အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာမှုတခုတွင် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် က မွတ်စလင်များ နေထိုင်သည့် အစိတ်အပိုင်းတခုကို ဘင်္ဂလားဒေ့ရှိသို့ လွှဲပြောင်းပေးရေး လွှတ်တော်အမတ် တဦး၏ ပြောဆိုမှုကို တရားဝင် ကန့်ကွက်ရန် မြန်မာ အစိုးရက စဉ်းစားနေသည်ဟု ဆိုသည်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ အာရှပစိဖိတ်ရေးရာ ကော်မတီခွဲ ဥက္ကဌ ဘရက်ရှာမင်က ရခိုင်ပြည်နယ် အစိတ်အပိုင်းတချို့ကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးသင့်သည်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရသည် မွတ်စလင် များကို လိုလားသည့်အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရဖြစ်ရန် ထိုက်တန်ကြောင်း ဇွန်လ ၁၃ ရက်နေ့ က ပြုလုပ်သည့် လွှတ်တော် ကြားနာပွဲတခုတွင် ပြောသည်။
အမေရိကန် ပြည်ထောင်စုတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဟူ၍ ၂ ပိုင်းရှိရာ ရခိုင်အရေးအပေါ် အမြင်ချင်း မတူညီကြ ကြောင်း၊ မြန်မာအစိုးရ အနေဖြင့် အမေရိကန် လွှတ်တော်ကို တိုက်ရိုက် ကန့်ကွက်၍ မရသဖြင့် အစိုးရကို ကန့်ကွက် ရန် စဉ်းစားနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ဧရာဝတီသို့ ပြောသည်။
“သူတို့ ဆီးနိတ်က လုပ်တဲ့ဟာကို အမေရိကန် အစိုးရကလည်း ကန့်ကွက်လို့ မရပါဘူး။ ကျနော်တို့က ကန့်ကွက်မယ် ဆိုရင်လည်း အမေရိကန် အစိုးရကိုပဲ ကန့်ကွက်လို့ ရမယ်။ အမေရိကန် လွှတ်တော်ကတော့ သူ့လုပ်ထုံးလုပ်နည်း အတိုင်းပဲ ဆက်လုပ်နေမှာပဲ။ ဒါကတော့ ကျနော်တို့ အခု စဉ်းစားနေပါပြီ။ ဘယ်လို တုံ့ပြန်မလဲဆိုတာကိုပါ”ဟု ဦးမြင့်သူ က ပြောသည်။
ဇူလိုင် ၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသမီးများနေ့ အခမ်းအနား နံနက်ပိုင်းတွင် ဧရာဝတီ ၏ မေးမြန်း ချက်ကို ဦးမြင့်သူက ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
ရခိုင် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အဖွဲ့က ၂၀၁၇ ခုနှစ်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းအား မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင် ရာ တွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံတကာ၏ ဖိအား ပေးမှုများကို မြန်မာ အစိုးရ ရင်ဆိုင်နေရသည်။
ယင်းကိစ္စကို အကြောင်းပြု၍ မြန်မာ အစိုးရသည် မွတ်စလင်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှ ဘရက်ရှာမင်က စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။
အမေရိကန်၏ ယခုလို ပြောဆိုမှုသည် တိုင်းပြည်၏ အချုပ်အခြာ အာဏာ ကျဆုံးရမည့်ကိစ္စမျိုး ဖြစ်နေ၍ လက်ခံနိုင် စရာ မရှိကြောင်း၊ ရခိုင်ဒေသကို မည်သို့မှ အပဲ့မခံနိုင်သဖြင့် အစိုးရအနေဖြင့် ယခုလို ပြောဆိုလာခြင်းကို လုံးဝ လက် မခံသင့်ဘဲ တရားဝင် ပြန်လည် ကန့်ကွက်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“နယ်မြေကို ပေးရမယ်။ ဒီမြေကို ဘင်္ဂလားဒေ့ရှ်က စီမံခန့်ခွဲရမယ် ဆိုတာကတော့ သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်တင်တင် ဝင်ရောက်စွက်ဖက်တဲ့ သဘောမျိုး ဖြစ်နေတယ်။ နိုင်ငံတခုရဲ့ မြေကို ဖဲ့ထုတ်ပြီးတော့ တဖက်ကို ပေးလိုက်ပါ။ အပ်လိုက်ပါ ဆိုတာကတော့ ပြောသင့်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဖြစ်နိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ဘူး” ဟု ၎င်းက ပြောဆိုသည်။
ရခိုင်အရေး နိုင်ငံတကာ ထင်မြင်ယူဆချက်များတွင် တချို့အရေးပါသည့် ကိစ္စရပ်များ၌ မြန်မာ လွှတ်တော်က အဆို တင်သွင်း ဆွေးနွေးခြင်းများ ပြုလုပ်သင့်ကြောင်း၊ ဆုံးဖြတ်ချက်တခုခု ချ၍ သဘောထား ရပ်တည်ချက်ကို ပြသသင့် သည်ဟု ထင်ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။
