ ကူညီမည်

Want create site? Find Free WordPress Themes and plugins.

လူသားချင်းစာနာမှု အကူအညီပေးရေး၊ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ နေရပ်ပြန်ရာတွင် ကူညီရေးနှင့် ရခိုင်ပြည်နယ်တွင် ရေရှည် တည်တံ့ခိုင်မြဲသော တိုးတက်မှုကို အားပေးရေးတို့တွင် ပိုမိုမြင်သာမြင့်မားသော အခန်းမှ ပါဝင်ရန် ကတိကဝတ်ကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များ ထပ်မံ အတည်ပြုခဲ့သည်။

“ရခိုင်ပြည်နယ်မှ လူမှုအသိုင်းအဝန်းများ အားလုံး ဘေးကင်းလုံခြုံရေးအတွက် တတ်နိုင်သမျှ အထိရောက်ဆုံး လုပ်ဆောင်ရန်နှင့် နေရပ်စွန့်ခွာရသူများ ဘေးကင်းလုံခြုံစွာ ဆန္ဒအလျှောက် သိက္ခာရှိရှိ နေရပ်ပြန်ရေးအတွက် လုပ်ဆောင်မည့် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ASEAN ခေါင်းဆောင်များက ဆက်လက် ထောက်ခံကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်သည့် ASEAN ဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် တနင်္ဂနွေနေ့က ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ကိစ္စသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင် ၁၀ ဦးအကြား ဆွေးနွေးသည့် ပြဿနာများအနက် တခုဖြစ်သည်။

ပဋိပက္ခ၏ အကြောင်းရင်းများကို ကိုင်တွယ်ရန် ကျယ်ပြန့်ပြီးတည်တံ့ခိုင်မြဲသော အဖြေရှာရန်နှင့် ထိခိုက်သော လူမှုအသိုင်းအဝန်းများ အနေဖြင့် ၎င်းတို့၏ ဘဝများကို ပြန်လည် တည်ဆောက်နိုင်ရန် ဖြစ်နိုင်သော ပတ်ဝန်းကျင် ဖန်တီးရန် လိုအပ်ချက်ကို ခေါင်းဆောင်များက အလေးအနက် ဖော်ပြသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထိပ်သီး ဆွေးနွေးပွဲမတိုင်မီ ရက်သတ္တပတ်အတွင်း ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ဖြင့် ဘေးကင်းစွာ ပြန်နိုင်ရေးနှင့် ရခိုင်ပြည်နယ်တွင် ကျူးလွန်သော ရာဇဝတ်မှုများအတွက် စစ်ဖက်ကို အရေးယူရေး အပါအဝင် မြန်မာနိုင်ငံအပေါ် ပိုမိုပြင်းထန်စွာ ရပ်တည်ရန် လူ့အခွင့်အရေး အဖွဲ့များ၏ ဖိအားကို ခေါင်းဆောင်များ ရင်ဆိုင်ခဲ့ရသည်။

လူမျိုးစု သုတ်သင်မှု ဖတ်စာအုပ် ဥပမာဟု ကုလသမဂ္ဂက ခေါ်သော စစ်ဆင်ရေးများမှ လွတ်မြောက်ရန် ရိုဟင်ဂျာ ၇ သိန်းကျော်တို့သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ၂၀၁၇ ခုနှစ် သြဂုတ်လမှ စတင် ထွက်ပြေးခဲ့ ကြသည်။ မြန်မာ့တပ်မတော်က ထိုစွပ်စွဲချက်ကို ငြင်းပယ်ပြီး အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်က ရခိုင်ပြည်နယ်မှ လုံခြုံတပ်စခန်းများကို ချိန်ကိုက် တိုက်ခိုက်သောကြောင့် ဖြိုခွဲခြင်းသာ ဖြစ်ကြောင်းပြောသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း အကောင်အထည်ဖော်မှုများ အကြိမ်ကြိမ် မအောင်မမြင်ဖြစ်ကာ နှောင့်နှေးမှု အတွက် တဖက်နှင့်တဖက် အပြန်အလှန် အပြစ်တင်ကြသည်။ လူ့အခွင့်အရေးအဖွဲ့များက ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်သော ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ဆန့်ကျင်ခြင်းကို ကိုးကားပြီး နိုင်ငံသား ဖြစ်ခွင့်ကဲ့သို့သော ဥပဒေ အကာအကွယ်မရှိလျှင် မြန်မာနိုင်ငံတွင် ဆက်လက်နှိပ်စက် ခံရမည်ကို ထောက်ပြကြသည်။

လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံသည် ဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ပြီး ပြန်လည်ပေါင်းစည်းနိုင်ရေး အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) နှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာ (MOU) တစောင် လက်မှတ်ရေးထိုးခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ASEAN တွင် မူဝါဒရှိသော်လည်း ရခိုင် ပြဿနာသည် ၂၀၁၇ ခုနှစ်မှ စတင်ပြီး ထိပ်သီး အစည်းအဝေး အစီအစဉ်များတွင် ပါဝင်နေသည်။

ရခိုင်ပြဿနာတွင် မြန်မာအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်ရန် ASEAN အတွင်းရေးမှူးချုပ် ဦးဆောင်သည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းရေးဌာနမှ အကဲဖြတ် အဖွဲ့တဖွဲ့ကို ASEAN က စေလွတ်ခဲ့သည်။ ထိုအဖွဲ့သည် ASEAN က ပေးအပ်သည့် လုပ်ပိုင်ခွင့်အရ ပဏာမ လိုအပ်ချက် အကဲဖြတ်ရန် ရခိုင်ပြည်နယ်သို့ ယခုနှစ်မေလနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက သွားရောက်ခဲ့သည်။

ထိုအဖွဲ့သည် ASEAN ခေါင်းဆောင်များအတွက် အကြံပြုချက်များ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

ထိုလိုအပ်ချက် အကဲဖြတ်မှုပါ အကြံပြုချက်များကို ဆက်လက် လုပ်ဆောင်ရန် ASEAN ခေါင်းဆောင်များ သဘောတူပြီး မြန်မာအစိုးရအနေဖြင့် စွမ်းရည်မြှင့်တင်ခြင်း၊ သတင်းအချက်အလက် ဖြန့်ချိခြင်း၊ ရခိုင် ပြည်နယ်တွင် အခြေခံ လုပ်ငန်းများ ထောက်ပံ့ခြင်းတို့ကို အာရုံစိုက်ရန် မီးမောင်းထိုးပြပြီး ထိုလုပ်ငန်းများ အတွက် လုံလောက်သော ရင်းမြစ်များ လိုကြောင်း ASEAN ဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြသည်။

သို့သော် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထိုအစီရင်ခံစာသည် ရိုဟင်ဂျာများထံမှ အချက်အလက်မပါဘဲ ထိုသို့ နေရပ်စွန့်ခွာမှု ဖြစ်စေသည့် မြန်မာအစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို လျစ်လျူရှုထားသည်ဟု ဝေဖန်သည်။

ဥက္ကဋ္ဌ၏ ကြေညာချက်တွင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) နှင့် ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ လက်မှတ်ရေးထိုး ထားသော နားလည်မှုစာချွန်လွှာ (MOU) ကို အပြည့်အဝ အကောင်အထည်ဖော်ရေးကို ခေါင်းဆောင်များက တိုက်တွန်းပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာရသူများ နေရပ်ပြန်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ထိရောက်သော ဆွေးနွေးမှု ဆက်လက် ဆောင်ရွက်ရန် တိုက်တွန်းသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က ၂၀၁၇ ခုနှစ် သြဂုတ်လတွင် နေပြည်တော်သို့ တင်ပြခဲ့သည့် လက်ကျန် အကြံပြုချက်များ ဆက်လက် အကောင်အထည်ဖော်ရေး ကိုလည်း ခေါင်းဆောင်များက တိုက်တွန်းသည်။

မြန်မာနိုင်ငံက ထူထောင်ထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စွပ်စွဲထားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်ပြဿနာများကို လွတ်လပ် ဘက်မလိုက်ဘဲ၊ စုံစမ်းစစ်ဆေးကာ တာဝန်ရှိမှုကို ဖော်ထုတ်မည်ဟု ASEAN က မျှော်လင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင် အစီရင်ခံစာပါ စွပ်စွဲချက်များကို မြန်မာနိုင်ငံက ပယ်ချခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် အထက်ပါ ကော်မရှင်ကို မြန်မာနိုင်ငံက ဖွဲ့စည်းခဲ့သည်။

