မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် မတ်လ ၄ ရက်နေ့ ညက COVID-19 ရောဂါ သံသယ လက္ခဏာများဖြင့် ရောက်ရှိလာသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီးမှာ ယမန်နေ့ ညက သေဆုံးသွားပြီး မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါ်သန်းသန်းမြင့်က ဧရာဝတီသို့ အတည်ပြု ပြောသည်။
တိုင်းကျန်းမာရေး ဦးစီးမှူး ဒေါ်သန်းသန်းမြင့်က “မနေ့ညက ဆုံးသွားတာပါ။ မဟာအောင်မြေမြို့နယ်ကပါ။ မတ်လ ၄ ရက်နေ့မှာ သံသယလက္ခဏာတွေနဲ့ ကန်တော်နဒီကို ပို့လိုက်တယ်။ မတ်လ ၅ ရက်နေ့ မနက်မှာ ရန်ကုန်ကို ဓာတ်ခွဲ စစ်ဖို့ ပို့ထားတယ်။ လောလောဆယ်တော့ ဘာကြောင့်ဆိုတာ အတည်ပြုလို့ မရသေးဘူး။ ရန်ကုန်က ပို့တဲ့ အဖြေ ရမှ သိနိုင်မယ်။ သူက နဂိုရောဂါအခံတွေလည်း ရှိတယ်။ ဆီးချိုရောဂါလည်းရှိတယ်။ ဆေးရုံကိုရောက်လာကတည်းက သတိမရဘူး”ဟု ရှင်းပြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သော အသက် ၆၈ နှစ်ရှိ ဆီးချိုရောဂါ အခံရှိသူ အမျိုးသမီးသည် ဖေဖော်ဝါရီ ၂၇ ရက်က စတင်ကာ ချောင်းဆိုးခြင်း၊ အသက်ရှုကျပ်ခြင်း လက္ခဏာများ ခံစားခဲ့ရာက သတိကောင်းစွာ မရကြောင်း၊ မတ် လ ၄ ရက်တွင် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ လာရောက် ပြသရာ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောဂါ ကူးစက်ဖြစ်ပွားရာ ဒေသများသို့လည်း ခရီးသွား ရာဇဝင် မရှိကြောင်း သိရသည်။
သို့သော် ပြင်းထန် အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာများနှင့် COVID-19 ရောဂါသံသယလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ သီးခြားထားရှိ ကုသနေကြောင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန( ရန်ကုန်) သို့ ပေးပို့ စစ်ဆေးနေကြောင်း ထုတ်ပြန်ထားပြီး လတ်တလောအခြေအနေကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။
You may also like these stories:
COVID-19 ဖြစ်ပွားနိုင်ငံများမှ ပြန်လာသူများကို သတင်းပို့ရန် ပျက်ကွက်ပါက အရေးယူခံရနိုင်
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာ ပြသသူများအား စောင့်ကြည့်နေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာသို့ လာမည့် အပျော်စီးသင်္ဘော ခရီးစဉ် ၅ ခု ဖျက်သိမ်းဟုဆို