“အဲဒါမျိုးတွေကတော့ လုပ်လို့ရတယ်။ လုပ်လည်း လုပ်သင့်တယ်၊ တချို့ ကိစ္စတွေမှာလေ။ လုပ်တာလည်း လွှတ်တော် က အားနည်းတယ်။ အမှန်တော့ အဲဒါမျိုးတွေက လုပ်သင့်တယ်”ဟု ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် လည်း ဖြစ်သူ ဒေါ်ပြုံးကေသီနိုင်က ပြောဆိုသည်။
အမေရိကန် အောက်လွှတ်တော်က ပြီးခဲ့သည့် ရက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အဆိုပြုချက် တခုကို တင်သွင်းခဲ့သေးသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြောသည်။
အမေရိကန် အောက်လွှတ်တော် အမတ်များ ပါဝင်သော နိုင်ငံခြား ဆက်ဆံရေးကော်မတီက Burma United Through Rigorous Military Accountability (BURMA) Act ဥပဒေ မူကြမ်းတရပ် ရေးဆွဲပြီး မြန်မာ တပ်မတော်ကို အရေးယူရန် ပြီးခဲ့သည့် ဇွန်လက အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်း အတည်ပြုနိုင်ပါက မြန်မာ တပ်မတော်သို့ အမေရိကန် စစ်ဘက် အကူအညီများ တိုးချဲ့မှုကို ပြုပြင် ပြောင်းလဲသည် အထိ ရပ်ဆိုင်းထားရန်၊ မြန်မာ စစ်ဘက် ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ကန့်သတ်ခြင်း၊ ဘဏ္ဍာရေး ကန့်သတ်ခြင်းတို့ ပြုလုပ်ရန်နှင့် စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် တောင်းဆိုထားသည်။
မြန်မာ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ အမေရိကန် ပြည်ထောင်စု၏ တပ်မတော် အပေါ် အရေး ယူမှု ပြုလုပ်လာခြင်းသည် နှစ်စဉ် လုပ်ဆောင်နေကျ ဖြစ်ကြောင်း ဧရာဝတီသို့ ဇွန်လ ၂၆ ရက်နေ့က ပြောသည်။
တပ်မတော် အပေါ် အရေးယူရန် ကြိုးပမ်းမှုအပြင် ရခိုင်ပြည်နယ်တွင် မွတ်စလင်များအပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံ ထားရသော ရာဇဝတ်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ ခုံရုံး (ICC)၏ ကြိုး ပမ်းမှုများကလည်း ရှိနေသည်။
“ICC မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက တရားသူကြီး ၃ ယောက် ခန့်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြည်တွင်း လုပ်ထုံး လုပ် နည်း ဥပဒေနဲ့အညီ ကျနော်တို့ ရပ်တည် ဆောင်ရွက်သွားမှာပါ။ နဂိုကတည်းကလည်း ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်တဲ့အတွက် နဂို ရပ်တည်ချက် အတိုင်း ရပ်တည်သွားမှာပါ”ဟု နိုင်ငံခြားရေးဌာနမှ အရာရှိတဦး ဖြစ်သူ ဦးမင်းသူက ပြောသည်။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း တချို့သော ရာဇဝတ်မှုများမှာ နယ်စပ်ဖြတ်ကျော်သည့် သဘော သဘာဝရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင်ဖြစ်သောကြောင့် စီရင်ခွင့်ရှိသည်ဟု လွန်ခဲ့သော စက်တင်ဘာလ က ICC က ဆုံးဖြတ်ခဲ့သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း အကောင်အထည်ဖော်မှုများ အကြိမ်ကြိမ် မအောင်မမြင်ဖြစ်ကာ နှောင့်နှေးမှုအတွက် တဖက်နှင့်တဖက် အပြန်အလှန် အပြစ်တင်လျက် ရှိသည်။
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ပြီး ပြန်လည်ပေါင်းစည်းနိုင်ရေး အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ် ရေးထိုးနိုင်ခဲ့သည်။
“ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနဲ့ မနေ့ကပဲ တွေ့ ပါတယ်။ ကျနော်တို့ကို ကော့ဘဇားကို လာဖို့ ဖိတ်ထားတဲ့ ကိစ္စလေး ကို ကျနေ်ာတို့ ဆွေးနွေးကြပါတယ်။ ဒါဟာ ကျနော်တို့ အပြုသဘောပဲ ဆက်ပြီးတော့ ဆွေးနွေးသွားမှာပါ”ဟု နိုင်ငံခြား ရေး အရာရှိ ဦးမြင့်သူက ပြောဆိုသည်။
You may also like these stories:
မြန်မာကို အရေးယူမည့် ICC ၏ ခြေလှမ်းအသစ် နေပြည်တော် လက်မခံ
မြန်မာ့ တပ်မတော် အပေါ် အမေရိကန် အရေးယူရန် ကြိုးပမ်းမှုမှာ နှစ်စဉ် လုပ်နေကြဟုဆို
င်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ မြန်မာနိုင်ငံ ပြန်ရေး အာဆီယံ ကူညီမည်