ဒုက္ခသည်များ မြန်မာနိုင်ငံသို့ပြန်ရေးအတွက် အချိန်ကာလ သတ်မှတ်ရန် ASEAN နိုင်ငံခြားရေး ဝန်ကြီးများ သဘောတူကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမတ်ဝီနိုင်က စနေနေ့တွင် မီဒီယာများကို ပြောသည်။

မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်မှ ဆန္ဒအလျောက် ပြန်လိုသော ဒုက္ခသည်များအား နိုင်ငံသားဖြစ်ခွင့် စိစစ်ရေးကတ် (NVC) များ ထုတ်ပေးရန် စဉ်းစားနေသည်ဟု သူက ပြောသည်။

ဥက္ကဋ္ဌ၏ ကြေညာချက်တွင် မြန်မာအစိုးရကို ရှုတ်ချခြင်းမရှိဘဲ၊ မြန်မာအစိုးရအကြိုက် “ရိုဟင်ဂျာ” အသုံးအနှုန်းကို ရှောင်ရှားကာ “နေရပ်စွန့်ခွာရသူများ” ဟုသာ ဖော်ပြထားသည်။

သို့သော် မလေးရှားနိုင်ငံသည် ထိပ်သီးဆွေးနွေးပွဲအတွင်း ဒုက္ခသည်မ ပြဿနာအတွက် ပြင်းထန်စွာ ရပ်တည်သည်။ မလေးရှားတွင် ခိုလှုံရန်ကြိုးစားသော ရိုဟင်ဂျာများကို ဆက်လက်ကူညီမည်ဟု ဘန်ကောက်တွင် သောကြာနေ့က ကျင်းပသော Bloomberg Asean Business Summit တွင် မလေးဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောသည်။ ရိုဟင်ဂျာများကို အကြမ်းဖက်သူများအား ဥပဒေအရအရေးယူရန် စနေနေ့က ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မလေးနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆောင်ပုဒ်အရ ခေါင်းဆောင်များသည် ဒေသတွင်း ပြဿနာအများအပြားကို ဆွေးနွေးခဲ့ပြီး ASEAN ဒေသအတွင်း ပင်လယ်ရေကြောင်း အပျက်အစီးများ တိုက်ဖျက်ရေး ကြေညာချက်ကို ရေးသားခဲ့သည်။ ခေါင်းဆောင်များသည် အင်ဒို ပိစိဖိတ် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ASEAN Indo-Pacific Outlook ကိုလည်း ချမှတ်ခဲ့သည်။ အင်ဒိုပိစိဖိတ် ဒေသဆိုသည်မှာ အမေရိကန်နှင့် ဂျပန်အကြား ပိစိဖိတ်ကမ်းခြေကို ရည်ညွှန်းသည်။

တရုတ်သြဇာ ကျယ်ပြန့်လာချိန်တွင် အမေရိကန်နှင့် ဂျပန်တို့သည် ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကြိုးစားနေသည်။

ASEAN တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်တို့ ပါဝင်သည်။

(Nan Lwin ၏ ASEAN to Support Myanmar in Rohingya Repatriation Process ကို ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

ရခိုင် အရေး တရားမျှတမှု ရှိဖို့ ဘင်္ဂလားဒေရှ့် စိတ်ဝင်စားရဲ့လား 

အိမ်ပြန်ချိန် မျှော်လင့်ချက် မဲ့နေဆဲ မြန်မာဒုက္ခသည်များ 

ဒုက္ခသည် နေရပ်ပြန်ရေး မြန်မာအစိုးရ ဆန္ဒမရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြောကြား 

ရခိုင်နှင့် ချင်းပြည်နယ် အင်တာနက် ဖြတ်တောက်ခံလိုက်သည့် အပေါ် သူတို့အမြင် 

Did you find apk for android? You can find new Free Android Games and apps.
Loading